တက်လာမည့် မည်သည့်အစိုးရမဆို မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေလိုကြောင်း မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့်နေ့တွင် ဒေသခံများပြောကြား

တက်လာမည့် မည်သည့်အစိုးရမဆို မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေလိုကြောင်း မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့်နေ့တွင် ဒေသခံများပြောကြား
ကချင်ပြည်နယ် မြစ်ဆုံဒေသဝန်းကျင် တစ်နေရာကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ဆုံဒေသဝန်းကျင် တစ်နေရာကို စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ်
Published 1 October 2020
ထွန်းလင်းအောင် (မြစ်ကြီးနား)

တက်လာမည့် မည်သည့်အစိုးရမဆို မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေလိုကြောင်း မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့်နေ့တွင် ဒေသခံများက ပြောကြားခဲ့ကြသည်။

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းခြင်း ကိုးနှစ်ပြည့်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ  ၃၀ ရက်တွင် မြစ်ဆုံ တန်ဖရဲကျေးရွာ သန့်ရှင်းရေးကို လူငယ်များက ပြုလုပ်ရာတွင် သွားရောက်မေးမြန်းမှုအရ ဒေသခံ မြစ်ဆုံအရေး လှုပ်ရှားသူများက ပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ဖရဲကျေးရွာတွင် နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သည့် ဓမ္မဆရာ ဦးတူးခေါင်က “ဒီနေ့က ရပ်ဆိုင်းတာ ကိုးနှစ်ပြည့် ကျေးရွာသန့်ရှင်းရေး လုပ်ကြတာပေါ့။ ကျွန်တော်တို့ကတော့ ရေမမြုပ်မချင်း ကျွန်တော်တို့ ရွာလိုပဲ ယူဆကြတာကိုး။ NLD အစိုးရ လက်ထက်မှာတော့ ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ ရပ်ဆိုင်းတာကိုပဲ ဆက်လက် ထိန်းသိမ်းခဲ့တဲ့ သဘောပေါ့။ ကျန်တာတော့ ထူးခြားပြီး လုပ်တာ မတွေ့ပါဘူး။ လာမယ့် အစိုးရကတော့ အပြီးတိုင် ရပ်ဆိုင်းစေချင်တဲ့ အစိုးရမျိုး ရချင်တာပေါ့။ ကျွန်တော်တို့ ဒေသခံတွေရော၊ နိုင်ငံတစ်ဝန်းလုံးက ရပ်ဆိုင်းစေချင်တဲ့ အတွက်ကြောင့် ပြည်သူ့စကား နားထောင်တဲ့ အစိုးရမျိုး ရချင်တာပေါ့” ဟု ပြောကြားသည်။

လက်ရှိတွင် အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့ခံထားရသူ အများစုမှာ ရွာဟောင်းတွင် သီးနှံစိုက်ပျိုးခြင်း၊ စျေးရောင်းခြင်း၊ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း စသည့်လုပ်ငန်းများဖြင့် ပြန်လည်နေထိုင်သူ များနေသည်ကိုလည်း တွေ့ရသည်။

မြစ်ဆုံအရေး လှုပ်ရှားသူ ဒေါ်လုရာက “ကျွန်မတို့က မဲထည့်မမှားဖို့လိုတယ်။ မြစ်ဆုံကို အပြီးတိုင် ရပ်ဆိုင်းတဲ့ အစိုးရမျိုးကို ကျွန်မတို့ လိုလားတယ်။ မဲထည့်မှားရင်တော့ ဟုတ် ဟုတ်၊ မဟုတ်ဟုတ် ငါးနှစ်တော့ ခံရတယ်။ မြစ်ဆုံစီမံကိန်းကိုတော့ ကျွန်မတို့ မရှိတော့ရင် သား၊ သမီး၊ မြေးတွေ လက်ထက်အထိ ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ရွာ အောင်မြင်သာမှာ နေတဲ့သူတွေကတော့ လုပ်ငန်းတွေပြောင်းပြီး လုပ်ကိုင်ရတဲ့ သူတွေရှိတယ်။ စျေးရောင်းတာ၊ အပန်းဖြေစခန်းမှာ လုပ်တာတွေလုပ်တယ်။ နေ့စားတွေလုပ်တယ်။ အများစုကလည်း ရွာဟောင်းမှာ ပြန်လုပ်စား နေကြရသူတွေလည်း ရှိတယ်။ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းမှ အားလုံးအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကျေးရွာသန့်ရှင်းရေး လာလုပ်သည့် အသက် ၁၇ နှစ်အရွယ် မရွယ်အောင်က ရွာဟောင်းတွင် မူလတန်းကျောင်း တက်ခဲ့ရပြီး ဓမ္မစကူးတက်ခြင်း၊ တောင်ယာခင်းသွားခြင်း၊ တန်ဖရဲရွာဟောင်းကို ပြန်လာခြင်းသည် ပျော်စရာကောင်းကြောင်း ဆိုသည်။

တန်ဖရဲရွာတွင် စျေးရောင်းနေသည့် ဒေါ်ဂျပ်တောင်က အောင်မြင်သာကျေးရွာ၌ စိုက်ပျိုးရေး လုပ်ငန်းလည်း မဖြစ်၊ ဝင်ငွေရသည့် လုပ်ငန်းမရှိသဖြင့် တန်ဖရဲရွာဟောင်းတွင် စျေးပြန်ရောင်းနေရကြောင်း ဆိုသည်။

ဧရာဝတီမြစ်ဆုံ ရေကာတာ စုံစမ်းစစ်ဆေးရေး ကော်မတီကို ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်က ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်မှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဥပဒေပညာရှင် ဒေါ်မေရီမေနမ်တို့နှစ်ဦးမှာ ဧရာဝတီမြစ်ဆုံ ရေကာတာ စုံစမ်းစစ်ဆေးရေး ကော်မတီတွင် ပါဝင်ခဲ့သည်။

ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ၁၂ ဦးသည် မြစ်ကြီးနားမြို့သို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ လေးရက်ကြာ ကွင်းဆင်းလေ့လာခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ကော်မတီအတွင်း အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး He Hong Liang နှင့် ကောင်စစ်ဝန်ချုပ် Mr Wang Yu တို့ပါဝင်သည့် ၁၁ ဦး အဖွဲ့သည် ၂၀၁၆ ခုနှစ် ဇွန် ၃ ရက် ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်ပြုလုပ်လိုကြောင်း၊ ပြည်ထောင်စုအစိုးရက လူထု၏ ဖြေရှင်းချက်ကို အကြံဉာဏ်ယူပြီး ညှိနှိုင်းတိုင်ပင် စေလိုကြောင်း၊ မြန်မာပြည်သူလူထုနှင့် ဆက်သွယ်မှုများ လုပ်ရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

သံအမတ်ကြီး ခရီးစဉ်တွင် တရုတ်နိုင်ငံ နိုင်ငံတကာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Lieu Zan က  ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြောကြားရာတွင် အချက်သုံးချက်ရှိခဲ့ပြီး (၁) ဆည်စီမံကိန်းကို ဖျက်ပစ်နိုင်ကြောင်း၊ ထိုသို့ဖျက်သည့်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ လျော်ကြေးပေးရမည် ဖြစ်ကြောင်း၊ (၂) ဆည်စီမံကိန်းပြန်စပြီး ဆည်ကိုပြီးစီးသည်အထိ ဆောင်ရွက်ခွင့်ပြုမည် ဆိုပါက စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နှစ်စဉ်အခွန်ငွေရမည် ဖြစ်ကြောင်း၊ (၃) အပေါ်မှ နှစ်ချက်ကို မရွေးချယ်ဘဲ စီမံကိန်းကို မဖျက်သိမ်းဘဲ၊ ဆက်မလုပ်ဘဲ ဆည်စီမံကိန်းကို ရပ်ဆိုင်းသရွေ့ တရုတ်ကုမ္ပဏီများက တင်ရှိနေသည့် အလုံးအရင်း ချေးငွေများ၏အတိုး အမေရိကန်ဒေါ်လာ သန်း ၅၀ ကို တရုတ်ကုမ္ပဏီများ ကိုယ်စား မြန်မာနိုင်ငံမှ နှစ်စဉ်ပေးဆပ်ရန် နည်းလမ်းသုံးသွယ်ကို ချပြခဲ့ကြောင်း သတင်းမီဒီယာများက ယင်းခရီးစဉ်ပြီးနောက် ရေးသားဖော်ပြ ခဲ့ကြသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ (မလိဇွပ်) ၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန် ဘန်၊ လဖျဲ့ စသည့်ကျေးရွာများမှာ အောင်မြင်သာ ကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွှေ့ပြောင်းနေကြရသည်။ အောင်မြင်သာ ကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၀၇၅  ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင် စု  ၁၂၀ စု၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး အများစုမှာ ဝမ်းစာရှာဖွေရန် အခက်အခဲတွေ့လျက် ရှိသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်း ခုနစ်ခုရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နှုန်း ဘီလျံ ၁၀၀ ယူနစ်ခန့်ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent