ယူရို-၂၀၂၀ ပြိုင်ပွဲကို ဗြိတိန်တစ်နိုင်ငံတည်း၌ကျင်းပရန် ဆွေးနွေးနေသည့်သတင်းများကို UEFA ပြောရေးဆိုခွင့်ရှိသူ ငြင်းဆန်ပယ်ချ

ယူရို-၂၀၂၀ ပြိုင်ပွဲကို ဗြိတိန်တစ်နိုင်ငံတည်း၌ကျင်းပရန် ဆွေးနွေးနေသည့်သတင်းများကို UEFA ပြောရေးဆိုခွင့်ရှိသူ ငြင်းဆန်ပယ်ချ
Photos : Getty Images
Photos : Getty Images
Published 15 November 2020

၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် ယူရို-၂၀၂၀ ပြိုင်ပွဲအား ဗြိတိန်တစ်နိုင်ငံတည်း၌သာ ကျင်းပရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) တို့ ဆွေးနွေးနေသည့် သတင်းများကို UEFA ပြောရေးဆိုခွင့်ရှိသူတစ်ဦး က ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ဥရောပနိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်မြင့်တက်လျက်ရှိသော ကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲအား ဗြိတိန်တစ်နိုင်ငံတည်း၌သာ ကျင်းပရန် ဖြစ်နိုင်ခြေရှိသည့်အလားအလာများကို UEFA နှင့် FA တို့ ဆွေးနွေး လျက်ရှိကြောင်း ဗြိတိန်မီဒီယာများက မနေ့က ဖာ်ပြခဲ့ကြသည်။ 

သို့သော် ယင်းသတင်းများနှင့်ပတ်သက်၍ UEFA ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနနှင့်တွေ့ဆုံစဉ် "UEFA အနေနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကို ယခုနှစ် အစောပိုင်းမှာ အတည်ပြုခဲ့တဲ့ပုံစံနဲ့ ကွင်းတွေမှာပဲ ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အိမ်ကွင်းလက်ခံကျင်းပဖို့ ပြင်ဆင်နေတဲ့ မြို့အားလုံးနဲ့လည်း အနီးကပ် ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ကြောင့် မရေရာမှုတွေရှိနေပေမဲ့ ဇွန်၊ ဇူလိုင်မှာ ကျင်းပမယ့်ပြိုင်ပွဲမှာ ပရိသတ်တွေ ကြည့်ရှုခွင့်ပြုမပြု ဆုံးဖြတ်ဖို့ကတော့ အချိန်စောလွန်းပါသေးတယ်။ UEFA အနေနဲ့ လက်ရှိမှာ ဒီပြိုင်ပွဲကို ကွင်း ၁၂ ကွင်းမှာ ပရိသတ်တွေနဲ့အတူ ကျင်းပနိုင်ဖို့ အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။ ဒီအစီအစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုအပ်ရင်လည်း ပိုပြီး နီးကပ်တဲ့အချိန်ကျမှ ဆုံးဖြတ်ပါလိမ့်မယ်။ လတ်တလောမှာတော့ ဘယ်ကွင်းကိုမှ အပြောင်းအလဲလုပ် ဖို့ အစီအစဉ်မရှိသေးပါဘူး" ဟု ပြောကြားခဲ့သည်။

ယခုလဆန်းပိုင်းတွင်လည်း ယူရို-၂၀၂၀ ပြိုင်ပွဲကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခဲ့သည့် ရုရှားတစ်နိုင်ငံတည်း၌ ကျင်းပရန် ဖြစ်နိုင်ခြေကို UEFA က ထည့်သွင်းစဉ်း စားနေကြောင်း ပြင်သစ်နိုင်ငံထုတ် Le Parisien သတင်းစာက ဖော်ပြ ခဲ့သောကြောင့် UEFA က ကြေညာချက်ထုတ်ပြန်၍ ရှင်းလင်းခဲ့ရသည်။ 

UEFA ဥက္ကဋ္ဌ ဆယ်ဖာရင်ကလည်း ယင်းပြိုင်ပွဲကို ထပ်မံရွှေ့ဆိုင်းမည် မဟုတ်ဘဲ လာမည့်နှစ်တွင် မဖြစ်မနေကျင်းပမည်ဟု အတည်ပြုထားပြီး လက်ခံကျင်းပမည့် နိုင်ငံအရေအတွက်မှာမူ ၁၂ နိုင်ငံအစား လျော့ကျသွားနိုင်ကြောင်း ဝန်ခံပြောကြားထားသည်။ "ယူရိုပြိုင်ပွဲ ကျင်းပဖြစ်မယ်ဆိုတာ ကျွန်တော်တို့ အာမခံနိုင်ပါတယ်။ ကျွန်တော်တို့လုပ်ရမယ့် အစီအစဉ်က ယူရိုပြိုင်ပွဲကို မဖြစ်မနေကျင်းပဖို့ပါ။ ဒါပေမဲ့ နိုင်ငံ ၁၂ နိုင်ငံထက် လျော့သွားနိုင်တယ်ဆိုတာကိုတော့ ကျွန်တော်ပြောပါရစေ။ ကျွန်တော်တို့အနေနဲ့ ယူရိုပြိုင်ပွဲကို ၁၁ နိုင်ငံ၊ ရှစ်နိုင်ငံ၊ ငါးနိုင်ငံ ဒါမှမဟုတ် တစ်နိုင်ငံတည်းမှာပဲဖြစ်ဖြစ် လုပ်ဖြစ်နိုင်ပါတယ်" ဟု ဆယ်ဖာရင်က ပြောကြားခဲ့သည်။

Most Read

Most Recent