သေဆုံးသူ ၁၀ ဆကျော်အထိ မြင့်တက်လာသော COVID-19 ဒုတိယလှိုင်း

သေဆုံးသူ ၁၀ ဆကျော်အထိ မြင့်တက်လာသော COVID-19 ဒုတိယလှိုင်း
စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်သည့် COVID-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်သည့် COVID-19 ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 20 September 2020
အိသဥ္ဇာကျော်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ အာဆီယံနိုင်ငံများ၏ COVID-19 ဖြစ်ပွားမှုတွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများ သည် ဖြစ်ပွားနှုန်း အများဆုံးရှိနေပြီး မြန်မာနိုင်ငံမှာမူ အဆင့်ငါး နေရာ၌  ရပ်တည်နေသည်။ 

စက်တင်ဘာ ၁၇ ရက်အထိ စာရင်းအရ အာရှနိုင်ငံများ၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေမှာ အိန္ဒိယနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၅၁ သိန်းကျော်၊ သေဆုံးသူ ၈၃၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ သုံးသိန်းကျော်၊ သေဆုံးသူ ၄၈၀၀ ကျော်၊ ပါကစ္စတန်နိုင်ငံတွင် ရောဂါ ဖြစ်ပွားသူ သုံးသိန်းကျော်၊ သေဆုံးသူ ၆၃၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂၇၀၀၀၀ ကျော်၊ သေဆုံးသူ ၄၇၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂၂၀၀၀၀ ကျော်၊ သေဆုံးသူ ၉၁၀၀ ကျော်၊ ကာတာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၁၂၀၀၀၀ ကျော်၊ သေဆုံးသူ ၂၀၀ ကျော်၊ တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၉၀၀၀၀ ကျော်၊ သေဆုံးသူ ၄၇၀၀ ကျော်၊ ယူအေအီးနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၈၁၀၀၀ ကျော်၊ သေဆုံးသူ ၄၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၇၇၀၀၀ ကျော်၊ သေဆုံးသူ ၁၄၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၅၇၀၀၀ ကျော်၊ သေဆုံးသူ ၂၇ ဦး၊ နီပေါနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၅၈၀၀၀ ကျော်၊ သေဆုံးသူ ၃၇၉ ဦး၊ ကိုရီးယားနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂၂၀၀၀ ကျော်၊ သေဆုံးသူ ၃၇၂ ဦး၊ မလေးရှားနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၁၀၀၀၀ ကျော်၊ သေဆုံးသူ ၁၂၈ ဦး၊ ထိုင်းနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၃၄၀၀ ကျော်၊ သေဆုံးသူ ၅၈ ဦး၊ မြန်မာနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၄၂၀၀ ကျော်၊ သေဆုံးသူ ၆၁ ဦး၊ ဗီယက်နမ်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၅ ဦး၊ ဘူတန်နိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂၄၆ ဦးနှင့် လာအိုနိုင်ငံတွင် ရောဂါဖြစ်ပွားသူ ၂၃ ဦးရှိသည်ဟု ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၃၀ ကျော်အထိ မြင့်တက်လာပြီး ကူးစက်မှုနှုန်း မြင့်မားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO က သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက် ဥရောပတစ်ဝန်းရှိ နေရာအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှု တားဆီးရန် စည်းမျဉ်းအသစ်များကို စက်တင်ဘာ ၁၈ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

COVID-19 ဒုတိယလှိုင်းအစ

မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားပါက ရောဂါထိန်းချုပ်ရေး၊ ဓာတ်ခွဲစစ်ဆေးရေး၊ အသွားအလာကန့်သတ်ရေး၊ ကုသရေး အပါအဝင် လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဗဟိုအဆင့် ရောဂါတုံ့ပြန်ဆောင်ရွက်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းအစီအစဉ်များ ပြုလုပ်ကာ ကြိုတင်ပြင်ဆင်ခဲ့သည်။

ကူးစက်ကပ်ရောဂါ ထိန်းချုပ်မှုနိယာမများနှင့် COVID-19 ဗိုင်းရပ်စ်ပိုး၏ ပြောင်းလဲနေသော ကူးစက်ဖြစ်ပွားမှု ပုံသဏ္ဌာန်တို့ကို နောက်ခံထားစဉ်းစားပါက ဒုတိယလှိုင်းသည် ကြီးမားနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးချက်ထုတ်ပြန်ကာ သတိပေးခဲ့ပြီးနောက် သြဂုတ် ၁၆ ရက်နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်တွင် COVID-19 ပိုးတွေ့ရှိမှုများ ဆက်တိုက်မြင့်တက်လာခဲ့သည်။

သြဂုတ် ၁၆ ရက်မှ စက်တင်ဘာ ၁၈ ရက်အထိ ရခိုင်ပြည်နယ်တွင် ပိုးတွေ့ရှိမှုအခြေအနေအရ မြို့နယ် ၁၇ မြို့နယ်တွင် ပိုးတွေ့ရှိသူပေါင်း ၈၈၆ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာအများစုမှာ စစ်တွေမြို့မှ ဖြစ်ခဲ့သည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်မှုမှာ တည်ငြိမ်နေပြီဖြစ်ပြီး တစ်ရက်အတွင်း လူနာသစ်တိုးနှုန်း အနည်းငယ်သာ ကျန်ရှိတော့သည်။    

စက်တင်ဘာ ၁၈ ရက်တွင် COVID-19 ရောဂါကူးစက်ခံရသူများအနက် စစ်တွေဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၇၈ ဦး ရှိလာခဲ့ပြီး ဆေးရုံတွင် လူနာ ၂၀၈ ဦးသာ ကျန်တော့ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က “ အခုဖြစ်တာက အလွှာအသီးသီးကပါတယ်။ စစ်တွေမြို့မရဲစခန်းကလည်း ပါတယ်။ ဒီနေ့စာရင်းအရ ဆိုရင်တော့ စစ်တွေဆေးရုံက ဆင်းခွင့်ရသူ ၂၇၈ ဦးရှိသွားပြီပေါ့။ ကျန်တာကတော့ ၂၀၈ ဦးရှိတယ်” ဟု   ဆိုသည်။

နေ့စဉ် ဆေးရုံဆင်းခွင့်ရရှိသူများ ရှိလာခဲ့သည့်အတွက် လူနာ နည်းပါးလာခဲ့ပြီး စက်တင်ဘာ ၁၇ ရက်တွင်လည်း ဆေးရုံဆင်းခွင့်ရသူ ၁၇ ဦးရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဆေးရုံဆင်းခွင့်ရသူများမှာမူ နှစ်ကြိမ်တိုင် ဆေးစစ်ဆေးခဲ့သော်လည်း ရောဂါပိုးမတွေ့ရသည့်အတွက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သြဂုတ် ၁၆ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် COVID-19 ဒုတိယလှိုင်း ဖြစ်ပွားမှု စတင်ခဲ့ပြီးနောက်  ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသူများကို ဆက်သွယ်၍ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။  ထိုကဲ့သို့ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရခြင်းမှာ သြဂုတ် ၁၀ ရက်မှ ၂၇ ရက်အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ ၅၇၀၀ ကျော်ရှိခဲ့ပြီး ထိုသူများအနက် အချို့မှာ COVID-19 ကူးစက်နိုင်ခြေရှိနေ၍ စစ်ဆေးခြင်းဖြစ်သည်။ 

ထိုကဲ့သို့ ကျန်းမာရေးစစ်ဆေး မှုများ ပြုလုပ်နေစဉ် သြဂုတ်နောက်ဆုံးပတ်က ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသည့် ရန်ကုန်တိုင်းမှ တစ်ဦးနှင့် ရခိုင်ပြည်နယ်မှ ၁၁ ဦး စုစုပေါင်း COVID-19 လူနာသစ် ၁၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရန်ကုန်မြို့တွင် ပိုးတွေ့လူနာသစ်များ ဆက်တိုက်တွေ့ရှိလာခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် Quarantine နေရာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)

နေ့စဉ် လူနာသစ်တိုးနှုန်း၊ သေဆုံးနှုန်းများနှင့် အထိနာနေဆဲ ရန်ကုန်

COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့ခြင်းမရှိ၊ ပြည်ပနိုင်ငံများသို့လည်း ခရီးသွားရာဇဝင်မရှိဘဲ ရန်ကုန်တိုင်းဒေသကြီး၌ တွေ့ရှိရသည့် ကွင်းဆက်ပြတ်လူနာ ခြောက်ဦးအပါအဝင် သြဂုတ် ၃၀ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၄၂ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာများ နေ့စဉ်ဆက်တိုက်တိုးလာခဲ့၍ ရန်ကုန်တိုင်းတွင် ဒေသတွင်းကူးစက်မှုများအတွက် ပိုးတွေ့သူနှင့် အနီးကပ် ထိတွေ့ခဲ့သူများကို ရှာဖွေဓာတ်ခွဲစစ်ဆေးခဲ့သည်။

ထိုစဉ်က စံချိန်တင်အဖြစ် COVID-19 အတည်ပြုလူနာသစ် ၁၀၀ တွေ့ရှိမှု အပါအဝင် စက်တင်ဘာ ၆ ရက်တွင် ပိုးတွေ့ရှိသူ ၁၆၆ ဦးရှိခဲ့ပြီးနောက်ပိုင်း ပိုးတွေ့လူနာ ရာနှင့်ချီ တွေ့ရှိမှုများ လက်ရှိအချိန်အထိ နေ့စဉ်ရှိလာခဲ့သည်။ 

စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက် တစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ပိုးတွေ့လူနာသစ် ၂၈၀ ကျော် ထပ်တိုးပြီး Quarantine နေရာ ၉၂ နေရာတွင် အသွားအလာကန့်သတ်ထားရှိသူ ၆၆၀၀ ကျော် ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ စက်တင်ဘာ ၁၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုးတွေ့ရှိမှုအခြေအနေအရ သင်္ဃန်းကျွန်းမြို့နယ်တွင် ၃၂၇ ဦး၊ အင်းစိန်မြို့နယ်တွင် ၁၆၈ဦး၊ တောင်ဥက္ကလာပမြို့နယ်တွင် ၁၆၄ ဦး၊ လှိုင်မြို့နယ်တွင် ၁၅၈ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၂၃ ဦး၊ တာမွေမြို့နယ်တွင် ၁၅၁ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၂၃ ဦး၊ သာကေတမြို့နယ်တွင် ၁၂၃ ဦး၊ ကမာရွတ်မြို့နယ်တွင် ၈၉ ဦး၊ ဗိုလ်တထောင်မြို့နယ်တွင် ၇၇ ဦး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၉၆ ဦး ၊ မင်္ဂလာဒုံမြို့နယ်တွင် ၈၈ ဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၈၂ ဦး၊ လှိုင်သာယာမြို့နယ်တွင် ၉၅ ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် ၇၆ ဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၇၂ ဦး၊ ဒလမြို့နယ်တွင် ၆၃ ဦး၊ စမ်းချောင်းမြို့နယ်တွင် ၅၃ ဦး၊ ပုဇွန်တောင်မြို့နယ်တွင် ၅၆ ဦး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၆၅ ဦး၊ လမ်းမတော်မြို့နယ်တွင် ၆၀၊ ရန်ကင်းမြို့နယ်တွင် ၄၇ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ၄၆ ဦး၊ ရွှေပြည်သာမြို့နယ်တွင် ၄၉ ဦး၊ ဗဟန်းမြို့နယ်တွင် ၄၄ ဦး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် ၃၉ ဦး၊ ကျောက်တံတားမြို့နယ်တွင် ၃၉ ဦး၊ ဒေါပုံမြို့နယ်တွင် ၃၇ ဦး၊ ကော့မှူးမြို့နယ်တွင် ၃၀ ဦး၊ ဒဂုံမြို့နယ်တွင် ၃၈ ဦး၊ အလုံမြို့နယ်တွင် ၃၁ ဦး၊ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တွင် ၂၅ ဦး၊ သန်လျင်မြို့နယ်တွင် ၃၈ ဦး၊ တွံတေးမြို့နယ်တွင် ၁၈ ဦး၊ လသာမြို့နယ်တွင် ၂၆ ဦး၊ လှည်းကူးမြို့နယ်တွင် ၁၃ ဦး၊ ကျောက်တန်းမြို့နယ်တွင် ခြောက်ဦး၊ ဆိပ်ကြီးခနောင်တိုမြို့ နယ်တွင် ခုနစ်ဦး၊ မှော်ဘီမြို့နယ်တွင် ခြောက်ဦး၊ ခရမ်းမြို့နယ်တွင် ခုနစ်ဦး၊ သုံးခွမြို့နယ်တွင် သုံးဦး၊ ထန်းတပင်မြို့နယ်တွင် ခြောက်ဦး၊ တိုက်ကြီးမြို့နယ်တွင် တစ်ဦးနှင့် ကွမ်းခြံကုန်းမြို့နယ်တွင် လေးဦး စုစုပေါင်း ၂၇၄၇ ဦး ရှိလာပြီဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ များပြားနေခြင်းကြောင့် ယာယီဆေးရုံများ ထပ်မံတည်ဆောက်ခြင်း၊ အသွားအလာကန့်သတ်ထားရှိမည့်နေရာများ တိုးချဲ့ခြင်းများ ဆောင်ရွက်နေပြီး ရောဂါဖြစ်ပွားမှုနှုန်း များနေသည့် မြို့နယ်များရှိ COVID ကော်မတီများကလည်း ၎င်းတို့၏ အစီအစဉ်ဖြင့် ပိုးတွေ့လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို Quarantine ထားရှိနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။

