ပခုက္ကူခရိုင်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်လာပြီး မြစ်ကမ်းနံဘေးစိုက်ခင်းများ ရေနစ်မြုပ်မှုကြောင့် ကြက်သွန်၊ ငရုတ်၊ မြေပဲနှင့် ခရမ်းစိုက်ခင်းများ ပျက်စီး

ပခုက္ကူခရိုင်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ ပြန်လည်မြင့်တက်လာပြီး မြစ်ကမ်းနံဘေးစိုက်ခင်းများ ရေနစ်မြုပ်မှုကြောင့် ကြက်သွန်၊ ငရုတ်၊ မြေပဲနှင့် ခရမ်းစိုက်ခင်းများ ပျက်စီး
ရေစကြိုမြို့နယ် ဗလဗကျးရွာအနီး ကြက်သွန်စိုက်ခင်းများ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်
ရေစကြိုမြို့နယ် ဗလဗကျးရွာအနီး ကြက်သွန်စိုက်ခင်းများ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်
Published 7 October 2020
သက်ထိန်ဝင်း

ပခုက္ကူခရိုင်အတွင်း ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေမှာ အောက်တိုဘာလဆန်းပိုင်းမှစ၍ ပြန်လည်မြင့်တက်လာခဲ့ပြီး မြစ်ကမ်းဘေးရှိ  ကြက်သွန်၊ ငရုတ်၊ မြေပဲနှင့် ခရမ်းစိုက်ခင်းများမှာ ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း တောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ မြစ်ရေကျဆင်းပြီးနောက် စတင်စိုက်ပျိုးခဲ့သည့် ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ  ကြက်သွန်၊ မြေပဲ၊ ငရုတ်စိုက်ခင်းများ၏ ထက်ဝက်ခန့်မှာ  မြစ်ရေပြန်လည်မြင့်တက်လာပြီး ရေနစ်မြုပ်မှုကြောင့် ပျက်စီးမှုကြုံတွေ့နေရသည်။

စိုက်ပျိုးစရိတ်ကြီးမားပြီး အပင်စတင်ဖြစ်ထွန်းနေပြီဖြစ်သည့် ကြက်သွန်စိုက်ခင်းများမှာ သုံးပုံနှစ်ပုံခန့်ထိ ရေနစ်မြုပ်ခဲ့ပြီး အပင်ဆက်လက်ဖြစ်ထွန်းရန် မလွယ်ကူတော့ကြောင်းနှင့် တစ်ဧကလျှင် ကျပ်ငါးသိန်းမှ ခုနစ်သိန်းခန့်အထိ ကုန်ကျသည့် စိုက်ပျိုးစရိတ်များ ဆုံးရှုံးခဲ့ကြောင်း  သိရသည်။

“ပြီးခဲ့တဲ့လ ရေကျပြီးတဲ့နောက် ထွန်ယက်ပြီး စိုက်ကြတာပဲ။ အစိုက်စောတဲ့သူက ရက် ၂၀ သားလောက်ရနေပြီ။ အစိုက်နောက်ကျတဲ့သူက ၁၅ ရက်သားလောက် ရနေပြီ။ ကြက်သွန်အပင်ကလည်း တစ်ထွာတစ်မိုက် ထွက်နေပြီ။ အခု ရေတက်လာပြီး စိုက်ခင်းတွေ မြုပ်သွားတယ်။ ကျွန်တော်ဆိုရင် လေးဧကခွဲလောက် ရေမြုပ်သွားတယ်။ ကြက်သွန်က ရေမြုပ်သွားရင် အပင်သေတာပဲ။ ဥကို မြေထဲမြုပ် စိုက်တာဖြစ်တဲ့အတွက် ရေမြုပ်သွားရင် ဥပုပ်တယ်။ တချို့စိုက်ပြီးစသမားတွေလည်း ရသမျှ ပြန်လိုက်နှုတ်နေကြတယ်။ တစ်ဧကစိုက်ရင် မျိုးတစ်ပိဿာ ၂၀၀၀ နဲ့ ပိဿာ ၂၀၀ လောက်ကုန်တယ်။ ထွန်ယက်ခ ခုနစ်သောင်း ကုန်တယ်။ မြေဆီဖိုး တစ်သိန်းကုန်တယ်။ စိုက်စရိတ်က တစ်သိန်းလောက် ကုန်တယ်။ လက်ရှိ ရေမြုပ်လိုက်တဲ့အတွက် ရင်းထားတာတွေ အကုန်ဆုံးရှုံးတာပဲ” ဟု ရေစကြိုမြို့နယ် ကျော်ထင်ကုန်းကျေးရွာမှ ကိုဘိုညီက ဆိုသည်။

ကြက်သွန်စိုက်ပျိုးရေး လုပ်ငန်းမှာ ရေစကြိုမြို့နယ် မြစ်ကမ်းဘေးတောင်သူများ၏ အဓိကစိုက်ပျိုးလုပ်ငန်းဖြစ်ပြီး မြစ်ရေပြန်ကျဆင်းချိန်တွင် မျိုးဝယ်ယူရခက်ခဲခြင်း၊ မြေပြန်လည်ပြုပြင်ရန် အချိန်မလုံလောက်ခြင်းနှင့် ပြန်လည်စိုက်ပျိုးပါက ကြက်သွန်အထွက် လျော့နည်းခြင်းများ ကြုံတွေ့မည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

ပခုက္ကူမြို့နယ်အတွင်း မြစ်ကမ်းဘေးနှင့် ရေလယ်ကျွန်းကျေးရွာများမှ စိုက်ခင်းများတွင်လည်း မြစ်ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရာသီစာသီးနှံဖြစ်သည့် ခရမ်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးကြောင်း တောင်သူများထံမှ သိရသည်။

“မြစ်ကမ်းဘေးနဲ့ ကျွန်းမြေတွေမှာ ခရမ်းတွေက စိုက်ပြီးပြီ။ ခရမ်းက ရေမကြိုက်ဘူး။ မိုးရွာလို့ ရေသုံးနာရီလောက် အိုင်တာတော့ ဘာမှမထိခိုက်ပေမဲ့ အခုလို နှစ်ရက်သုံးရက်လောက် မြစ်ရေမြုပ်ရင် အပင်သေတာပဲ။ ရေပြန်ကျပြီဆိုတာနဲ့ အပင်က ညှိုးခြောက်ပြီးသေတာ။ တောင်သူကတော့ ဆောင်းအမီ ပြန်စိုက်ရမှာပဲ။ စိုက်စရိတ်တော့ နှစ်ခါကုန်တာပေါ့” ဟု ပခုက္ကူမြို့နယ် ကုက္ကိုလှကျေးရွာမှ ကိုမြင့်အောင်က ပြောကြားသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေမှာ ယခုနှစ် ရေတက်ကာလ၌ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအထက်တစ်ကြိမ် ကျော်လွန်ရောက်ရှိပြီး စိုးရိမ်ရေအမှတ်အနီးသို့ နှစ်ကြိမ်ရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent