PSG အသင်းအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒုတိယမြောက်ရှုံးပွဲ ထပ်မံရင်ဆိုင်ရသော်လည်း ရာထူးမှနုတ်ထွက်မည်မဟုတ် ကြောင်း နည်းပြ သောမတ်စ်တူဟယ်လ်က တုံ့ပြန်ပြောကြားသည်။
တူဟယ်လ်သည် ကစားသမားသစ်ခေါ်ယူမှုနှင့်ပတ်သက်၍ အားကစားဒါရိုက်တာ လီယိုနာဒိုနှင့် ဆက်ဆံရေးအဆင်မပြေသလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သောကြောင့် အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာပြီလားဟု RMC Sports ရုပ်သံက မေးမြန်းစဉ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
"စိုးရိမ်စရာမရှိပါဘူး။ ဂျာမန်သတင်းဌာနတွေက ကျွန်တော့်ကို မေးကြတယ်။ နည်းပြရဲ့အခြေအနေက အန္တရာယ် ရှိနေပြီဆိုပြီး ပြင်သစ်သတင်းဌာနတွေက ဘာကြောင့်အမြဲပြောနေတာလဲ ဆိုပြီးတော့ပါ။ ဒါပေမဲ့ ကျွန်တော်နဲ့ နည်းပြအဖွဲ့တွေ၊ ကစားသမားတွေ အတူတူလုပ်နေတဲ့အလုပ်က ဘာမှမပြောင်းလဲသွားပါဘူး။ ပါရီမှာ နည်းပြလုပ်ရတဲ့ဘဝက ဒီလိုပါပဲ။ လုံလောက်တယ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။ ဒါပေမဲ့ အဲဒါက ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး"ဟု တူဟယ်လ်က ပြောကြားသည်။
PSG အသင်းသည် ပွဲစဉ် (၁) တွင် မန်ယူအသင်းအား အိမ်ကွင်း၌ (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် (၂) တွင် ဘာရှက်ဆီဟီအသင်း အား အဝေးကွင်း၌ (ဝ-၂) ဂိုးဖြင့် ပြန်လည်အနိုင်ရသော်လည်း ပွဲစဉ် (၃) တွင်မူ လိုက်ပ်ဇစ်အသင်းအား အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်သလို ကစားသမား(၂)ဦး ထုတ်ပယ်ခံခဲ့ရသည်။