လက်ရှိ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် ဖွင့်လှစ်ထားသည့် Quarantine စင်တာများ၌ COVID-19 ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများကို ထားရှိစောင့်ကြပ်လျက်ရှိသည်။

“ လက်ရှိ Quarantine စင်တာမှာ အားလုံးပေါင်း ၄၈ ယောက်ရှိပါတယ်။ အမျိုးသမီးက ၂၈ ယောက်၊ အမျိုးသားက ၂၀ ရှိပါတယ်။ စင်တာမှာ အဓိကအားဖြင့် Primary Contact တွေကို ထားပြီး အခုစင်တာမှာတင် Swab ယူနိုင်ဖို့ ကျန်းမာရေးဌာနကို တင်ပြထားပါတယ်။ တခြား Quarantine စင်တာမှာလည်း အကုန် Swab ယူနေပြီ။ အခုကျွန်တော်တို့က ကိုယ့်မြို့နယ်က သူတွေကိုပဲ အဝေးကြီးသွားရရင် အဆင်မပြေမှာစိုးလို့ ကိုယ့်မြို့နယ်မှာပဲ Quarantine စင်တာထားပြီး လုပ်နေတာပေါ့။ အခုတော့ ကျန်းမာရေးဌာနကို တင်ပြထားပါတယ်။ Swab ယူတာကတော့ ကျန်းမာရေးဌာနကပဲ ဆောင်ရွက်မှာပါ။ Quarantine စင်တာမှာထားလို့ ပိုးတွေ့တယ်ဆိုရင် ဆေးရုံတွေကို လွှဲပြောင်းပေးပါတယ်။ စင်တာမှာ စားသောက် နေထိုင်ရေးအတွက် မြို့နယ် COVID ကော်မတီရဲ့ ရန်ပုံငွေနဲ့ ကျွေးမွေးတာ ဖြစ်ပါတယ်။ နေရာထိုင်ခင်းအတွက်က ဘုရားကနေ ပေးထားတာပါ။ စင်တာက လူဦးရေ ၆၀ ဆံ့တယ်။ အခုပြည့်တောင် ပြည့်တော့မှာဆိုတော့ နောက်ထပ်နေရာတွေ ရှာနေပါတယ်။ လောလောဆယ် မြို့နယ်အတွင်းက အခြေခံပညာကျောင်းတွေကို ဦးစားပေးညှိနှိုင်းနေပါတယ်။ သွားလို့လာလို့လည်း လွယ်တဲ့နေရာမျိုး၊ လူအများကြီးနေတဲ့ ရပ်ကွက် မဟုတ်တဲ့ကျောင်းမျိုး၊ လမ်းမတန်းမှာရှိမယ့်ကျောင်းမျိုး ဒါမျိုးတွေကို အဓိက ဦးစားပေးရှာပြီး ညှိနှိုင်းနေပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ လူဦးရေ ၆၀ ဆံ့ Quarantine စင်တာကို  ဥက္ကလာပဘုရားဝင်းအတွင်းရှိ မုနိနှစ်ထပ် ဓမ္မာရုံအဆောင်တွင် ဖွင့်လှစ်ထားရှိပြီး COVID-19 ပိုးတွေ့လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများကို ထားရှိကာ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်။

