ဆိုးလ်ရှားနေရာ ပိုချက်တီနိုဖြင့်အစားထိုးရန် အစီအစဉ်မရှိသေးကြောင်း Sky Sports ဖော်ပြ

ဆိုးလ်ရှားနေရာ ပိုချက်တီနိုဖြင့်အစားထိုးရန် အစီအစဉ်မရှိသေးကြောင်း Sky Sports ဖော်ပြ
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 6 November 2020

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားအနေ ဖြင့် ရာသီအစ ရလဒ်ဆိုးများကြောင့် ရာထူးမှထုတ်ပယ်ခံရနိုင်သည့်နည်းပြ ရေပန်းစားမှုစာရင်းတွင် ထိပ်ဆုံးနေရာ ရောက်ရှိနေသော်လည်း ဘုတ်အဖွဲ့ကမူ ၎င်းနေရာ တွင် စပါးအသင်းနည်းပြဟောင်း ပိုချက်တီနို ဖြင့်အစားထိုးရန် အစီအစဉ်မရှိသေးကြောင်း ဗြိတိန်အခြေစိုက် Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။

    

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အိမ်ကွင်းနိုင်ပွဲမရသေးသလို (၆)ပွဲကစားအပြီးတွင် (၂)ပွဲသာ အနိုင်ရ ကာ (၁)ပွဲသရေ၊ (၃)ပွဲရှုံး၊ ရမှတ် (၇)မှတ်ဖြင့် အဆင့် (၁၅) နေရာအထိ ရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် (၄)မှတ်သာ ကွာဟနေသည်။ 

ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အသင်းငယ် ဘာရှက်ဆီဟီအသင်းကို အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဆိုးလ်ရှားအနေဖြင့် ရာထူးမှထုတ် ပယ်ခံရနိုင်သည့်စာရင်းတွင် ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်းဖြစ်သည်။ 



    

သို့သော် Sky Sports သတင်းဌာနကမူ မန်ယူအသင်းဘုတ်အဖွဲ့အနေဖြင့် ဆိုးလ်ရှား ကို ရေရှည်စီမံကိန်းအတွက် ရည်ရွယ်ထား သောကြောင့် ၎င်း၏ရာထူးအတွက် ထောက်ခံနေဆဲဖြစ်ကြောင်းနှင့် ၎င်းနေရာတွင် အစားထိုးရန် အစီအစဉ်မရှိသေးကြောင်း ဖော်ပြခဲ့သည်။ 

အခြားဗြိတိန် သတင်းဌာနများကမူ မန်ယူအသင်းအနေဖြင့် စနေနေ့ ကစားမည့်ပွဲတွင် အဲဗာတန်အသင်းအား အဝေးကွင်း၌ ထပ်မံရှုံးနိမ့်ပါက ဆိုးလ်ရှားကိုထုတ်ပယ်၍ ပိုချက်တီနိုကို အစားထိုးခန့်အပ်ရန် စီစဉ်ထားကြောင်း ဖော်ပြလျက်ရှိသည်။ 

ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာကတည်းက အသင်းလက်မဲ့ဖြစ်နေသည့် ပိုချက်တီနိုသည် မန်ယူအသင်းနည်းပြသစ် ဖြစ်လာနိုင်သည့်စာရင်းတွင် အလေးပေးမှု  ၂/၅ ဖြင့် ရေပန်းအစားဆုံးဖြစ်နေသည်။

Most Read

Most Recent