ရန်ကုန်ဆိပ်ကမ်းတွင် ငါးနှစ်တာ ဆိုက်ကပ်ပြီး သီလဝါနှင့် သာကေတသို့ တစ်နှစ်လျှင် မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်ပေးမည့် တန်ချိန်တစ်သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘော သီလဝါဆိပ်ကမ်းသို့ရောက်ရှိ

ရန်ကုန်ဆိပ်ကမ်းတွင် ငါးနှစ်တာ ဆိုက်ကပ်ပြီး သီလဝါနှင့် သာကေတသို့ တစ်နှစ်လျှင် မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်ပေးမည့် တန်ချိန်တစ်သိန်းကျော်ရှိ သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘော သီလဝါဆိပ်ကမ်းသို့ရောက်ရှိ
Published 27 November 2020
ရွှန်းလဲ့ဝင်း

ရန်ကုန်ဆိပ်ကမ်းသို့ ပထမဆုံး တန်ချိန်တစ်သိန်းကျော်ရှိ သင်္ဘောဆိုက်ကပ်မှုအဖြစ် တစ်နှစ်လျှင် မဂ္ဂါဝပ် ၇၅၀ ထုတ်လုပ်ပေးနိုင်မည့် သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘော သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ  သတင်းရရှိသည်။

ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောကြီးများ ဆိုက်ကပ်ခဲ့သည့် သက်တမ်းတစ်လျှောက် ပထမဆုံးသော တန်ချိန် တစ်သန်းကျော်ရှိ CNTIC V-POWER ENERGY (MOTHER VESSEL) အမည်ရှိ ရေယာဉ်သည် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန် သီလဝါဆိပ်ကမ်းဒေသအကွက် အမှတ် ၁၄ Dolphin Jetty သို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

“ဒီသင်္ဘာကြီးက ဒီမှာငါးနှစ်တာ ဆိုက်ကပ်ပြီးမှ CNTIC V-POWER ENERGY ပရောဂျက်အတွက် သာကေတက ၄၀၀ မဂ္ဂါဝပ်နဲ့ သီလဝါက ၃၅၀ မဂ္ဂါဝပ်ပေါင်း ၇၅၀ မဂ္ဂါဝပ်အတွက် ရောက်လာတာဖြစ်ပါတယ်။ ဒီပရောဂျက်က ရန်ကုန်အတွက်ကတော့ ဒီဇင်ဘာလကစပြီး ပါဝင်တဲ့အတွက် ကျေးရွာကစပြီး ၁၀၀ ရာခိုင်နှုန်း မီးရရှိလာနိုင်မှာပါ။ ကျွန်တော်တို့ ရန်ကုန်မြစ်ရဲ့ သတ်မှတ်ချက်အရတော့ အလျားကို မီတာ ၂၀၀၊ GRT ကို တန်ချိန် ၃၀၀၀၀ သတ်မှတ်ထားပါတယ်။ အခုဒီသင်္ဘောကြီးကတော့ တစ်ခါမှ မဝင်ဘူးတဲ့ အလျားက ၂၇၂ မီတာ GRT က တစ်သိန်းတစ်သောင်းနီးပါးဆိုတော့ အရင်ကထက် ဆတိုး GRT ဆိုတော့  သုံးဆလောက် ပိုများပါတယ်။ ကျောက်ချတာတင်ပဲ မိနစ်လေးဆယ်လောက်ကြာပါတယ်။ ဒီသင်္ဘောက ပထမဆုံးအကြိမ် ဝင်လာတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ရေလမ်းကြောင်းနဲ့ ပတ်သက်ပြီး survey Engine တွေ လုပ်ရပါတယ်။ အစည်းအဝေးတွေ အကြိမ်ပေါင်းများစွာ လုပ်ရပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး၊ ဦးဝင်းမြင့်အောင်က ပြောကြားသည်။

သဘာဝဓာတ်ငွေ့ရည်အား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအား မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စီမံကိန်းအဖြစ် သီလဝါဒေသတွင် စတင်ဆောင်ရွက်ခဲ့သည်။ တစ်နှစ်လျှင် ၃၅၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် သီလဝါဒေသရှိ စီမံကိန်းနှင့်  မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်မည့် သာကေတစီမံကိန်းတို့ကို ၂၀၂၀ ပြည့်နှစ် နွေရာသီကာလအတွင်း လိုအပ်သော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်စေရေး နိုင်ငံတော်၏ အဓိက ဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းတစ်ခုဖြစ်အဖြစ် ဆောင်ရွက်ခဲ့သည်။

“ဒီစီမံကိန်းက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနဲ့ ကျွန်တော်တို့ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ တင်ဒါငါးခု ဝင်ရောက်ယှဉ်ပြိုင်ရာမှ ကျွန်တော်တို့ကစျေးအနည်းဆုံးနဲ့ တင်ဒါအောင်မြင်ခဲ့တယ်။ ကိုဗစ်ကာလမှ လမ်းညွှန်ချက်များနဲ့အညီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ သင်္ဘောကြီးကိုတော့ စင်ကာပူနိုင်ငံမှာ လွန်းတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။  ဒီသင်္ဘောကြီးဟာ ဘာအတွက်လည်းဆိုတော့ မြန်မာပြည်ရဲ့ ပထမဦးဆုံး LNG to Power ဖြစ်ပါတယ်၊ အဲ့ဒါမြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးဝေရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းကို အများကြီး အထောက်အကူပြုပြီးတော့ အများကြီး ENERGY Security ဖြစ်တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်” ဟု RGK + Z&A Group, Chairman နှင့် Group CEO ဖြစ်သူ ဦးဇေယျသူရမွန်က ပြောကြားသည်။

အဆိုပါ Mobile Filling Platform (MFP) ၏ LOA သည် ၁၀၀ မီတာအရှည်ရှိပြီး ၇ တန်ကျောက်လက်အား ၃ လက်မအထူ ကျောက်ကြိုးများ အသုံးပြုတပ်ဆင်ထားသည်။ MFP တွင် အလျား ၁၈၀ မီတာရှိသော CVG မှ FSU အဖြစ် ဆိုက်ကပ်ရပ်နား၍ အဆိုပါ FSU တွင် LNGC သင်္ဘောနှစ်စီးဆိုက်ကပ်ရပ်နား၍ LNG CARGOES များအား လက်ခံချယူခြင်းအား ဆောင်ရွက်ခဲ့သည်။

“ဒီသင်္ဘောကနေ LNG ကို Gas ပြောင်းပြီး ဓာတ်ငွေ့အင်ဂျင်လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်မှာဖြစ်ပါတယ်။ တစ်နှစ် သီလဝါအတွက် မဂ္ဂါဝပ် ၃၅၀၊ သာကေတရှိစီမံကိန်းတွေအတွက် မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်သွားမှာပါ။ ဒီသင်္ဘောကြီးကို ၄ ရက်တစ်ကြိမ်၊ ၅ ရက်တစ်ကြိမ် သူနဲ့အတူတွဲထားတဲ့ အခြား LNG သင်္ဘောကနေ လာရောက်ဖြည့်ပေးမှာပါ။ မြိတ်ကျွန်းစု သမီးလှကျွန်းနားမှာ ဆိုက်ကပ်ထားတဲ့ တန်ချိန်တစ်သိန်းခွဲလောက် တင်ထားတဲ့ အခြား LNG တင်သင်္ဘောကနေ တစ်ဆင့်လိုအပ်တဲ့ LNG ကို ဖြည့်တင်းမှာပါ” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်ဝင်းသန့်က ပြောကြားသည်။

 

Most Read

Most Recent