“ ဥက္ကလာပစေတီဝင်း မုနိဓမ္မာရုံနောက်က သုဓမ္မစာရီယောဂီဆောင်မှာ အထပ်နှစ်ထပ်ရှိတော့ အောက်ထပ်မှာ နှစ်ယောက်ခန်း ၁၄ ခန်းကို အမျိုးသမီးတွေ ထားတယ်။ အပေါ်ထပ်မှာ Hall ခန်းရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့မှုမရှိအောင် ပလတ်စတစ်နဲ့ ခွဲထားတယ်။ အဲဒီမှာ ၂၃ နေရာ ပြင်ဆင်ထားတယ်။ အကြမ်းဖျင်း လူ ၅၀ စာထည့်သွင်းဖို့ ပြင်ဆင်ထားတယ်။ စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီကနေ လူတွေကို စထားတယ်။ လောလောဆယ် ၄၅ ယောက်ရှိတယ်။ ၁၄ ရက်ပြည့်လို့  ၄၅ ယောက် ထွက်သွားပြီဆိုရင် နောက်တစ်သုတ်ထပ်ထားမယ်။ Positive လူနာတွေရဲ့ အတူနေ မိသားစုတွေကို ထားတာပါ” ဟု တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးက ပြောကြားသည်။

အလားတူ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးကောလိပ်တွင် COVID-19 ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများကို ထားရှိထားကြောင်း၊ လက်ရှိတွင် အဆိုပါ Quarantine စင်တာ၌ လူဦးရေ ၁၀၀ ထားရှိထားကြောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆောက်လုပ်ရေးဝင်းတွင်လည်း Quarantine စင်တာ ဖွင့်ထားပြီး အဆိုပါနေရာတွင် ပိုးရှိသူနှင့် ထိတွေ့ခဲ့သူ လူဦးရေ ၆၀ ခန့် ထားရှိထားကြောင်း ယင်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်ရှိ (၇) ရပ်ကွက်၊ ခရစ်ယာန်ရဟန်းဖြစ် တက္ကသိုလ်တွင်လည်း Quarantine စင်တာများ ဖွင့်လှစ်ထားပြီး စက်တင်ဘာ ၁၆ ရက် ညနေပိုင်းအထိ လူဦးရေ ၂၀ ကျော် ပို့ဆောင်ထားကြောင်း မြန်မာ့ကြယ်ဖြူ လူမှုဖွံ့ဖြိုးတိုးတက်ရေး ပရဟိတအသင်းမှ ကိုလွင်မောင်က ဆိုသည်။

လတ်တလောအခြေအနေအရ ရန်ကုန်မြို့တွင် နေ့စဉ်လူနာ ၂၀၀ ကျော် တိုးနေရာ ဆေးရုံဆင်းလူနာ ၁၀၀ ခန့်သာ ရှိသဖြင့် လှိုင်နှင့် ဒဂုံဆိပ်ကမ်းရှိ COVID-19 ကုသရေးဌာနများကို ထပ်မံဖွင့်လှစ်ထားပြီး ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်သလို ရောဂါကုသရေးဌာန (သုဝဏ္ဏ) တွင် ထားရှိမည့် ရောဂါမပြင်းထန်သော ပိုးတွေ့လူနာများကို သတ်မှတ်ရက်ထက် တစ်ရက်စော၍ စက်တင်ဘာ ၁၉ ရက် ညပိုင်းမှစ၍ စတင်လက်ခံမည်ဟု အသိပေးထားရာ ထိုကဲ့သို့ ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်လာခြင်းသည် ဝင်ဆံ့ပမာဏထက် ပိုမိုလက်ခံကုသပေးနေရသည့် COVID-19 ကုသရေး အထူးကု ဆေးရုံကြီးများအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

