ဂျပန်နိုင်ငံအထူးကိုယ်စားလှယ် ဆာဆာကာဝါ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကျန်ရှိနေသည့် ကိုးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး အရေးကြီးကြောင်း ပြောကြား

ဂျပန်နိုင်ငံအထူးကိုယ်စားလှယ် ဆာဆာကာဝါ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ကျန်ရှိနေသည့် ကိုးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး အရေးကြီးကြောင်း ပြောကြား
နိုဝင်ဘာ ၂၈ ရက်က စစ်တွေဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်သံအမတ်ကြီး (ဝဲ) နှင့် ဂျပန်အစိုးရအထူးကိုယ်စားလှယ် ဆာဆာကာဝါ (ယာ) တို့အား တွေ့ရစဉ်
နိုဝင်ဘာ ၂၈ ရက်က စစ်တွေဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် ဂျပန်သံအမတ်ကြီး (ဝဲ) နှင့် ဂျပန်အစိုးရအထူးကိုယ်စားလှယ် ဆာဆာကာဝါ (ယာ) တို့အား တွေ့ရစဉ်
Published 28 November 2020
သန်းလှိုင်

တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲကျင်းပရန် ကျန်ရှိနေသည့် ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအရေးကြီးကြောင်း ဂျပန်နိုင်ငံအထူး ကိုယ်စားလှယ် မစ္စတာဆာဆာကာဝါက ပြောကြားသည်။

ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင်ြ့မတ်ရေးဆိုင်ရာ ကိုယ်စားလှယ်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်မြို့နယ်များအနက် မြို့နယ်အချို့သို့ နေ့ချင်းပြန် သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်မှ ပြန်လည်မထွက်ခွာမီ ခေတ္တတည်းခိုသည့် စစ်တွေဟိုတယ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ထိုသို့ပြောကြားခြင်းဖြစ်သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦးက ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော်အနက် လေးသိန်းကျော်သာ မဲပေးခွင့်ရပြီး ၁၂ သိန်းကျော်မဲပေးခွင့် မရသဖြင့် ရခိုင်ပြည်သူများအတွက် လူ့အခွင့်အရေးနှင့် တရားမျှတမှုရှိမရှိလိုကြောင်း မေးမြန်းခဲ့သည်။

“ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင် ရခိုင်ဒေသမှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ အကြောင်းအရင်းက တက်ရောက်လာတဲ့ ပုဂ္ဂိုလ်အားလုံးသိရှိမယ်လို့ ထင်ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ဖို့ဆို လို့ရှိရင်တော့ ကျန်ရှိနေသေးတဲ့ ကိုးမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့က အရေးကြီးတယ်လို့လည်း ထင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျန်တဲ့ကိုးမြို့နယ် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု မစ္စတာ ဆာဆာကာဝါ ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့်တစ်ခေါက်တွင် မြန်မာနိုင်ငံသို့ ဂျပန်အစိုးရ၏ ရွေးကောက်ပွဲ လေ့လောရေးအဖွဲ့ခေါင်းဆောင်အဖြစ် ရောက်ရှိချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံစဉ် ရွေးကောက်ပွဲ မလုပ်နိုင်သည့်ဒေသများတွင် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရေး ကြိုးစားပေးရန် တင်ပြခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း လုံခြုံရေးအခြေအနေ ကောင်းမွန်လာပြီဆိုရင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ဖို့ အခြေအနေကောင်းမွန်လာပြီဆိုရင်တော့ အတတ်နိုင်ဆုံးအမြန်ဆုံး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပသွားဖို့ရန်အတွက်ကို ကြိုးစားပါ့မယ်ဆိုပြီးတော့မှလည်းပဲ သူတို့အနေနဲ့ ကျွန်တော်ကို ဖြေကြားပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျွန်တော်ဒီနေ့ ဒီနေရာကိုလာရောက် လေ့လာရတာဖြစ်ပါတယ်” ဟု မစ္စတာဆာဆာကာဝါက ပြောကြားသည်။

မစ္စတာဆာဆာကာဝါ ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ဘူးသီးတောင်မြို့နယ်များသို့ သွားရောက်လေ့လာခဲ့ပြီး ရွေးကောက်ပွဲမကျင်းပနိုင်ခြင်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် နှစ်ဖက်အပစ်အခတ် ရပ်စဲရေးတို့အတွက် အဓိကထားလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

“ နှစ်ဦးနှစ်ဖက် အပစ်ခတ်ရပ်စဲမှသာ ရွေးကောက်ပွဲကျင်းနိုင်မှာဖြစ်တယ်။ အပစ်ခတ် မရပ်စဲဘူးဆိုရင်တော့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ နှစ်ဖက်လုံးကို မေတ္တာရပ်ခံခဲ့တယ်။ အဲဒါကြောင့်လည်း နှစ်ဖက်လုံးက Statement တွေ ထုတ်လာတာလို့ ထင်ပါတယ်။ တပ်မတော်နဲ့ AA အနေနဲ့ ကြားထဲမှာဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။ ရွေးကောက်ပွဲမကျင်းပနိုင်တာကတော့ တက်ရောက်လာသူတွေအားလုံး အသိပဲဖြစ်ပါလိမ့်မယ်” ဟု မစ္စတာဆာဆာကာဝါက ပြောကြားသည်။

ယင်းအပြင် လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေမှုအခြေအနေကို သတင်းထောက်များက မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ အပစ်အခတ်ရပ်စဲရေးရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်းယခုအချိန်အထိ အပစ်အခတ်ရပ်စဲမှုများ မပြုလုပ်နိုင်သေးသည့် မြောက်ပိုင်းမဟာမိတ် အပါအဝင် အခြားသောအဖွဲ့အစည်းများလည်း ကျန်ရှိနေသေးကြောင်း၊ ယင်းအတွက် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

ထို့ပြင် မစ္စတာဆာဆာကာဝါသည် ခေတ္တတည်းခိုသည့် စစ်တွေဟိုတယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်များနှင့် သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များကို ကူညီရန် ဒေါ်လာနှစ်သိန်းလှူဒါန်းမည်ဖြစ်ကြောင်း၊ ထောက်ပ့ံရေးပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်များဖြင့် သယ်ဆောင်လာပေးမည်ဖြစ်ကြောင်း မစ္စတာဆာဆာကာဝါက ပြောကြားသည်။

Most Read

Most Recent