မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက် ဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

မဲရုံသွားခြင်းသည် ဈေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက် ဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
ဓာတ်ပုံ - အောင်မင်းသိန်း
ဓာတ်ပုံ - အောင်မင်းသိန်း
Published 20 October 2020

ရွေးကောက်ပွဲနေ့တွင် မဲရုံသွားခြင်းသည် စျေးဝယ်ထွက်ခြင်း၊ လိုင်းကားစီခြင်းထက် COVID-19 ကူးစက်မှုမရှိသလောက်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးမြင့်နိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်တိုင်းရှိ ၄၄ မြို့နယ်တွင် Stay at Home လုပ်ဆောင်ထားကြောင်း၊ ကော်မရှင်အနေဖြင့် မဲပေးသည့်နေ့တွင် COVID-19 ရောဂါကူးစက်မှုများ မရှိအောင် အစီအစဉ် ချထားသည်ဟု သိရှိကြောင်း၊  ကော်မရှင်အနေဖြင့် ကိုးရီးယားနိုင်ငံကဲ့သို့ အခြားနိုင်ငံများထံ အကြံဉာဏ်ရယူထားပြီး အဆိုပါနိုင်ငံများထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ထားသည်ဟုပြောဆိုသဖြင့် မည်သည့်အစီအစဉ်များ ချထားသည်၊ ရောဂါအကူးမခံရအောင် မဲပေးသူများ စိတ်ချအောင် မည်သို့အစီအစဉ်များနှင့်လုပ်ထားသည်ကို အကျယ်တဝင့် ပြောကြားပေးရန် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုအပေါ်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ဥပမာအားဖြင့်ဆိုလို့ရှိရင် ကျွန်တော်တို့ နှာခေါင်းစည်းကအစ အကောင်းစားတွေပေါ့။ အဆင့်မြင့်တယ်။ ကျွန်တော်တို့လုံခြုံစိတ်ချရတယ်။ ဒါတွေတောင် ဒီထက်စိတ်ချရတာပေါ့။ ဒါဆိုစိတ်မချရဘူး (၎င်းဝတ်ဆင်ထားတဲ့ Mask အားပြသ)။ အဲဒါတွေကျွန်တော်တို့ အခမဲ့ထုတ်ဝေမယ်။ နောက်ပြီးတော့ ကျွန်တော်တို့က ခုနက မဲဆန္ဒရှင်တွေ တစ်ဆိုင်း၊ နှစ်ဆိုင်း မများအောင်လို့ ခွဲထားတယ်။ ဒီနေ့ဆိုလည်း ချင်းရွာမှာရှိတဲ့မဲရုံဆိုလည်း တစ်ထောင်ကျော်ရှိတယ်။ အဆိုင်းနှစ်ဆိုင်းခွဲတယ်။ ခြောက်ပေခန့် ခြောက်ပေခန့်သွားတယ်။ ခုနကပြောတဲ့ သတ်မှတ်တဲ့ လက်ဆေးရည်တွေ၊ လက်သန့်ဆေးရည်တွေ လုပ်တယ်။ အပူချိန်တွေတိုင်းတယ်။ ကျွန်တော်တို့ Mask တွေ ဝေတယ်။ မဲရုံမှူးတွေကလည်း ဒီမျက်နှာဖုံး (Face Shield) အသီးသီးပါတယ်။ ကျွန်တော်တို့သေသေချာချာ ဆောင်ရွက်ထားပါတယ်။ ဒါကြောင့် ဒီကျန်းမာရေးအတိုင်းသာ လိုက်နာမယ်ဆိုရင် COVID-19 ရောဂါ ကူးစက်မှုက မဲရုံမှာလာတဲ့အတွက်ကြောင့် မရှိသလောက်ဖြစ်မယ်လို့ အဲဒီလိုပြောပါတယ်ခင်ဗျ။ တကယ်တန်းကျတော့ စျေးသွားတာထက် စျေးဝယ်ထွက်တာထက်၊ လိုင်းကားတွေစီးတာထက် ဒီမဲရုံသွားတာက စိတ်ချရတယ်လို့ ပြောပါတယ်ခင်ဗျ” ဟု ပြောကြားသည်။

ထို့ကြောင့် ကော်မရှင်တစ်ခုတည်းမဟုတ်ဘဲ မဲဆန္ဒရှင်များအပါအဝင် အားလုံးက လိုက်နာပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ လူဦးရေထူထပ်သည့် Saty at Home ဒေသများတွင် မဲလာပေးသည့်အခါ မှတ်ပုံတင်ကတ်အား အမြဲတမ်းကိုင်ထားရခြင်း မရှိစေရန် လည်ဆွဲကတ်များ စီစဉ်ပေးမည်ဖြစ်ကြောင်း၊ အသေးစိတ်အနေဖြင့် စံလုပ်ငန်းလမ်းညွန်တွင် ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်း သရုပ်ပြပွဲကို နေပြည်တော်တွင် သုံးကြိမ်တိုင် စမ်းသပ်ပြုလုပ်ထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် ကြည့်ရှုထားသည်။

Most Recent