ဝေဖန်မှုများ ပြင်းထန်စွာထွက်ပေါ်ခဲ့သည့် Pay-per-view (တစ်ပွဲချင်းအခပေး) စနစ်ကို ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအထိ ပြန်လည်ပယ်ဖျက်၍ ပွဲအားလုံးကို ရုပ်သံမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲက အတည်ပြု ထုတ်ပြန်ခဲ့သည်။

ပရိသတ်မပါဘဲ ကွင်းပိတ်ကစားနေရသောကြောင့် ကလပ်အသင်းများ၏ ဝင်ငွေထိခိုက်နစ်နာမှုကို ကုစားသည့်အနေဖြင့် တစ်ပွဲချင်းအလိုက် အခပေးကြည့်ရှုရသည့် Pay-per-view စနစ်ကို ပရီးမီးယားလိဂ်က အောက်တိုဘာလအတွင်း မိတ်ဆက်ပေးခဲ့သည်။ ယင်းစနစ်အရ ဗြိတိန်ရှိ ပရိသတ်များ အနေဖြင့် အချို့သောပွဲစဉ်များကို ကြည့်ရှုလို ပါက တစ်ပွဲလျှင် ၁၄ ဒသမ ၉၅ ပေါင် ကျသင့်မည်ဖြစ်သလို ပွဲစဉ်အားလုံးကြည့်ရှုလိုပါက Sky Sports၊ BT Sport၊ BBC၊ Amazon Prime စသည့် အခပေးရုပ်သံလိုင်းများကို လည်း ဝယ်ယူထားရန် လိုအပ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ပရိသတ်အစုအဖွဲ့များစွာက Pay-per-view စနစ်ကို ပြင်းထန်စွာဝေဖန်ခဲ့ကြပြီး ယင်းပွဲများကို ဝယ်ယူကြည့်ရှုခြင်းမပြုဘဲ လှူဒါန်းရန် ရန်ပုံငွေရှာဖွေမှုမှာလည်း ပေါင်သုံးသိန်းအထိရရှိခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်အနေဖြင့် ယင်းစနစ်ကို ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအထိ ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ပွဲစဉ်များမှစ၍ ပွဲအားလုံးကို ရုပ်သံမိတ်ဖက်ကုမ္ပဏီများဖြစ်သည့် Sky Sports၊ BT Sport၊ BBC၊ Amazon Prime စသည့် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

"ယခုအစီအစဉ်ကို ကျွနု်ပ်တို့၏ ရုပ်သံမိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပွဲစဉ်များနှင့် ခွဲခြားထား၍မရသည့် အားပေးသူပရိသတ်များ ကွင်းအတွင်းကြည့်ရှု ခွင့်မရချိန်တွင် အပိုဆောင်းပွဲစဉ်များပြသနိုင်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုသဘောတူညီမှုကို လာမည့်နှစ်ဆန်းပိုင်းတွင် ပြန်လည်လေ့လာသုံးသပ်သွားမည်ဖြစ်သည်။ ကွင်းအတွင်းသို့ ပရိသတ်များပြန်လာနိုင်ရေးအတွက် အစိုးရအဖွဲ့နှင့်အတူ ကလပ်အသင်းများ၊ ရုပ်သံမိတ်ဖက်ကုမ္ပဏီများ ဆွေးနွေး၍ ဆုံးဖြတ်ချက်ချပြီးချိန်တွင် ယခုသဘောတူညီမှုကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။ ကလပ်အသင်းများအနေဖြင့်လည်း ပရိသတ်များ ပြန်လည်ကြည့်ရှုခွင့်ပြုနိုင်ရေးအတွက် အဖြေရှာရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်" ဟု ပရီးမီးယားလိဂ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၉) ကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နယူးကာဆယ်-ချယ်လ်ဆီး၊ ဗီလာ-ဘရိုက်တန်၊ စပါး-မန်စီးတီး၊ မန်ယူ-ဝက်စ်ဘရွန်း၊ ဖူလ်ဟမ်-အဲဗာတန်၊ ရှက်ဖီးယူနိုက်တက်- ဝက်စ်ဟမ်း၊ လိဒ်စ်-အာဆင်နယ်၊ လီဗာပူးလ်- လက်စတာ၊ ဘန်လေ-ခရစ္စတယ်ပဲလေ့စ်၊ ဝုလ်ဗ်-ဆောက်သမ်တန်ပွဲများ ပါဝင်နေသည်။















