ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာမှုကြောင့် ထိခိုက်နစ်နာနေကြသည့် တောင်သူများအတွက် ဖြေဆေးမရှိသေးပါ

ရာသီဥတု ပြောင်းလဲ ဖောက်ပြန်လာမှုကြောင့် ထိခိုက်နစ်နာနေကြသည့် တောင်သူများအတွက် ဖြေဆေးမရှိသေးပါ
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 16 August 2020
ဌေးလှအောင်

■ ရွှေကိုမလို ရေကိုလိုကြသူများ

“မိုးစပါး မစိုက်ရတာ သုံးနှစ်ရှိသွားပြီ။ ဒီနှစ်လည်း မိုးခေါင်နေတော့ မိုးစပါးမစိုက်ရဘူး။ မိုးရွာဦးမှာလားလို့ တောင်သူတွေက မျှော်နေကြတာ။ မိုးက ရေရတဲ့အထိ မရွာဘူး။ စိုက်ပျိုးထားတဲ့ သီးနှံအချို့လည်း မိုး မရွာလို့ ပျက်စီးသွားတယ်။ အခက်အခဲတွေ ကတော့အများကြီးပေါ”

မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှ ဆည်ရေမရရှိသည့် မိုးကောင်းသောက် တောင်သူတစ်ဦးက သူတို့အညာ ဒေသ၏ ပစ္စက္ခအခြေအနေကို ဖွင့်ဟပြောပြခဲ့သည်။

မိုးလယ်ကာလသို့ ရောက်ရှိလာပြီဖြစ်သော်လည်း ထိုအညာဒေသတွင် မိုးကောင်းစွာမရွာသဖြင့် တောင်သူများ မိုးစပါးစိုက်ပျိုး ရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဆည်ရေမရရှိသဖြင့် မိုးရေကိုသာ အဓိကအားထား စိုက်ပျိုးနေရသည့်တောင်သူများမှာ မိုးခေါင်နေမှုကြောင့် မိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

ဆည်ရေရရှိသည့် ဒေသမှတောင်သူ များမှာ မိုးစပါး စိုက်ပျိုးနေကြပြီဖြစ်သော် လည်း ဆည်ရေ လုံလောက်စွာမရရှိသည့် ဒေသမှ တောင်သူများမှာ ဆည်ရေကို အ လှည့်ကျစနစ်ဖြင့် ရယူစိုက်ပျိုးနေရခြင်း၊  ဆည်ရေမရောက်ရှိသဖြင့် မိုးစပါးအစား အ ခြားသီးနှံများ စိုက်ပျိုးရခြင်းများလည်းရှိနေ ကြောင်း ဒေသခံတောင်သူများထံမှ သိရ သည်။

မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာမှုများကြောင့် စိုက်ပျိုးရေးကို အဓိကအားထား လုပ်ကိုင်နေကြရသည့်ဒေ သများ၌ မိုးသည်းထန်စွာ ရွာသွန်း၍ရေကြီး ခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်း အစရှိသည့် သဘာဝဘေးဒဏ်တို့ကို ထိခိုက်ခံစားနေကြ ရခြင်းဖြစ်သည်။

ထိုသို့ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ ကြောင့် သီးနှံများ ထိခိုက်ပျက်စီးခြင်း၊ သီးနှံ များ ထွန်ယက်စိုက်ပျိုးနိုင်မှုမရှိခြင်း၊ သီးနှံ အထွက်နှုန်း လျော့ကျခြင်း၊ ဖျက်ပိုးများကျ ရောက်ခြင်း၊ သီးနှံစျေးကွက်မရှိခြင်း၊ အထွေ ထွေစိုက်ပျိုးရေး အာမခံချက်များမရှိခြင်း၊ စိုက်ပျိုးစရိတ်များ ထိခိုက်ဆုံးရှုံးခြင်းအစရှိသည့်ထိခိုက်နစ်နာမှုများနှင့် တောင်သူတို့ မှာ ကြုံတွေ့နေရသဖြင့် တောင်သူလုပ်ငန်း ကို စွန့်ခွာသွားနေကြသူ အများအပြားရှိနေ ပြီဖြစ်သည်။

 

■ အခြားတစ်ဖက်တွင် ရေကြီး၍ တစ်ဖက်၌ မိုးခေါင်နေသောကြောင့်…

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းတို့၌ မိုးခေါင်မှုကြောင့်မိုးရေကိုသာ အဓိကအားထားနေရသည့် ဒေသများ၌ မိုးစပါးစိုက်ပျိုးနိုင်မှုနည်းပါးခဲ့ပြီး  ယခုနှစ်တွင် ယခင်နှစ်က မိုးခေါင်ခဲ့သည့်  ဒေသများ၌ မိုးရေချိန်လက်မပိုမိုရရှိသဖြင့်  မိုးစပါး စိုက်ပျိုးနိုင်ခဲ့သော်လည်း အခြားဒေ သများတွင် မိုးရွာသွန်းမှုနည်းပါးနေသဖြင့် မိုးစပါးစိုက်ပျိုးနိုင်မှု မရှိသေးပေ။ ထို့ပြင် မိုး ခေါင်မှုကြောင့် သီးနှံပင်များ ထိခိုက်ပျက်စီးခြင်း၊ စိုက်ပျိုးရေ လုံလောက်စွာမရရှိခြင်း၊  နွားစာရှားပါးခြင်း၊ မိုးသီးနှံများ လုံလောက်  စွာ စိုက်ပျိုးနိုင်မှုမရှိသေးခြင်း အစရှိသည့် အခက်အခဲများနှင့်လည်း ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရ သည်။

ထိုသို့မိုးခေါင်နေသည့် ဒေသများရှိနေသော်လည်း မိုးရေချိန်လက်မများစွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံခြင်း၊ မြစ်ရေကြီး ခြင်းတို့ကြောင့် ရေကြီးနစ်မြုပ်မှုများကြုံတွေ့ခဲ့ရသည့် ဒေသများလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ဒေသအချို့တွင် ရေကြီးခြင်း မြစ်ရေကြီး၍ ရေနစ်မြုပ်ခြင်းများ လည်း ကြုံတွေ့ခဲ့ရသည်။

ထိုသို့အခြားတစ်ဖက်တွင် ရေကြီးခြင်း၊  မြစ်ရေကြီးခြင်းတို့ ကြုံတွေ့ရစဉ် အခြားဒေသ အချို့တို့၌ မိုးခေါင်နေမှုကြောင့်ရေလုံလောက် မှုမရှိသဖြင့် စိုက်ပျိုးရေးအခက်အခဲပြဿနာ များနှင့် ကြုံတွေ့နေကြရသည်။

ယင်းသို့ ဆည်ရေမရရှိဘဲ မိုးရေကိုသာ အဓိကအားထား စိုက်ပျိုးနေရသည့်တောင်သူများမှာ စက်ရေတွင်းများမှရေတင်စိုက်ပျိုး ရခြင်း၊ ရေတွင်းများတူးဖော်၍ မြေအောက် ရေကို ထုတ်ယူသုံးစွဲနေရခြင်း စိုက်ပျိုးစရိတ် ကြီးခြင်း၊ အလုပ်သမားရှားပါးခြင်းနှင့် စရိတ် ကြီးခြင်း စသည့်အခက်အခဲများနှင့် ကြုံတွေ့ နေရသည်။ ထိုသို့ စိုက်ပျိုးရေ အခက်အခဲရှိ နေသဖြင့် မြစ်ရေတင်စီမံကိန်းများ၊ အခြား သော ရေတင်စီမံကိန်းများအား သက်ဆိုင် ရာအစိုးရက ဆောင်ရွက်ပေးရန်အတွက် တောင်သူများက တောင်းဆိုမျှော်လင့်လျက် ရှိနေကြသည်။

