လီဗာပူးလ်နည်းပြ ကလော့ပ်က မန်စီးတီးနှင့် ကစားရသည့်ပွဲများမှာ ကမ္ဘာ့ဘောလုံးလောကတွင် အခက်ခဲဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းသည် နိုဝင်ဘာ (၈)ရက်နေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ် (၈)အဖြစ် မန်စီးတီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇)အပြီးတွင် ရမှတ် (၁၆)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁) နေရာ၌ ရပ်တည်နေပြီး မန်စီးတီးအသင်းမှာ ရမှတ် (၁၁)မှတ်(ပွဲကျန်တစ်ပွဲ ကစားရန်ကျန်ရှိ)ဖြင့် အဆင့် (၁၀) နေရာ၌ ရပ်တည်နေသည်။
ယာဂန်ကလော့ပ်က မန်စီးတီးနှင့်ပွဲမှာ အရေးကြီးသော်လည်း ရာသီအစပိုင်းသာ ရှိသေးသည့်အတွက် ချန်ပီယံဆုအတွက် ပြောဆိုရန် စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။
"အခုမှ ရာသီအစပိုင်းသာ ရှိသေးတာပါ။ ဒီရာသီပြီးဆုံးဖို့က အများကြီး လိုသေးပြီး ဒီနှစ်ကလည်း အရင်နှစ်တွေက မတူဘဲ ကပ်ဘေးကြောင့် အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး သူတို့ကို အကောင်းဆုံးယှဉ်ပြိုင်နိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ မန်စီးတီးအသင်းနဲ့ ကစားရတဲ့ ပွဲတိုင်းဟာ ကမ္ဘာ့ဘောလုံးလောကမှာ အခက်ခဲဆုံးပွဲတွေဖြစ်ပြီး အဲဒီအတွက် ကျွန်တော် ပြင်ဆင်ထားရမှာပါ"ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
ထို့ပြင် ယာဂန်ကလော့ပ်က အဲဗာတန်နှင့်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သည့် အသင်းကွင်းလယ်လူ သီယာဂိုမှာ မန်စီးတီးနှင့် ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။















