အသင်းဘုတ်အဖွဲ့၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား

အသင်းဘုတ်အဖွဲ့၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း မန်ယူနည်းပြ ဆိုးလ်ရှား ပြောကြား
Photos: Sky Sports & Reuters
Photos: Sky Sports & Reuters
Published 7 November 2020

မန်ယူနည်းပြ ဆိုးလ်ရှားက မိမိအနေဖြင့် အသင်းဘုတ်အဖွဲ့၏ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသလို၊ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) တွင် ဘာရှက်ဆီဟီအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ထို့ကြောင့် ဆိုးလ်ရှားအနေဖြင့် ယနေ့ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဲဗာတန်အသင်းကို ရှုံးနိမ့်ပါက ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာအများစုက ဖော်ပြနေကြသည်။ 

သို့သော် ဆိုးလ်ရှားက အဲဗာတန်နှင့်ပွဲအတွက် ဖိအားမရှိကြောင်းနှင့် မိမိအနေဖြင့် အသင်းဘုတ်အဖွဲ့၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဆိုးလ်ရှားက "အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောတဲ့အခါတိုင်း ရိုးရိုးသားသားပဲ ကျွန်တော် ပြောလေ့ရှိတယ်။ ကျွန်တော် မန်ယူအသင်းကို စပြီးကိုင်တွယ်ကတည်းက အသင်းဘုတ်အဖွဲ့နဲ့ အဆင်ပြေပါတယ်။ အခုလည်း အဆင်ပြေနေဆဲဖြစ်ပြီး ရုတ်တရက် ပြောင်းလဲသွားမယ်လို့ မထင်ပါဘူး။ ကျွန်တော်က မန်ယူအသင်းမှာ ကြီးပြင်းလာသူပါ။ ဒီအသင်းဟာ မျှော်လင့်ချက်ကြီးမားပြီး ဖိအားတွေ အမြဲရှိနေပါတယ်။ အဆိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာရော၊ အကောင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာပါ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို ကျွန်တော် သိပါတယ်။ နိုင်ပွဲတွေ ဆက်နေရင် ခင်ဗျားကို ထိပ်တန်းနည်းပြလို့ ခေါ်ကြပါလိမ့်မယ်။ ရလဒ်တွေဆိုးလာရင်တော့ ခင်ဗျားကို အသုံးမကျတဲ့ နည်းပြလို့ ခေါ်ကြပါလိမ့်မယ်။ ဒါက သဘာဝပါပဲ။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ့်တန်ဖိုးကိုမှ ကိုယ်တိုင်မယုံရင် ဘယ်သူက ယုံမှာလဲ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ကစားသမားတွေ၊ ဝန်ထမ်းတွေအပေါ်မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ တစ်ပွဲ၊ နှစ်ပွဲ ရလဒ်ဆိုးရုံနဲ့ ကျွန်တော်ဟာ ဖဲချပ်တွေနဲ့ ဆောက်ထားတဲ့ အိမ်လို ပြိုလဲသွားမဲ့သူ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆိုးလ်ရှားက ယနေ့ကစားမည့် အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် အသင်းကစားသမားများအနေဖြင့် ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အိမ်ကွင်းနိုင်ပွဲမရသေးသလို (၆)ပွဲကစားအပြီးတွင် (၂)ပွဲသာ အနိုင်ရ ကာ (၁)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ် (၇)မှတ်ဖြင့် အဆင့် (၁၅) နေရာအထိ ရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် (၄)မှတ်သာ ကွာဟသည်။ 

Most Read

Most Recent