မြန်မာနိုင်ငံသည် အာရှတွင်သာမက ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်ပိုမို ထိခိုက် ခံစားလာနေရသည့် ထိပ်ဆုံးနိုင်ငံ များစာရင်း၌ ပါဝင်နေပြီဟု နိုင်ငံတကာမှ သုတေသနပြုစုထားသည့် စစ်တမ်းအချို့က ဖော်ပြနေကြသည်။ မြန်မာ့ရာသီဥတုပြောင်း လဲလာမှုမှာ၂၀၀၈ ခုနှစ် မေလက နာဂစ်ဆိုင် ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက်ပိုင်း၌ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၏ ဒဏ်များကို ခပ်စိတ်စိတ် ပိုမိုခံစားလာနေကြရပြီ ဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများ ရှိနေကြ သည်။

ထိုသို့ ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုများကြောင့် ကြုံတွေ့လာနေရသည့်သဘာ ဝဘေးများအတွက် မြန်မာနိုင်ငံသည် ကြို တင်ပြင်ဆင်ထားမှု အားနည်းနေဆဲဖြစ်သည့် အပြင် ရုတ်တရက်ဖြစ်ပေါ်လာမှသာ ဆေး မြီးတိုဖြင့် ကုသနေရသည့်အခြေအနေ၌ရှိ နေဆဲဟု သုံးသပ်မှုများရှိနေသည်။

သစ်တောပြုန်းတီးမှု၊ တောတောင်ပြုန်း တီးမှု၊ အဖိုးတန်ဓာတ်သတ္ထုများ အလွန်အ ကျွံ ထုတ်ယူသုံးစွဲမှု၊ မြေအောက်ရေကိုအလွန် အကျွံ ထုတ်ယူသုံးစွဲမှုအစရှိသည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေနိုင်သော လက္ခဏာရပ်များကြောင့် နောက်ဆက်တွဲ ကြုံတွေ့လာရသည့် ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနှင့်အတူ သဘာဝဘေးအန္တရာယ် များကို နှစ်စဉ်ကြုံတွေ့လာနေရပြီဖြစ်သည်။ အနီးဆုံးသာဓကမှာ၂၀၁၅ ခုနှစ်က ပြည် နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့ သည့် ရေကြီးမှုနှင့် မြေပြိုမှုများ ဆိုးရွားစွာ ကြုံတွေ့ခဲ့ကြရပြီး သဘာဝဘေးကြောင့် လူထိခိုက်သေဆုံးမှုများရှိခဲ့သည့်ဖြစ်စဉ်မှာ ပြောင်းလဲဖောက်ပြန်လာသော ရာသီဥတု၏ သတိပေးမှုများအနက် တစ်ခုအပါအဝင်ဖြစ် သည်။ ယင်းနောက်နှစ်များတွင်လည်း ရေ ကြီးခြင်း၊ မိုးခေါင်ခြင်းများ ဆက်တိုက်ဖြစ် ပေါ်နေခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးနှင့် အောက်ပိုင်းဒေသဖြစ်သည့် ပဲခူး တိုင်းဒေသကြီးအတွင်းမှ ဒေသအချို့တို့တွင် မိုးခေါင်နေမှုကြောင့် မိုးရေကိုအဓိကအား ထား စိုက်ပျိုးနေရသည့် တောင်သူအများစု မှာ မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးထွန်ယက် နိုင်ခြင်းမရှိခဲ့ဘဲ တောင်သူအချို့သာ ရေ တွင်း၊ ရေကန်အချို့မှရေဖြင့် စိုက်ပျိုးနိုင်ခဲ့ သည်။ မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် ရေ လုံလောက်စွာ မရရှိခြင်းနှင့် သီးနှံများထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဆည် ရေရရှိသည့် တောင်သူအများစုသာ မိုးစပါး နှင့် မိုးသီးနှံစိုက်ပျိုးနိုင်ခဲ့သော်လည်း အဆိုပါ တောင်သူများသည်လည်း ဆည်ရေနည်းပါး နေမှုကြောင့် စိုက်ပျိုးရေကို အလှည့်ကျသုံးစွဲ ၍စိုက်ပျိုးနေရသည်။ အချို့ ဆည်ရေမရောက် သဖြင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသည်။

 

■ ဆည်ရေမလုံလောက်မှု၊ မိုးခေါင်မှုကြားက တောင်သူတို့၏ သောက

“ဒီနှစ်လည်း မနှစ်ကလိုပါပဲ။ ဆည်ရေ က လိုသလောက်မရကြဘူး။ တောင်သူတွေ က အလှည့်ကျနဲ့ စိုက်ပျိုးနေရတာ။ လုံ လောက်အောင်အထိ မရကြဘူး။ ဆည်တော် ကြီးဆည်ထဲမှာ ရေနည်းနေတယ်လို့ ကြားရ တယ်။ မိုးကလည်းခေါင်တော့ ဆည်ထဲမှာ ရေအဝင်နည်းနေတာ။ တချို့တောင်သူတွေ ဆို ရေမလုံလောက်လို့ မိုးစပါးမစိုက်တော့ ဘဲ အခြားသီးနှံတွေ စိုက်ပျိုးဖို့ ပြင်ဆင်နေကြ တယ်။ ဘာကြောင့်ဆိုရင် မိုးစပါးစိုက်ပျိုး ထားပြီးတော့ ရေလုံလောက်အောင်မရရင် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဒါ ကြောင့် အခြား ရေလိုအပ်မှုနည်းတဲ့ သီးနှံ တွေ ပြောင်းစိုက်ကြဖို့ ပြင်နေကြတာ။ မနှစ် ကဆိုရင် ဆည်ရေလုံလောက်အောင် မရတဲ့ အတွက် စက်တွေနဲ့ရေတင်ပြီးတော့ စိုက်ကြ ရတယ်။ ကုန်ကျစရိတ်တွေ ပိုများသွားတယ်။ အလုပ်သမားစရိတ်ကလည်း ကြီးတယ်။ ရာ သီဥတုကမမှန်တော့ အချို့တောင်သူတွေ ဆို အရင်းပါမရဘဲ စိုက်ပျိုးစရိတ်ပါ ဆုံးရှုံး တာတွေရှိတယ်။ အခုလည်း ဆည်ရေကမလုံ လောက်တော့ ရေဝပ်နိုင်တဲ့ ချိုင့်နေရာ လောက်ပဲ စပါးစိုက်ကြတယ်။ အခြားကုန်း နေရာမှာ နှမ်းတို့ ဘာတို့ပေါ့။ သီးနှံတွေ ပြောင်းစိုက်နေကြတယ်။ အချို့တောင်သူ တွေကတော့ မိုးသီးနှံစိုက်ကြဖို့ မိုးကိုပဲစောင့် နေကြတယ်။ တောင်သူတွေကတော့အခက် အခဲတွေ အများကြီးပါ” ဟု မတ္တရာမြို့နယ် အတွင်းမှ ဆည်ရေသောက်တောင်သူတစ်ဦး က ဆိုသည်။