COVID-19 ကုသရေးဌာန (သုဝဏ္ဏ) တွင် လူနာများထားရှိရန် ပြင်ဆင်ထားသည်ကို စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ်

COVID ကြောင့် သေဆုံးသူဦးရေ တစ်ရှိန်ထိုး မြင့်တက်လာသော မြန်မာနိုင်ငံ

COVID-19 ပိုးတွေ့လူနာ ၄၆၂၁ ဦး ရှိလာပြီး စက်တင်ဘာ ၆ ရက်မှ ၁၉ ရက် ညနေပိုင်းအထိ ၁၃ ရက်အတွင်း သေဆုံးသူ ဦးရေ ၁၀ ဆကျော်အထိ မြင့်တက်လာပြီဖြစ်သည်။      

စက်တင်ဘာ ၆ ရက်အထိ COVID-19 ကြောင့် သေဆုံးသူ ရှစ်ဦးသာ ရှိခဲ့သော်လည်း ၁၃ ရက်တာ ကာလအတွင်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၆ ရက်တွင် သေဆုံးသူ ရှစ်ဦးရှိခဲ့ရာမှ   စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ သေဆုံးသူ ၈၁ ဦးရှိလာသဖြင့် ၁၃ ရက်အတွင်း သေဆုံးသူပေါင်း ၇၃ ဦး ထပ်မံမြင့်တက်လာခဲ့၍ ၁၀ ဆကျော် တက်လာခြင်းဖြစ်သည်။

ယခင်က COVID-19 နှင့် ဆက်နွှယ်ပြီး သေဆုံးသူများတွင် အသက်အရွယ်ကြီးရင့်သူများသာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ အသက်ငယ်ရွယ်သူများ၊ သက်လတ်ပိုင်းများလည်း ပါဝင်လာခဲ့သည်။

စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ ထပ်မံသေဆုံးသူ ငါးဦးရှိပြီး ၎င်းတို့မှာ COVID-19 ကုသရေးဌာန၊ ရန်ကုန်တွင် တက်ရောက်ကုသနေသော အသက် ၆၄ နှစ် အရွယ်အမျိုးသား Case-3506 သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် ၆၂ နှစ်အရွယ် အမျိုးသား Case- 4384 သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် ၈၄ နှစ်အရွယ် အမျိုးသမီး Case- 4382 သည် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် ၈၅ နှစ်အရွယ် အမျိုးသား Case- 4429 သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော အသက် ၆၅ နှစ်အရွယ် အမျိုးသမီး Case- 4389 သည် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ခြောက်ဦး ထပ်မံသေဆုံးပြီး ၎င်းတို့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၆၈ နှစ်အရွယ် အမျိုးသား Case- 4035 သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၆၅ နှစ် အရွယ်အမျိုးသား Case- 4388 သည် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင်လည်းကောင်း၊ တောင်ဥက္ကလာပဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၆၀ အရွယ်အမျိုးသား 4029 သည် စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် လည်းကောင်း၊ COVID-19 ကုသရေးဌာန (ဒဂုံဆိပ်ကမ်း) တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၈၄ နှစ်အရွယ် အမျိုးသမီး Case- 3141 သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင်လည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် တက်ရောက်ကုသလျက်ရှိသော အသက် ၈၁ နှစ်အရွယ် အမျိုးသား Case- 4403 သည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင်လည်းကောင်း၊ မြောက်ဥက္ကလာပဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိသော အသက် ၆၄ နှစ်အရွယ် အမျိုးသား Case- 4374 သည် စက်တင်ဘာ ၁၆ ရက် ညပိုင်းတွင်လည်းကောင်း သေဆုံးခဲ့ရာ စက်တင်ဘာ ၁၉ ရက် ညနေ ၄ နာရီအထိ သေဆုံးသူစုစုပေါင်း ၈၁ ဦးရှိပြီဖြစ်သည်။

