ဗီလာရီးယဲလ်နှင့်ပွဲတွင် ဟာဇက်၊ ကက်စမဲရိုးနှင့် မီလီတိုတို့ ပြန်လည်ပါဝင်နိုင်ရန် ဇီဒန်းမျှော်လင့်နေ

ဗီလာရီးယဲလ်နှင့်ပွဲတွင် ဟာဇက်၊ ကက်စမဲရိုးနှင့် မီလီတိုတို့ ပြန်လည်ပါဝင်နိုင်ရန် ဇီဒန်းမျှော်လင့်နေ
Photos: Getty Images, Real Madrid
Photos: Getty Images, Real Madrid
Published 14 November 2020

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းသည် လာမည့်နိုဝင်ဘာ (၂၁)ရက်နေ့တွင် စပိန်လာလီဂါပွဲစဉ် (၁၀)အဖြစ်ယှဉ်ပြိုင်ကစားမည့် ဗီလာရီးယဲလ်အသင်းနှင့် အဝေးကွင်းပွဲစဉ်၌ အသင်း၏ အဓိက ကစားသမားများဖြစ်သော ဟာဇက်၊ ကက်စမဲရိုးနှင့် မီလီတိုတို့ ပြန်လည်ပါဝင်နိုင်ရန်မျှော်လင့်နေကြောင်းသိရသည်။

လက်ရှိရီးယဲလ်မက်ဒရစ်အသင်းတွင် ဒဏ်ရာရကစားသမားများနှင့် ကြံ့ခိုင်မှုမပြည့်ဝသည့် ကစားသမားများရှိနေပြီး နည်းပြဇီဒန်းအနေဖြင့် ဗီလာရီးယဲလ်အသင်းနှင့် လာလီဂါပွဲစဉ်၊ အင်တာမီလန်အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ရမည့်အပေါ် စိတ်ပူပန်မှုများရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ထို့ကြောင့်နည်းပြဇီဒန်းအနေဖြင့် ယခုလအစောပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် တစ်ဦးချင်းသီးခြားကုသမှုများပြုလုပ်နေရသည့် နောက်ခံလူ မီလီတို၊ ကွင်းလယ်လူ ကက်စမဲရိုးနှင့် တောင်ပံကစားသမားဟာဇက်တို့အနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမှ ပြန်လည်သက်သာလာပြီး ကြံ့ခိုင်မှုအမြန်ဆုံးပြန်လည်ပြည့်ဝရန် မျှော်လင့်နေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘရာဇီးလ်နောက်ခံလူ မီလီတိုသည် ပြီးခဲ့သည့် နိုဝင်ဘာ (၂)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး နောက် (၅)ရက်အကြာတွင် ဟာဇက်နှင့် ကက်စမဲရိုးတို့ ထပ်မံကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါကစားသမား (၃)ဦးအနေဖြင့် ပြန်လည်ကျန်းမာနေပြီဖြစ်သော်လည်း ဗိုင်းရပ်စ်စစ်ဆေးမှုများထပ်မံပြုလုပ်ရဦးမည်ဖြစ်သလို၊ ခွန်းအားပြန်လည်ပြည့်ဝစေရန် အချိန်ပေးရဖွယ်ရှိနေကြောင်းလည်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပွဲစဉ် (၉)အပြီးတွင် ရမှတ် (၁၆)မှတ်ဖြင့် (ရီးယဲလ်အသင်းမှာ ၈  ပွဲသာကစားရသေး) အမှတ်ပေးဇယားအဆင့် (၄)နေရာတွင်ရှိနေပြီး ဗီလာရီးယဲလ်အသင်းမှာ ပွဲစဉ် (၉)ပွဲကစားပြီးချိန်တွင် ရမှတ် (၁၈)မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင်ရှိနေသည်။

ထို့ပြင် အင်တာမီလန်အသင်းနှင့် အဝေးကွင်းတွင်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)မှာလည်း ရီးယဲလ်မက်ဒရစ်အသင်းအတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရေး အရေးပါသည့်ပွဲစဉ်ဖြစ်ပြီး နည်းပြဇီဒန်းအနေဖြင့် ရလဒ်ကောင်းရရှိရန် လိုအပ်နေသည်။

Most Read

Most Recent