ထိုသို့ ဆည်ရေသောက်တောင်သူများ အနေဖြင့် ဆည်ရေမလုံလောက်မှု ဆည်ရေ ကို အလှည့်ကျ သုံးစွဲနေရမှု အခက်အခဲများ နှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သြဂုတ် ၁၄ ရက် က ရေလှောင်တမံများတွင် ဆည်ရေလျော့ နည်းမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အခြေ အနေများကို တောင်သူများထံသို့အသိပေး နှိုးဆော်ချက်တစ်စောင် ထုတ်ပြန်ကြေညာ ခဲ့သည်။

တောင်သူများထံသို့ အသိပေးနှိုးဆော် ချက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တည် ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံ အများစုတွင်၂၀၂၀ ပြည့်နှစ် မိုးရာသီအတွင်း စီးဝင်ရေပမာဏမှာ ယခင်နှစ်များက ကာလ တူပမာဏထက် နည်းပါးလျက်ရှိသည့်အတွက် သိုလှောင်ရေပမာဏမှာလည်း လျော့နည်း ကျဆင်းလျက်ရှိကြောင်း၊ ယခုနှစ်မိုးရာသီ တွင် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန် မိုးစပါး စိုက်ပျိုးရေ ပေးဝေခြင်းအပြင် ယခင် မိုးစပါးစိုက်ပျိုးရေ ပေးဝေရန် မလိုအပ်သည့် မိုးကောင်းသော ဒေသများတွင်လည်း ဖြည့် စွက်ရေများ ပေးဝေနေရသည့် အခြေအနေ များ ကြုံတွေ့နေရသဖြင့် ယခုနှစ်လျာထား မိုးစပါးစိုက်ဧကများ ပြည့်မီစွာ ရေပေးဝေနိုင် ရန်နှင့် လာမည့်နွေရာသီတွင်လည်း ဆည် အတွင်း ကျန်ရှိသိုလှောင်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံများ ယခင်နှစ်လျာထားပမာဏ များအတိုင်း ပြည့်မီစွာ စိုက်ပျိုးရေပေးဝေနိုင် ရန်နှင့် သောက်သုံးရေ လုံလောက်စွာပေးဝေ နိုင်ရန်အတွက် ရေအသုံးချသူများ အဖွဲ့များ နှင့်အတူ ဆည်ရေကို စနစ်တကျ ချွေတာသုံး စွဲလျက်ရှိသည့်အပြင် အားလုံးသော တောင် သူလယ်သမားများနှင့် ပြည်သူများမှလည်း မိမိတို့ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ ဌာနများနှင့်အတူ ၀ိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ် ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

ထိုသို့ ဆည်တမံများ၌ ရေပမာဏနည်း ပါးနေသဖြင့် ဆည်ရေသောက်တောင်သ ူများမှာ ဆည်ရေ အလုံအလောက်မရရှိခြင်း တို့ဖြင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး ဆည်ရေမရ ရှိသည့်ဒေသများရှိ မိုးကောင်းသောက်ဒေသ များသို့ပါ ဆည်ရေများ ဖြည့်စွက်ဖြန့်ဝေ ပေးနေရခြင်း၊ မိုးစပါးစိုက်ဧကများ ပြည့်မီ စေရန်အတွက် ရေကိုချွေတာပေးဝေနေရ ခြင်း၊ ယခင်နှစ်က ယခုကဲ့သို့ ဆည်ရေများ လျော့နည်းခဲ့သဖြင့် နွေစပါးစိုက်ပျိုးရေ ပေး ဝေနိုင်ခဲ့ခြင်းမရှိသဖြင့် နွေစပါးစိုက်ပျိုးနိုင် ခဲ့မှုမရှိသဖြင့် ယခုနှစ်တွင် နွေစပါးနှင့်အခြား သီးနှံများကို ယခင်နှစ်လျာထားပမာဏများ အတိုင်း ဆည်ရေပေးနိုင်ရန်နှင့် သောက်သုံး ရေဖူလုံစေရန်အတွက် လက်ရှိတွင်ဆည်ရေ ကို ချွေတာသုံးစွဲနေရကြောင်း ထုတ်ပြန်ထား သည်။

ထို့ပြင် ယခင်နှစ်ကာလကလည်း ဒေ သအနှံ့အပြားတွင် မိုးခေါင်ခဲ့မှုကြောင့် ဆည် ရေများ လျော့ကျသွားခြင်း၊ ရေလှောင်တမံ အချို့ ရေခန်းခြောက်ခြင်း၊ မိုးစပါးစိုက်ပျိုး နိုင်မှုမရှိခြင်း၊ သီးနှံစိုက်ခင်းများ ပျက်စီးခြင်း၊  စိုက်ပျိုးပြီးသီးနှံများ ပိုးမွှားများ ကျရောက် ခြင်း၊ သီးနှံအထွက်နှုန်းများ လျော့ကျခြင်း၊  စိုက်ပျိုးစရိတ်များ ဆုံးရှုံးခြင်းအစရှိသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း ဒေ သခံတောင်သူများထံမှ သိရသည်။ ထို့ကြောင့် ယခုနှစ်တွင်လည်း မိုးရွာသွန်းမှု နည်းပါးသ ဖြင့် မိုးခေါင်နေသည့် ဒေသများတွင် မိုးစပါး စိုက်ပျိုးနိုင်မှုမရှိခြင်း၊ သီးနှံများ ထိခိုက်ပျက် စီးခြင်းတို့နှင့် ကြုံတွေ့လျက်ရှိကြောင်း သိ ရသည်။

ယခင်နှစ်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ဆိုးရွားသည့်မိုးခေါင်ခဲ့မှုကြောင့် အရှေ့တောင်အာရှ၌ အကြီးဆုံးဆည်တစ်ခု ဖြစ်သည့် သဖန်းဆိပ်ဆည်မှာ ဆည်တည် ဆောက်ပြီး နှစ်ပေါင်း၂၀ ကာလအတွင်း အချိန်အကြာဆုံးနှင့် ရေအနည်းဆုံးကာလ သို့ ရောက်ရှိသွားခဲ့သည်ကို ကြုံတွေ့ခဲ့ရ သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင် တမံမှ အောက်ဘက် ကိုးမိုင်အကွာရှိ ကင်း တပ်ရေထိန်းတမံ၏ လက်ယာတူးမြောင်းမ ကြီးနှင့် လက်ဝဲတူးမြောင်းမကြီးတို့မှ စိုက်ပျိုး ရေဧက ၁၇၀၀၂၀ ဧက၊ ကင်းတပ်ရေထိန်း တမံမှ အောက်ဘက်၂၄ မိုင်အကွာရှိ ကာဘိုး ရေလွှဲဆည်မှ ရွှေဘိုမြောင်းမတော်၊ ရေဦး မြောင်းမတော်တို့မှ စိုက်ပျိုးရေဧက ၃၂၁၆၆၇ ဧက စုစုပေါင်းစိုက်ပျိုးရေဧက ၄၉၁၆၆၇ ဧက(ဧကငါးသိန်းခန့်) အား စိုက်ပျိုးရေပေး ဝေလျက်ရှိသည်။ သဖန်းဆိပ်ဆည်မှ ကန့် ဘလူ၊ ဇီးကုန်း၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ရေ ဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာ တော်၊ စစ်ကိုင်း အစရှိသည့်မြို့နယ်များသို့ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်က သဖန်းဆိပ်ဆည်မှာ မိုးခေါင်နေမှု ကြောင့် ဆည်တည်ဆောက်ပြီးနောက် နှစ် ပေါင်း ၂၀ ကာလအတွင်း ဒုတိယအကြိမ် မြောက် ဆည်ရေအနည်းဆုံးသို့ အချိန်အ ကြာဆုံးအဖြစ် စံချိန်တင်ကျဆင်းသွားခဲ့ရ သည်။

 

■ မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍ၊  ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အခြား ကဏ္ဍများစွာရှိသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို အဓိကအခြေခံအား ထားပြုနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ  ရာခိုင်နှုန်း ၇၀ ကျော်မှာ ကျေးလက်ဒေသတွင် အများဆုံး နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးကို အဓိ ကလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကဏ္ဍ  အသီးသီးမှထွက်ရှိလာသည့် ထုတ်ကုန်များ ကို ပြည်တွင်းစားသုံးမှုပမာဏ၊ အရန်သို လှောင်ထားရှိမှုမှအပ ပြည်ပနိုင်ငံအသီးသီး သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထိုသို့ပြည် တွင်းစားသုံးမှု၊ အရန်သိုလှောင်ထားရှိမှုအပါ အဝင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုရှိရန်အ တွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အဓိက မှီခိုနေရခြင်းဖြစ်သည်။ ထိုသို့စိုက်ပျိုးရေး ကဏ္ဍသည် အဓိကနေရာမှ ပါဝင်နေသော် လည်း စျေးကွက်ရရှိမှုမှာ နည်းပညာဖွံ့ဖြိုး တိုးတက်မှု အားနည်းခြင်းများအပါအဝင် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ပြီး မူလစိုက် ပျိုး ထုတ်လုပ်သည့် တောင်သူများမှာမူ  အဆိုပါစျေးကွက်အတွင်းမှ လွန်စွာနည်းပါး သည့် မပြောပလောက်သော ပမာဏအနည်း ငယ်ကိုသာ အကျိုးခံစားခွင့်ရရှိကြသည်။ ဤ နေရာတွင် အလျဉ်းသင့်သဖြင့် မြန်မာနိုင်ငံ ၏ဆန်စပါးကဏ္ဍ ပြည်တွင်းစိုက်ပျိုးထုတ် လုပ်မှုနှင့် ပြည်ပတင်ပို့မှုအခြေအနေများကို အနည်းငယ်တင်ပြလိုပါသည်။

စိုက်ပျိုးရေးကဏ္ဍ၏ အဓိကထွက်ကုန် ပစ္စည်းတစ်ခုဖြစ်သည့် ဆန်စပါးမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ နိုင်ငံ၏ နှစ် ၇၀ ကျော် ကာလအတွင်း အမြင့်ဆုံးစံချိန်အဖြစ် ဆန်  တန်ချိန် ၃ ဒသမ ၅ သန်းကျော်ကို ပြည်ပ နိုင်ငံပေါင်း ၅၀ ကျော်သို့ တင်ပို့နိုင်ခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပြည်ပသို့ဆန် တန်ချိန် သုံးသန်းကျော်တင်ပို့ရာမှ ပို့ကုန်ဝင် ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၃၆ သန်းကျော် ရရှိခဲ့သည်။ ထိုသို့စံချိန်တင်ပြည် ပသို့ ဆန်တင်ပို့နိုင်ခဲ့သဖြင့်၂၀၁၇-၂၀၁၈ ခု နှစ် ကမ္ဘာ့ဆန်တင်ပို့သည့် ထိပ်တန်း ၁၀ နိုင် ငံစာရင်းတွင် မြန်မာနိုင်ငံသည် အမေရိကန် နိုင်ငံကိုကျော်လွန်၍ နံပါတ်(၅)နေရာသို့ ရောက်ရှိလာခဲ့သည်။ ယခင် အင်္ဂလိပ်ကိုလိုနီ ခေတ် ၁၉၃၄-၁၉၃၅ ခုနှစ်က ပြည်ပသို့တင် ပို့ခဲ့သည့် ဆန်တန်ချိန် ၃ ဒသမ ၅၉၉ သန်း ပြီးနောက်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့နိုင်မှုပမာဏမှာ အမြင့် ဆုံးပမာဏသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါပမာဏမှာ မြန်မာ့ဆန် အား ပြည်ပတင်ပို့ခွင့်ကို ပုဂ္ဂလိကကဏ္ဍသို့ လွတ်လပ်စွာခွင့်ပြုပေးခဲ့သည့် ၁၀ နှစ်ကျော် ကာလအတွင်း အမြင့်ဆုံးသို့ပြန်လည်ရောက် ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် လေး သန်းခန့်တင်ပို့နိုင်ရန် အစိုးရကရည်မှန်းခဲ့ သော်လည်း အမှန်တကယ်တင်ပို့နိုင်မှုမှာ ဆန်တန်ချိန် သုံးသန်းပင်မပြည့်ခဲ့သဖြင့် အစိုးရ၏ပြည်ပဆန်တင်ပို့မှုရည်မှန်းချက်ပြည့်မီခဲ့ခြင်းမရှိခဲ့ပေ။ သို့သော်အစိုးရနှင့်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကမူ မြန်မာ့ ဆန်စပါးပို့ကုန်ကဏ္ဍမှ၂၀၂၀-၂၀၂၅ ခုနှစ် တို့တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံမှ၂ ဒသမ ၅ ဘီလျံ ပို့ကုန်ဝင်ငွေရရှိရန် မျှော်မှန်းထားသည်။ ထိုသို့ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော်မှ ဒေါ်လာ သန်း၂၅၀၀ ကျော်ရရှိရန်အတွက် ဆန်တန်ချိန် လေးသန်းကျော်မှ ငါးသန်း ကျော်အထက် တင်ပို့နိုင်ရန် လိုအပ်မည်ဖြစ် သည်။ ယင်းကဲ့သို့ ဆန်တန်ချိန်ငါးသန်းကျော် တင်ပို့နိုင်ရန်အတွက် ပြည်တွင်းဆန်စပါးစိုက် ပျိုးထုတ်လုပ်မှုကဏ္ဍ အားနည်းပညာနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို စနစ်တကျ ပိုမိုမြှင့်တင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ် သည်။ လတ်တလောတွင် ကမ္ဘာ့ဆန်စျေး ကွက်သို့ ထိပ်တန်းဆန်တင်ပို့လျက်ရှိသည့်နိုင်ငံများမှာအိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ပါ ကစ္စတန်၊ မြန်မာ၊ အမေရိကန်၊ ကမ္ဘောဒီးယား အစရှိသည့် နိုင်ငံများက ဆန်အများဆုံး တင်ပို့လျက်ရှိပြီး ကမ္ဘာတစ်ဝန်းသို့ တင်ပို့ လျက်ရှိသည့် ဆန်တန်ချိန်ရာခိုင်နှုန်း ၇၀ ကျော်အား အာရှတိုက်မှထွက်ရှိပြီး ပြည်ပသို့ တင်ပို့လျက်ရှိသည်။

ယခင်က ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့ နိုင်ခဲ့သည့် မြန်မာ့ဆန်စပါးလုပ်ငန်းကို ၁၉၆၂  ခုနှစ်တွင် နိုင်ငံတော်အာဏာသိမ်း ယူခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်တွင် ပြည်  တွင်းပြည်ပသို့ ရောင်းချနေသည့် ဆန်စပါး လုပ်ငန်း ကဏ္ဍအသီးသီးကို အစိုးရကထိန်း  ချုပ်လိုက်ပြီးနောက် ဆန်စပါးကိုဝယ်ယူ၊ ကြိတ်ခွဲ၊ ရောင်းချ၊ ဖြန့်ချိခြင်းလုပ်ငန်းများကို အစိုးရက တာဝန်ပေးအပ်ထားသော ဌာနမှ လွဲ၍ မည်သူ့ကိုမျှ လုပ်ပိုင်ခွင့်မပြုကြောင်း ကြေညာခဲ့သည်။ ထိုသို့ ဆန်စပါးလုပ်ငန်း ကို အစိုးရက ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း အစိုးရ၏စီမံခန့်ခွဲမှုည့ံဖျင်းသဖြင့် ပြည်တွင်း ဆန်စပါးထုတ်လုပ်မှုမှာ တဖြည်းဖြည်းနှင့် ကျဆင်းလာခဲ့သည်။ ယင်းနောက် ၁၉၆၇ ခု နှစ်တွင် အစိုးရ၏စီမံခန့်ခွဲမှုည့ံဖျင်းမှုကြောင့် ပြည်တွင်းဆန်စျေးနှုန်းများ အဆမတန်မြင့် တက်လာခဲ့ပြီး ဆန်ရှားပါးမှုနှင့်ပြတ်လပ်မှု များဖြစ်ကာ လုယက်မှုများအထိ ဖြစ်ပွားလာ ခဲ့သည်။ ထိုသို့ ဆန်ပြဿနာများဖြစ်ပွားခဲ့ပြီး နောက် ၁၉၈၇-၁၉၈၈ ခုနှစ်တွင် ဆန်စပါး ကဏ္ဍကို သမဝါယမစနစ်ဖြင့် ကိုင်တွယ်ခဲ့ရာ မအောင်မြင်သည့်အပြင် ပိုမိုဆိုးရွားလာခဲ့ပြီး ဆန်ပြတ်လပ်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ ကာ ပြည်တွင်းဆန်စျေးနှုန်းမှာလည်း အဆ မတန် မြင့်တက်သွားခဲ့သည်။ ထိုသို့ ပြည် တွင်း ဆန်မလောက်ငမှု၊ စျေးနှုန်းအဆမတန် မြင့်တက်မှုများအပြင် အထွေထွေကျပ်တည်း မှုများမှတစ်ဆင့် နိုင်ငံရေးအကျပ်အတည်း များအထိ ဖြစ်ပေါ်လာခဲ့ကာ နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၈၈ ခုနှစ် ပြည်သူလူထုအားလုံး ပါဝင်သည့် အရေးအ ခင်းကြီးဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ်အရေး အခင်းပြီးနောက်ပိုင်းတွင် အစိုးရက ဆန် စပါးကဏ္ဍအပေါ် ထိန်းချုပ်ထားမှုကို အနည်း ငယ်ဖြေလျှော့လာခဲ့ပြီးနောက် တောင်သူ များထံမှ တစ်ဧကလျှင် စပါး ၁၂ တင်းအထိ သာသတ်မှတ်၍ ဝယ်ယူခဲ့ပြီး ကျန်စပါးများ ကို ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုပေးခဲ့သည်။ ပြည်ပသို့ တင်ပို့ခြင်းကိုမူ အစိုးရက ဆက်လက်ထိန်းချုပ်ထားခဲ့သည်။ ယင်းနောက် န.၀.တ။ န.အ.ဖအစိုးရလက် ထက်၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဆန်စပါးရောင်းဝယ်မှု မူဝါဒသစ်ကို ထုတ် ပြန်ကြေညာခဲ့ပြီးနောက် ဆန်စပါးကိုအစိုးရ က တိုက်ရိုက်ဝယ်ယူခြင်းမရှိတော့ဘဲ ပြည် တွင်း၌ ပုဂ္ဂလိကသို့ လွတ်လပ်စွာရောင်းဝယ် ခွင့်ပြုပေးခဲ့သည်။ ပြည်ပသို့ တင်ပို့ခြင်းကိုမူ အစိုးရ၏ မြန်မာနိုင်ငံဆန်စပါးရောင်းဝယ် ရေးဦးဆောင်အဖွဲ့က ထိန်းချုပ်လုပ်ကိုင်ခဲ့ ပြီး၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်စပါးတင်ပို့ရောင်းချခွင့်ကို ပုဂ္ဂလိကကဏ္ဍ  သို့ အပြည့်အဝလုပ်ပိုင်ခွင့် စတင်ခွင့်ပြုပေး ခဲ့သည်။ အဆိုပါ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ် တွင် အစိုးရက ပုဂ္ဂလိကကဏ္ဍကိုပြည်ပသို့ ဆန်စပါးတင်ပို့ခွင့် ပြုပေးခဲ့ပြီးနောက် ၁၀ နှစ်တာကာလအရောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်ပေါင်း ၃ ဒသမ ၅ သန်းကျော် စံချိန်တင် တင်ပို့လာ နိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မတိုင်မီက မြန် မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်းစာ ရင်းဝင် ဆန်တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ် ခဲ့သည်။

မြန်မာနိုင်ငံမှ အဓိကဆန်တင်ပို့ရောင်း ချသည့်နိုင်ငံများမှာ အိမ်နီးချင်းတရုတ်နိုင်ငံ သို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိကတင်ပို့လျက်ရှိပြီး အာရှ၊ ဥရောပနှင့် အာဖရိကတိုက်တို့ရှိ နိုင်ငံများသို့ ရေလမ်း  ကြောင်းမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိ သည်။ လက်ရှိတွင် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးတိုးတက် မြင့်မားရေး၊ ကမ္ဘာ့ဆန်စျေးကွက်တွင် စျေး ကွက်ဝေစုများ ပိုမိုရရှိရေးနှင့် ဆန်တန်ချိန် တိုးမြှင့်ပို့ဆောင်နိုင်ရေးအတွက် အစိုးရနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က ကြိုး ပမ်းလျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပသို့ဆန်စပါးတင် ပို့မှုစံချိန်သစ် တင်ထားနိုင်သော်လည်း မြန် မာ့လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် စိန် ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။ ဆန်စပါး ထုတ်လုပ်မှုတွင် နည်းပညာပိုင်းဆိုင်ရာ လို အပ်ချက်များ၊ သက်ဆိုင်ရာကဏ္ဍများအ လိုက် စနစ်တကျ သုတေသနပြုစုထားနိုင်မှု အားနည်းချက်များ၊ စိုက်ပျိုးရေးကဏ္ဍတွင်  အသုံးပြုလျက်ရှိသည့် ဓာတုဆေးဝါးအလွန် အကျွံ အသုံးပြုနေရမှုနှင့် မြေဆီလွှာထိခိုက် လာမှုများ၊ ပြည်ပသို့တင်ပို့ရာတွင် ထုတ်လုပ် ထားသည့် ဆန်စပါးအရည်အသွေးပိုင်း အလိုက် စျေးကွက်ယှဉ်ပြိုင်နေရမှု အစရှိ သည့် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်သည်။  လက်ရှိတွင် ကမ္ဘာ့ဆန်စျေးကွက် အတွင်း ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် အမေရိကန်ဆန်များက အရည်အသွေးပိုင်း ဆိုင်ရာတွင် ဦးဆောင်လျက်ရှိသည်။ ပြည်ပ သို့ တင်ပို့နေသည့် ဆန်အရည်အသွေးကောင်း မွန်ရန်အတွက်မှာ မူလစိုက်ပျိုးထုတ်လုပ် သည့် စပါးအပေါ်တွင် မူတည်နေသဖြင့် တောင်သူများအား လိုအပ်သည့်နည်း ပညာ များ၊ ငွေကြေးများကိုအစိုးရ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများက အဓိကကူညီထောက်ပ့ံပေး ရန် လိုအပ်မည်ဖြစ်သည်။ လက်ရှိတွင်တောင် သူများနှင့် ပုဂ္ဂလိကအဖွဲ့အစည်း၊ ကုမ္ပဏီ များနှင့် အကျိုးတူ ကန်ထရိုက်လယ်ယာမြေ စနစ်ကို အကောင်အထည် ဖော်ဆောင်နိုင် ခြင်းမရှိသေးသဖြင့် တောင်သူများအတွက် လိုအပ်နေသည့် နည်းပညာနှင့်ငွေကြေး အကူအညီများမရရှိသဖြင့် အခက်အခဲများ ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်သည် ကျေးလက်ဒေသများ၌နေထိုင် ကြပြီး အများစုမှာ လယ်ယာစိုက်ပျိုးရေးကို လုပ်ကိုင်အသက်မွေးကြသည်။ ထိုသို့လယ် ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသော်လည်း သီးနှံစျေးကွက်အာမခံချက် မရှိခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ပိုး မွှားကျရောက်မှု၊ အထွေထွေစရိတ် ကြီးမြင့်မှု စသည့် ပြဿနာမျိုးစုံဖြင့် ရင်ဆိုင်နေရဆဲဖြစ် သည်။ လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိသည့် သီးနှံများကို ရောင်းချကာ ဘဝသံသရာလည် ပတ်နေရသည့်အတွက် သီးနှံစတင်ရရှိချိန်၌ ထိုက်သင့်သည့် စျေးကွက်မရရှိပါက ဒေသ ခံတောင်သူများမှာနစ်နာကြရသည်။ ယင်း အပြင် ဒေသခံတောင်သူများ၏ လက်ဝယ် အတွင်း သီးနှံရောင်းချရန် မကျန်ရှိတော့ သည့်အချိန်၌ စျေးနှုန်းမြင့်တက်လာသည့် ဓလေ့ရှိနေသည်က ဒေသခံတောင်သူများ အတွက်ပို၍နစ်နာနေရသည်။ ယင်းကြောင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန်အ တွက် အစိုးရအနေဖြင့် သီးနှံအာမခံချက်၊  စျေးကွက်အာမခံချက်များရရှိရန်အတွက် မူဝါဒချမှတ်ကာ ရေရှည်ရေတို လုပ်ဆောင် ပေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။