လက်ရှိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်)၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ ၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ ၊ စစ်တွေ၊ ကျောက်ဖြူ၊ မြောင်းမြ၊ မူဆယ်၊ မြိတ်၊ တောင်ငူ၊ ပြည်၊ ဘားအံ၊ ဟားခါး၊ တီးတိန် စသည့်မြို့များမှ ပြည်သူ့ဆေးရုံကြီးများတွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လက်ရှိတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တနေ့လျှင် ဓာတ်ခွဲစစ်ဆေးမှုပမာဏ ၄၅၀၀ မှ ၅၅၀၀ ဝန်းကျင် စစ်ဆေးပေးနေသည်ဟု ဗဟိုကူးစက်ရောဂါဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်ကာလက ဓာတ်ခွဲစစ်ဆေးမှုများကို တစ်နေ့လျှင် ၁၀၀၀ ကျော်၊ ၂၀၀၀ ဝန်းကျင်သာ စစ်ဆေးနိုင်ခဲ့ပြီး COVID-19 ဒုတိယလှိုင်း စတင်သည့် သြဂုတ်လ ဒုတိယပတ်မှစ၍ ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြင့်လာရာ တစ်နေ့လျှင် ၃၀၀၀ ကျော်၊ ၄၀၀၀ ကျော်မှ လက်ရှိတွင်မူ ၄၅၀၀ မှ ၅၅၀၀ အထိ တိုးမြှင့်စစ်ဆေးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ ကျွန်မတို့ရဲ့ စစ်နိုင်တဲ့အတိုင်းအတာက အကန့်အသတ်နဲ့ ရှိတယ်။ ဒါတောင်မှ ကျွန်မတို့ ကျန်းမာရေးဝန်ကြီးဌာနရော ဆေးရုံတွေမှာရော စစ်ဆေးပေးတာတွေ အကုန်လုံး သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာ Gene Xpert စက်နဲ့ ပေါင်းလိုက်လို့သာ ဒီလောက်ဖြစ်လာတာပါ။ ကျွန်မတို့မှာလည်း အကန့်အသတ်က ရှိတဲ့အတွက်ကြောင့် ဒီလောက်ဝန်းကျင်စစ်တယ်။ ဒါကြောင့်မို့ နဂိုကတည်းက ပိုးတွေ့နိုင်ခြေရှိတဲ့သူတွေကို စစ်တာဖြစ်တဲ့အတွက် ပိုးတွေ့တာလည်းများ ရခြင်းဖြစ်ပါတယ်။ လက်ရှိအဓိက စစ်တာ ခြောက်ခုရယ်၊ တခြားဆေးရုံတွေမှာ စစ်တာ ၁၃ ခုရယ် စစ်နိုင်တာဆို ၄၅၀၀ ဝန်းကျင်လောက် ရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေကိုတော့ ထပ်တိုးပြီး လုပ်ဖို့က အများကြီးထပ်တိုးပြီး လုပ်ဖို့က မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ တိုင်းပြည်ကလည်း နဂိုကတည်းက Limited Resources ဖြစ်ပါတယ်။ ဓာတ်ခွဲပစ္စည်းတွေ ဘာတွေကလည်း အကုန်လုံးက WHO တို့ Unicef တို့လို သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ဒါတွေက ဆောင်ရွက်တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ဓာတ်ခွဲပစ္စည်းက လက်ထဲမှာရှိတာ တစ်သိန်းကျော်ရှိပါတယ်။ နောက်ထပ်ရောက်မှာလည်း တစ်သိန်းကျော်ရှိပါတယ်။ ဒါက လက်ရှိအနေအထားအရပေါ့။ အခုစစ်တာ ၄၀၀၀ ကျော် ၅၀၀၀ ဆိုတာက မိုင်ကုန်ပါပဲ” ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

Most Read

Most Recent