ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်
ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု ကမော့ကစင်ကျေးရွာတွင် KNDP ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းနား ပြုလုပ်စဉ် (ဓာတ်ပုံ - KNDP)
ဘားအံမြို့နယ် ရဲသာကျေးရွာအုပ်စု ကမော့ကစင်ကျေးရွာတွင် KNDP ပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းနား ပြုလုပ်စဉ် (ဓာတ်ပုံ - KNDP)
Published 27 July 2020
ဉာဏ်လင်းထွန်း

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၂၉ ဦး စာရင်းကို ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။

KNDP ပါတီသည် သံတောင်ကြီးမြို့နယ်မှအပ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ လွှတ်တော်သုံးရပ် မဲဆန္ဒနယ်များ အပါအဝင် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

“အခြားတိုင်းနဲ့ ပြည်နယ်တွေက ကျွန်တော်တို့ ကိုယ်စားလှယ်တွေ မရှိဘူး။ ကရင်ပြည်နယ်မှာတောင် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်ပဲ ရှိတယ်။ မွန်နဲ့ ပအိုဝ်းက မရှိဘူး ဖြစ်နေတယ်” ဟု KNDP ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးလည်း ပါဝင်လာပြီး လှိုင်းဘွဲမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ယှဉ်ပြိုင်မည် ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသားကိုယ်စားလှယ်လောင်း ၂၅ ဦး ပါဝင်ပြီး အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၄ ဦး ထည့်သွင်း ရွေးချယ်ထားသည်ကို တွေ့ရသည်။

မြို့နယ်အဆင့်မှ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း မဟုတ်သူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဘက်အဖွဲ့အစည်း နှင့် ပါတီနာယက စုစုပေါင်း ၂၁ ဦး ပါဝင်သည့် ကိုယ်စားလှယ်လောင်း ရွေးချယ်သည့် ကော်မတီက ဒုတိယအဆင့် စိစစ်ပြီး နောက်ဆုံး အတည်ပြုခြင်းကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

KNDP ပါတီအနေဖြင့် ကရင်ပြည်နယ် မဲဆန္ဒနယ်များသာ အဓိကထား ယှဉ်ပြိုင်မည် ဖြစ်သော်လည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပြည်နယ်တွင်း အနိုင်ရရှိရုံဖြင့် ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် ရရှိမည် မဟုတ်ဟု ၎င်းကဆိုသည်။

“မျှော်လင့်ချက် တစ်ခုပဲ ရှိတယ်။ အစိုးရဖွဲ့နိုင်တဲ့ ပါတီတွေက လုံလောက်တဲ့ ရာခိုင်နှုန်း အနိုင်မရရင် ကျွန်တော်တို့ကို Coordination Government ဖိတ်ခေါ်မလား။ အဲဒီဖိတ်ခေါ်တဲ့ အခါကျရင် ကျွန်တော်တို့ ပါသွားရင် အစိုးရထဲမှာ ပါသွားမယ်ဆိုရင် ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ကျွန်တော်တို့ရဲ့  ပြည်နယ်ဝန်ကြီးချုပ် ပေးပါ အစရှိသဖြင့် တောင်းဆိုနိုင်တယ်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေနဲ့ဆိုရင် အဲဒီလောက် အနေအထားပဲ လုပ်လို့ရမယ်”ဟု KNDP ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆိုသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီသည် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနှင့် စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ပူးပေါင်း တည်ထောင်ထားသည့် ပါတီဖြစ်သည်။

ကရင်နိုင်ငံရေးပါတီများအဖြစ် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီတို့ရှိပြီး ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီနှင့် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီတို့မှာ ကရင်ပြည်နယ်အခြေစိုက် ပါတီများ ဖြစ်သည်။

Most Read

Most Recent