ဥပမာအနေဖြင့်တင်ပြရသော်၂၀၁၈ ခုနှစ်ကစတင်ခဲ့သည့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က အစိုးရနှင့် ညှိနှိုင်းဆွေးနွေး ပြီး စတင်ထုတ်ပြန်ပေးခဲ့သည့် အခြေခံရည် ညွှန်း စပါးစျေးနှုန်းသတ်မှတ်ပေးခဲ့မှုက ဒေသ ခံတောင်သူများအတွက် များစွာအထောက် အပံ့ ဖြစ်စေခဲ့သည်။ အထူးသဖြင့်လုပ်ကွက် ငယ်(ဧကအနည်းငယ်) တောင်သူများ၊ အရည်အသွေးနိမ့်ကျသည့် စပါးစိုက်ပျိုးနေ ရသည့် တောင်သူများအတွက် ပိုမိုအထောက် အကူဖြစ်စေခဲ့သည်။ ပြီးခဲ့သည့်၂၀၁၉ ခုနှစ် အောက်တိုဘာလကလည်း ထိုကဲ့သို့အခြေခံ ရည်ညွှန်းစျေးနှုန်းတစ်ရပ်ကို တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ခဲ့ရာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည် အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများ နှင့်ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင် ကိုက် စပါးတင်း ၁၀၀ ၏အခြေခံရည်ညွှန်းစျေးနှုန်း ကို ငွေကျပ်ငါးသိန်းအဖြစ် သတ်မှတ်ပေးခဲ့ သည်။ ထို့ပြင်စျေးကွက်အတွင်းရှိ စပါးမျိုး တစ်ခုသည် အခြေခံရည်ညွှန်းစျေးအပေါ်၌တည်ရှိနေပါက  အဆိုပါပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် အခြေခံရည်ညွှန်းစျေးနှုန်း အောက်သို့ဖြစ်ပေါ်နေပါက သတ်မှတ်ထား သည့် အခြေခံရည်ညွှန်းစျေးနှုန်းအတိုင်းပေး ဝယ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍအသီးသီး အလိုက် သက်ဆိုင်ရာ အခြေခံရည်ညွှန်းစျေး နှုန်းများ သတ်မှတ်ပေးနိုင်မည်ဆိုပါက လယ် နှင့် ယာသီးနှံစိုက်ပျိုးနေကြရသည့် ဒေသခံ တောင်သူများအတွက် စျေးကွက်အာမခံ ချက်ရရှိမည်ဖြစ်ကာ စျေးနှိမ်ဝယ်ယူခံရမှု များ၊ သီးနှံပေါ်ချိန်၌ စျေးကျနေမှုများမှကင်း ဝေးကာ ထိုက်သင့်သည့် အကျိုးခံစားမှုများ ကို မျှတစွာဖြင့် ခံစားခွင့်ရရှိမည်ဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံ၏ ထုတ်ကုန်များအနက် စိုက်ပျိုးရေးကဏ္ဍမှထွက်ရှိသည့် ထုတ်ကုန် များမှာ နိုင်ငံ၏ အဓိကပြည်ပပို့ကုန်အဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းကြောင့် ပြည် တွင်းထုတ်လုပ်မှု စျေးကွက်အာမခံချက်ရရှိ ရန် အစိုးရနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းအ သီးသီးအနေဖြင့် စိုက်ပျိုးရေးကဏ္ဍများ၏အပိုင်းအလိုက် လိုအပ်နေသည့် သီးနှံစျေး ကွက်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းပေးခြင်း၊ နည်းပညာနှင့် လိုအပ်သည့် မျိုးစိတ်များ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း အစရှိသဖြင့် ဒေ သတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စနစ်တကျဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သည်။ ပြည်တွင်းထုတ်လုပ်မှု စျေးကွက် အာမခံချက်ရှိမှသာ စိုက်ပျိုးထုတ်လုပ်သူ များ ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်။ ထို့ ပြင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ကြောင့် သီးနှံများ ထိခိုက်ပျက်စီးခြင်း၊ မိုး ခေါင်ရေရှားပါးမှုကြောင့် ရာသီပေါ်သီးနှံ များ စိုက်ပျိုးရန် အခက်အခဲများဖြစ်ပေါ်လာ ပါက ဒေသခံတောင်သူများ၏ အကျိုးစီးပွား အတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ လုံလောက်စွာ ပေးအပ်နိုင်ရန် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍ ထိခိုက်ပါက စိုက်ပျိုးရေး အပေါ်မှီခိုနေရသည့် နိုင်ငံ၏အကျိုးစီးပွား ပါ ထိခိုက်လာမည်မှာအမှန်ပင်ဖြစ်သည်။  ယင်းကြောင့် နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသည့် စိုက်ပျိုးရေးကဏ္ဍအသီး သီးမှ တင်ပို့နေသည့် ပို့ကုန်များနိုင်ငံခြား စျေးကွက်ကောင်း ရရှိရန်နှင့် ပြည်တွင်းထုတ် လုပ်မှုစျေးကွက် ကောင်းမွန်ရန်မှာ အဓိက အခြေခံအချက်များအနက် တစ်ချက်အနေ ဖြင့် ပါဝင်နေခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းထုတ် လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ နှင့် ပြည်ပပို့ ကုန်၏ပို့ကုန်ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ရှာဖွေ ပေးလျက်ရှိသဖြင့် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ အဓိကအရေးပါသော အခန်းကဏ္ဍ ၌ တည်ရှိနေသည်ကို ပြသလျက်ရှိသည်။

 

■ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဒဏ်နှင့် တောင်သူတို့၏ အခက်အခဲများ

စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်မြန်မာနိုင်င ၌ လက်ရှိအချိန်မှာ မိုးစပါးစိုက်ပျိုးနေသည့် အချိန်ဖြစ်ပြီး မိုးရေလုံလောက်စွာ ရရှိပြီး ဆည်ရေလုံလောက်စွာရရှိသည့် ဒေသအချို့ တွင် မိုးစပါး စိုက်ပျိုးပြီးစီးနေပြီဖြစ်ကာ ဒေ သအချို့မှာ စိုက်ပျိုးနေဆဲဖြစ်သည်။ ဆည် ရေရရှိသော်လည်း ဆည်ရေမလုံလောက် သည့်ဒေသများတွင် မိုးစပါးစိုက်ပျိုးနေဆဲ ဖြစ်ကာ ဆည်ရေမရောက်ရှိသည့်နေရာမှ တောင်သူများမှာ စပါးအစား အခြားသီးနှံ များကို အစားထိုးစိုက်ပျိုးရန်ပြင်ဆင်လျက် ရှိသည်။ ဆည်ရေမရရှိဘဲ မိုးရေဖြင့်သာ အဓိ ကစိုက်ပျိုးနေရသည့် ဒေသအချို့မှတောင် သူများမှာ မိုးခေါင်မှုဒဏ်ကြောင့် မိုးစပါး အား ရေတင်စိုက်ပျိုးရခြင်း၊ မြေအောက်ရေ ဖြင့်စိုက်ပျိုးနေရခြင်း၊ အများစုမှာ မိုးစပါး စိုက်ပျိုးနိုင်မှုမရှိခြင်းတို့ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံ၏အရည်အသွေး အကောင်းမွန်ဆုံး ရွှေဘိုပေါ်ဆန်းမွှေးဆန် ထွက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်တွင် လည်း သဖန်းဆိပ်ဆည်ရေဖြင့် မိုးစပါးစိုက် ပျိုးလျက်ရှိကြောင်း သိရသည်။ ရွှေဘိုခရိုင် မှာ မိုးနည်းရပ်ဝန်းဒေသတွင်ပါဝင်ပြီး တောင် သူအများစုမှာ ဆည်ရေသောက်စနစ်နှင့် မိုး ရေကိုသာ အဓိကအားထားစိုက်ပျိုးသည့် စနစ်တို့ဖြင့် စိုက်ပျိုးလျက်ရှိသည်။ အဆိုပါ ရွှေဘိုခရိုင်မှာ ယခင်နှစ်က မိုးခေါင်ခဲ့မှုကြောင့် ဆည်ရေသောက် တောင်သူများမှာ ဆည် ရေကို အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးခဲ့ရပြီး မိုး ကောင်းသောက် တောင်သူများမှာ မိုးစပါး စိုက်ပျိုးနိုင်မှု မရှိခဲ့ချေ။

 “မိုးခေါင်တာက ဆက်တိုက်ဆိုသလို ဖြစ်နေတာ။ မနှစ်ကလည်း စပါးမစိုက်လိုက် ရဘူး။ ဒီနှစ်လည်း မိုးခေါင်နေတော့ စပါး မစိုက်လိုက်ရဘူး။ မိုးဦးကာလတုန်းက မိုးရွာ ထားလို့ ပျိုးထောင်ထားတာလည်း ပျိုးပင် တွေခြောက်ပြီးတော့ သေကုန်ပြီ။ အချို့က တော့ ရေတွင်းတူးပြီးတော့ ရေတင်စိုက်ကြ တယ်။ သူတို့လည်း ကုန်ကျစရိတ်တွေက များတယ်။ သေချာပေါက်အောင်မယ်ဆိုတာ  ပြောလို့မရသေးဘူး။ ပိုးမွှားအန္တရာယ်၊ ရာသီ ဥတုအန္တရာယ်တွေကလည်း ရှိသေးတယ်။ တောင်သူတွေကတော့ စပါးမစိုက်ကြတော့ စပါးမရကြဘူး။ စပါးမရကြတော့ ဝင်ငွေ လည်း မရှိကြဘူး။ အခက်အခဲတွေ အများ ကြီးဖြစ်နေကြတယ်”ဟုရွှေဘိုခရိုင် ခင်ဦးမြို့ နယ်မှ မိုးကောင်းတောင်သူတစ်ဦးက ဆို သည်။

ထို့ပြင်လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဟု အစိုးရအဆက်ဆက်၏ ကြွေးကြော်မှုများမှာ ကြွေးကြော်သံအဖြစ်သာရှိနေပြီး တကယ့်လက်တွေ့တွင်စိုက်ပျိုးထွန်ယက်နေကြရသည့် တောင်သူများအတွက် ထိရောက်သည့် ကူညီထောက်ပံ့ပေးမှုများ မှာ မရှိသလောက် အားနည်းနေဆဲဖြစ်သည်။ လယ်ယာသုံး စက်ပစ္စည်းများမှာလည်း လက်ရှိကုန်စျေးနှုန်း အခြေအနေများအရ စိုက်ဧကများစွာရှိပြီး ငွေကြေးအဆင်ပြေ သည့် တောင်သူအချို့သာ ဝယ်ယူအသုံးပြု နိုင်ပြီး တောင်သူအများစုမှာ စရိတ်ကြီးမြင့် စွာ ငှားရမ်း အသုံးပြုနေရသည်။ အစိုးရမှ တောင်သူများထံသို့ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိသည့် စိုက်ဘဏ်ချေးငွေမှာလည်း ဒေသခံတောင်သူတို့အတွက် လောက်ငမှု မရှိကြောင်း၊ အစိုးရထံမှ ချေးငွေရယူပြီး နောက်သီးနှံများ စိုက်ပျိုးအောင်မြင်မှုမရှိပါ က ဘဏ်ချေးငွေပြန်ဆပ်ရန် အခက်အခဲကြုံ တွေ့သူ အများအပြားရှိကြောင်း တောင်သူများက ဆိုသည်။ ထိုသို့အခက်အခဲများဖြင့် ရုန်းကန်နေရသည့်ကြားတွင် ရာသီဥတု ဖောက်ပြန်ခဲ့ပါက ဒေသခံတောင်သူများမှာ မိအေးနှစ်ခါနာမဟုတ်ပါဘဲ အခါခါနာကြရ သည့်ဘဝများသို့ ကျရောက်သွားကြပြန် သည်။

         

■ ရာသီဥတုပြောင်းလဲလာမှုကြောင့် စိုက်ပျိုးရေလိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

မိုးခေါင်မှုကြောင့် စိုက်ပျိုးရေမရရှိ သည့်ဒေသများ၊ ဆည်ရေလျော့နည်းမှု ကြောင့် စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင်မှုမရှိသည့် အခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော် အစိုးရအနေဖြင့် ပုံမှန်စိုက်ပျိုးလျက်ရှိသည့် မိုးစပါးနှင့်သီးနှံများ အထွက်နှုန်းလျော့ကျ မသွားစေရန်အတွက် ကြိုတင်အကာကွယ် များဖြင့် စီမံခန့်ခွဲမှုများ လုပ်ဆောင်ထားရန် လိုအပ်လျက်ရှိသည်။ ဥပမာ မိုးရာသီကာလ များတွင် မြစ်ရေကြီးမှုများ ဖြစ်ပွားလေ့ရှိသ ဖြင့် အဆိုပါမြစ်များမှ ရေကိုမြစ်ရေတင်စီမံ ကိန်းများ စနစ်တကျ လုပ်ဆောင်၍ စိုက်ပျိုး ရေလိုအပ်နေသည့် ဒေသများသို့ စိုက်ပျိုးရေ ဖြန့်ဝေပေးခြင်း၊ ဆည်ရေလျော့ကျနေသည့် ဆည်တမံများသို့ လိုအပ်ပါက ရေသွင်းသို လှောင်ထားခြင်း၊ အခြားသောရေစုကန်များ ၌ ရေသိုလှောင်ထားခြင်း၊ ရေရှားပါးသော ဒေသများအတွက် သောက်သုံးရေဖြန့်ဝေ ပေးခြင်း အစရှိသဖြင့် မြစ်ရေတင်စီမံကိန်း ကြီးများကို အစိုးရက ဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်သည်။

လက်ရှိတွင်မိုးခေါင်မှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် စိုက်ပျိုးရေအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ။ ထို့ပြင် စိုက်ပျိုးရေး နည်းပညာရပ်ပိုင်း ဆိုင်ရာများနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာရပ်များအား တောင်သူများထံသို့ ကူညီထောက်ပံ့ဖြန့်ဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင်စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာ ရပ်ပိုင်းတွင် အအောင်မြင်ဆုံးဖြစ်နေသည့် အစ္စရေးနိုင်ငံ၏စိုက်ပျိုးရေးကို လေ့လာ အတုယူရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာတော်သင်များစေလွှတ်၍ နည်းပညာ ရပ်ပိုင်းဆိုင်ရာများအား လေ့လာသင်ယူ လျက်ရှိကြသည်။ အစ္စရေးနိုင်ငံသည် နိုင်ငံတောင်ပိုင်းရှိ ယခင်က စိုက်ပျိုးရန် ခက်ခဲလွန်းသည့်အပြင် ဖြစ်နိုင်ခြေအလွန်နည်းပါး သည့် သဲကန္တာရလွင်ပြင်ကို လက်ရှိတွင်နည်း ပညာရပ်ဆိုင်ရာဖြင့် အဖိုးတန်လယ်ယာမြေ များအဖြစ် ဖော်ထုတ်၍ သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိသည်။ စိုက်ပျိုးရေအခက်အခဲကိုလည်း အဆင်ပြေအောင် ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ သည်။ လယ်ယာကဏ္ဍကိုလည်း နိုင်ငံတည် ထောင်စကာလထက် နှစ်ဆခန့်တိုးမြှင့်ထုတ် လုပ်လာနိုင်ခဲ့သည်။

မြန်မာနိုင်ငံသည်အစ္စရေးနိုင်ငံကဲ့သို့ စိုက်ပျိုးရန်အဆင်မပြေသည့် သဲကန္တာရလွင်ပြင်ပေါ်တွင ်စိုက်ပျိုးနေရ ခြင်း မဟုတ်သဖြင့် မိုးခေါင်မှုကြောင့် ရေအခက်အခဲဖြစ်ပေါ်နေသည့် ဒေသများ၌ စိုက်ပျိုးရေ အလုံလောက်ရရှိရန် အစိုးရက ကူညီ ဆောင်ရွက်ပေးနိုင်ပါက အဆိုပါအခက်အခဲကိုဖြေရှင်းနိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ဘက်မှာ မိုးခေါင်တော့စိုက်ပျိုးရေလိုအပ်ချက်နဲ့ပတ်သက်ပြီး ဧရာဝ တီမြစ်ကနေ မြစ်ရေတင်စီမံကိန်းလုပ်ပေးဖို့ လွှတ်တော်မှာ တင်ပြခဲ့ဖူးပါတယ်။ သူတို့ ဘက်က ပြောတာကတော့ အပိုင်းသုံးပိိုင်းရှိ တာပေါ့။ လျှပ်စစ်၊ ဆည်မြောင်းနဲ့ ရေအရင်း အမြစ်တို့ပေါ့။ ဆည်မြောင်းဘက်ကလည်း သူတို့အနေနဲ့ ရေပေးဝေနိုင်တယ်။ လျှပ်စစ်ဘက်ကလည်း လျှပ်စစ်ဓာတ်အားပေးနိုင် တယ်။ အားလုံးက ပေးနိုင်ကြပေမယ့် အစိုးရ ဘက်က ဘာဖြစ်လဲဆိုတော့ ဘတ်ဂျတ်ကို လိုသလောက် မပေးနိုင်ဘူးဖြစ်နေတယ်။ ကျွန်တော် တင်ပြတောင်းထားတာတွေက အချက်တွေ အများကြီးပါ။ မြစ်ရေတင်စီမံ ကိန်းက အဓိကက အစိုးရက ဘတ်ဂျက်ငွေ အခက်အခဲတွေဖြစ်နေတာ။ ကျွန်တော်တို့ ဧရာဝတီမြစ်ကနေ မြစ်ရေတင်စီမံကိန်းလုပ် ဆောင်ဖို့အတွက်က စီမံကိန်းအကြီးစားဖြစ် နေတာကြောင့် ပြည်ပအကူညီချေးငွေတွေ နဲ့ ဆောင်ရွက်ပေးနိုင်ရင်တော့ ရနိုင်ပါ တယ်။ ကျွန်တော်တို့ဆန္ဒကတော့ ဖြစ်နိုင်ရင် ပေါ့။ တိုင်းအတွင်း စိုက်ပျိုးရေးဒေသအတော်များများကို လွှမ်းခြုံနိုင်တဲ့စီမံကိန်းမျိုးလုပ် ဆောင်ပေးချင်တယ်။ ဒါမှလည်း ဧကပေါင်း များစွာကို စိုက်ပျိုးရေလုံလောက်စွာပေးနိုင် မှာပေါ့။  အခြားသောက်သုံးရေနဲ့ စိုက်ပျိုးရေ  အတွက်ပါ လုံလောက်တဲ့စီမံကိန်းမျိုးဖြစ် စေချင်တယ်။ ရအောင်တော့ ဆက်ပြီးကြိုး စားသွားမှာပါ”ဟု ခင်ဦးမြို့နယ် မဲဆန္ဒနယ်  မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက် တာဝင်းအောင်က ပြောကြားသည်။

ယခုနှစ်သည် တောင်သူတို့အတွက် စိုက်ပျိုးရေး ပြဿဒါးနှစ်ဖြစ်ခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးမှုနှင့်မြစ်ရေကြီးမှုများကြောင့် စိုက်ပျိုးပြီးစပါးခင်း အချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ အချို့ဒေသများတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးပြီး ယာသီးနှံများ ထိခိုက်ပျက်စီးခဲ့ရ ပြီး မိုးစပါးစိုက်ခင်းအချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိသည်။ အခြားတစ်ဖက်တွ င် မိုးခေါင်မှုကြောင့် ရေမရရှိသဖြင့် မိုးစပါးစိုက် ပျိုးနိုင်ခြင်းမရှိသည့်  တောင်သူများအတွက်မူ ရွှေကိုမလို ရေကိုသာ လိုအပ်နေကြသည်။

အဆိုပါ မျဉ်းပြိုင်နှစ်ရပ်အကြား ယခုနှစ်မြန်မာ့ရာသီဥတုသည် ပုံမှန်အတိုင်းပင် ဖောက်ပြန်ခဲ့လေသည်။    

Most Read

Most Recent