မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖောက်ခွဲရေးသုံး ပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိ

မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဖောက်ခွဲရေးသုံး ပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိ
Published 15 October 2020
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဖောက်ခွဲရေးသုံး ပစ္စည်းဖြစ်သည့် Remote Mine Receiver များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရရှိမှုဖြစ်စဉ်မှာ ယာဉ်အမှတ် SHN-1G/------- ဖူဆိုအဖြူရောင် ၁၂ ဘီး ကုန်တင်ယာဉ်သည်  မိုင်ယု ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်အတွင်း သွင်းကုန်ထုတ်ကုန်ဌာနတွင် အစစ်ဆေးခံရန် ရောက်ရှိလာခဲ့ရာမှ နမူနာ စစ်ဆေးရန် ကားပေါ်ရှိ အမျိုးသားဝတ် အတွင်းခံ ဘောင်းဘီတိုများ ထည့်ထားသည့် ဂျက်ဖာကိုယူ၍ နမူနာစစ်ဆေးရာမှ ဂျက်ဖာအတွင်း ၀ိုင်ယာကြိုးနှင့် ဆော့ကက်များ သိုဝှက်သယ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရာမှ ပူးပေါင်းအဖွဲ့များက စစ်ဆေးရာ ဘောင်ဘီတိုဘူးများအတွင်း Remote Mine Receiver များ စုစုပေါင်း ၁၇၀၀ ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်‌နေပြီး တွေ့ရှိဖမ်းဆီးရခဲ့သူ ယာဉ်မောင်း ယာဉ်နောက်လိုက်နှင့် အေးဂျင့် တို့ကို အောက်တိုဘာ ၁၄ ရက် ည ၇ နာရီ ကျော်ခန့်က မူဆယ်မြို့မရဲစခန်းသို့ ခေါ်ဆောင်လာပြီး စတင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ ဥပဒေအရ အရေးယူနိုင်ရန် သက်သေခံပစ္စည်းများ သိမ်းဆည်းမှုကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

 

Most Read

Most Recent