အစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူထားသော AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT နေပြည်တော်သို့ ရောက်ရှိ

အစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူထားသော AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT နေပြည်တော်သို့ ရောက်ရှိ
Photo: Myanmar State Counsellor Office
Photo: Myanmar State Counsellor Office
Published 1 November 2020
မျိုးထက်ပိုင်

အစိုးရက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူထားသော AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT နေပြည်တော်သို့ ရောက်ရှိကြောင်း နိုဝင်ဘာ ၁ ရက်တွင် နိုင်ငံတော်အတ်ုင်ပင်ခံရုံးက ထုတ်ပြန်သည်။

ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြုရန် ဝယ်ယူထားသော နိုင်ငံတော်ပိုင် AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT သည် နိုဝင်ဘာ ၁ရက် နံနက်ပိုင်းတွင် နေပြည်တော်သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါရဟတ်ယာဉ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးမင်းသူနှင့် ဦးစိုးဝင်း၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ် ဝယ်ယူအသုံးပြုရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒုတိယဝန်ကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြည့်ရှုချဲ့ကြာင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော်တစ်ဝိုက် XY-AFT ရဟတ်ယာဉ် လှည့်လည် ပျံသန်းပြမှုကို လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း ဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ထောက်ပံ့ရေးစသည့် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ အပါအဝင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် နိုင်ငံတော်ကိစ္စရပ်များတွင် အသုံးပြုရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူထားသော အဆိုပါ AW-139 အမျိုးအစား ရဟတ်ယာဉ် XY-AFT သည် အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင် မလေးရှားနိုင်ငံမှ Ferry Flight ပျံသန်းလာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် အောက်တိုဘာ ၃၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရပ်နားကာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လိုအပ်သော စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်ပြီး နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ Acceptance Flight Test ပျံသန်းလာရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရုံးလုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် အီတလီနိုင်ငံ Leonardo S.P.A. ကုမ္ပဏီနှင့် ရဟတ်ယာဉ်ဝယ်ယူရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်တွင် အီတလီနိုင်ငံရှိ ရဟတ်ယာဉ် ထုတ်လုပ်သည့် စက်ရုံတွင် ရဟတ်ယာဉ်ကို စစ်ဆေးလက်ခံခဲ့ကြောင်း၊ ထို့နောက် ရဟတ်ယာဉ်ကို မလေးရှားနိုင်ငံရှိ ကုမ္ပဏီ၏ အလုပ်ရုံသို့ ပို့ဆောင်၍ ပြန်လည်တပ်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဧပြီလဆန်းပိုင်းကပင် ပြီးစီးခဲ့သော်လည်း COVID-19 ကပ်ရောဂါဆိုင်ရာ သွားလာမှု ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံသို့ ယခုမှပင် ပျံသန်းပို့ဆောင်နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်တွင် ရဟတ်ယာဉ်မှူး နှစ်ဦးနှင့် ခရီးသည် ၁၄ ဦး စုစုပေါင်း ၁၆ ဦး လိုက်ပါစီးနင်းနိုင်ပြီး ကီလိုမီတာ ၆၀၀ ကျော် ပျံသန်းနိုင်ကာ မြေပြင် နှင့်ရေပြင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ပစ္စည်းကိရိယာများ ပါရှိကြောင်း သိရသည်။

နိုင်ငံတော်ပိုင် ရဟတ်ယာဉ် ပျံသန်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အမျိုးအစားတူ AW-139 ရဟတ်ယာဉ် ပျံသန်းအသုံးပြုလျက်ရှိသည့် Air Myanmar Aviation Service သို့ လုပ်ငန်းအပ်နှံသည့်စာချုပ် ချုပ်ဆို ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent