အာရှဘောလုံးအဖွဲ့ချုပ်(AFC) သည် ၂၀၂၂ ကမ္ဘာ့ဖလား နှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများ ကျင်းပမည့်ရက်ကို မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
AFC သည် ပြီးခဲ့သည့်ရက်ပိုင်းက အစည်းအဝေးပြုလုပ်ပြီးနောက် ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲများကို မတ်နှင့် ဇွန်လတွင် အပြီးကျင်းပရန် ဆုံးဖြတ်ခဲ့သော်လည်း ကစားမည့်ရက်များကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။ AFC သည် လက်ကျန်ပွဲများအနက် ပွဲစဉ် ၇ နှင့် ၈ ကို မတ်လ၊ ပွဲစဉ် ၉ နှင့် ၁၀ ကို ဇွန်လတွင် ကျင်းပရန် သတ်မှတ်ထားပြီး ရက်အတိအကျကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် လက်ကျန်သုံးပွဲ ကစားရန် ကျန်ရှိနေပြီး AFC ၏ ထုတ်ပြန်ချက်အရ ပွဲစဉ် ၇ ဖြစ်သည့် ဂျပန်အသင်းနှင့် အဝေးကွင်းပွဲ၊ ပွဲစဉ် ၈ ဖြစ်သည့် ကာဂျစ္စတန်အသင်း နှင့် အိမ်ကွင်းပွဲကို မတ်လတွင်လည်း ကောင်း၊ ပွဲစဉ် ၁၀ ဖြစ်သည့် တာဂျစ်ကစ္စတန်နှင့် အဝေးကွင်းပွဲကို ဇွန်လတွင်လည်းကောင်း ကစားရမည်ဖြစ်သည်။ မြန်မာအသင်းပါဝင်သည့် အုပ်စု (F) တွင် ဂျပန်တစ်သင်းတည်းသာ လေးပွဲကစားရန် ကျန်ရှိနေပြီး မြန်မာအပါအဝင် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် မွန်ဂိုလီးယားအသင်းတို့မှာမူ သုံးပွဲစီသာ ကစားရတော့မည်ဖြစ်သည်။
အုပ်စု (F) တွင် ဂျပန်အသင်းက လေးပွဲကစား ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကာဂျစ္စတန် နှင့် တာဂျစ်ကစ္စတန်အသင်းတို့က ငါးပွဲကစား ခုနစ်မှတ်စီ၊ မြန်မာအသင်းက ငါးပွဲကစား ခြောက်မှတ် နှင့် မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များတွင် မွန်ဂိုလီးယားကို အဝေးကွင်း၌ (၁-၀) ဂိုး၊ ဂျပန်ကို အိမ်ကွင်း၌ (၀-၂) ဂိုး၊ ကာဂျစ္စတန်ကို အဝေးကွင်း၌ (၇-၀) ဂိုးဖြင့် သုံးပွဲဆက် အရေးနိမ့်ခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲတွင် တာဂျစ်ကစ္စတန်ကို အိမ်ကွင်း၌ (၄-၃) ဂိုး၊ မွန်ဂိုလီးယားကို အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် အနိုင်ရထားသည်။
မြန်မာအသင်းသည် လက်ရှိရမှတ် အနေအထားအရ အုပ်စုဒုတိယနေရာကို မျှော်လင့်နိုင်ပြီး လက်ကျန်သုံးပွဲအနက် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်အသင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသည့်ပွဲများမှာ အရေးပါနေသည်။ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ်သင်း နှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးလေးသင်းမှာ အာရှဖလားခြေစစ်ပွဲ အောင်မြင်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) တတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အုပ်စုဒုတိယနေရာအတွက် မျှော်လင့်နေခြင်းဖြစ်သည်။
မြန်မာအသင်းသည် လာမည့်နှစ် မတ်လမှ ဇွန်လအထိ လေးလဆက်တိုက် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မတ်နှင့် ဇွန်လ တွင် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုလက်ကျန်ပွဲများ၊ ဧပြီ ၁၁ ရက် မှ မေ ၈ ရက်အထိ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲမှာ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရွှေ့ဆိုင်းထားရ ခြင်းဖြစ်သည်။















