MNL ကလပ် ဟံသာဝတီအသင်း၏ လာမည့်ရာသီအတွက် အသုံးပြုမည့်ဘတ်ဂျက်ကို နှစ်မကုန်မီ အတည်ပြုမည် 

MNL ကလပ် ဟံသာဝတီအသင်း၏ လာမည့်ရာသီအတွက် အသုံးပြုမည့်ဘတ်ဂျက်ကို နှစ်မကုန်မီ အတည်ပြုမည် 
Photo: EMG
Photo: EMG
Published 15 November 2020

 

မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ် ဟံသာဝတီအသင်း၏ လာမည့်ရာသီအတွက် အသုံးပြုမည့်ဘတ်ဂျက်ကို ယခုနှစ်မကုန်မီ အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီအသင်းသည် စတင်တည်ထောင်စဉ်ကတည်းက တစ်နှစ်အတွက် ဘတ်ဂျက်ရေးဆွဲ၍ ငွေကြေးအသုံးပြုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရာသီတွင် ကိုရိုနာဗိုင်းရပ်စ်အခက်အခဲကြောင့် အသင်းအများစု ငွေကြေးသုံးစွဲ မှုလျှော့ချခဲ့ရသော်လည်း ပုံမှန်အတိုင်း လစာပေးချေနိုင်ခဲ့သည်။ 

"လာမယ့်ရာသီအတွက် အသင်းပိုင်ရှင်က ဘတ်ဂျက်ရေးဆွဲခိုင်းထားပြီးပါပြီ။ အသင်းပိုင်ရှင်နဲ့ တွေ့ဆုံပြီးရင် ဘတ်ဂျက်ဘယ်လောက်သုံးစွဲမလဲဆိုတာ အတည်ပြုနိုင်မှာပါ။ ဒီရက်ပိုင်းထဲမှာ အသင်းပိုင်ရှင်ဆီကို ဘတ်ဂျက်ရေးဆွဲပြီး တင်ပြသွားမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက တစ်နှစ်အတွက် ဘတ်ဂျက် ကျပ်သိန်းပေါင်း ၈၀၀၀ ဝန်းကျင် သုံးစွဲခဲ့ပေမဲ့ လာမယ့်ရာသီသုံးစွဲမယ့် ငွေကြေးကတော့ အသင်းပိုင်ရှင်အပေါ်မှာ မူတည်ပါတယ်။ နှစ်မကုန်ခင်မှာ လာမယ့်ရာသီ သုံးစွဲ မယ့်ဘတ်ဂျက်ကို အတည်ပြုမှာ ဖြစ်ပါတယ်" ဟု ဟံသာဝတီအသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် ပြီးခဲ့သည့် ရာသီတွင် အသင်းသမိုင်းတစ်လျှောက် ငွေကြေးအများဆုံးသုံးစွဲခဲ့ပြီး MNL အမှတ်ပေးပြိုင်ပွဲ၌ ဒုတိယဆုရရှိသည့်အတွက် ပြိုင်ပွဲကျင်းပရေးက ချီးမြှင့်သည့် ဆုကြေးအပြင် အသင်းပိုင်ရှင်က အပိုဆုကြေး ကျပ်သိန်း ၅၀၀ ချီးမြှင့်ခဲ့သည်။ ထို့ပြင် ပွဲနိုင်ကြေးများ လည်း ချီးမြှင့်ခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် ပြိုင်ပွဲ ကျင်းပရေးက ချီးမြှင့်သည့် ဆုကြေးအပါအဝင် ဆုကြေးစုစုပေါင်း ကျပ်သိန်း ၂၀၀၀ နီးပါး ပေးအပ်ခဲ့သည်။ ဟံသာဝတီအသင်း သည် အမြင့်ဆုံးရပ်တည်မှုအဖြစ် ဒုတိယနေရာ ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent