ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့တွင် မင်းသားကြီး ကျော်ဟိန်း (ဦးကိတ္တိသာရ) သြစတြေးလျနိုင်ငံ၌ ကွယ်လွန်

ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့တွင် မင်းသားကြီး ကျော်ဟိန်း (ဦးကိတ္တိသာရ) သြစတြေးလျနိုင်ငံ၌ ကွယ်လွန်
Published 11 July 2020

ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့ဖြစ်သည့် ဇူလိုင် ၁၁ ရက်တွင် အကယ်ဒမီ ငါးဆုရှင် သရုပ်ဆောင် ဒါရိုက်တာ မင်းသားကြီး ကျော်ဟိန်း (ဦးကိတ္တိသာရ) မှာ သြစတြေးလျနိုင်ငံ၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ ဦးကျော်ဟိန်းသည် အသက် ၇၃ နှစ်တွင် ရဟန်းဝတ်ဖြင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီ ကျော်ဟိန်းသည် တူဖြစ်သူ အကယ်ဒမီဒွေး ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်ဖြစ်သည့် ဇူလိုင် ၁၁ ရက်တွင်ပင် ပျံလွန်တော်မူသွား ခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီကျော်ဟိန်းသည် ၁၉၄၇ ခုနှစ်ဇူလိုင် ၁၄ ရက်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၇၀ ပြည့်နှစ်မှစတင်ကာ သရုပ်ဆောင် စန္ဒာနှင့်အတူ ‘ဖူးစာလမ်းဆုံ’ ဇာတ်ကားဖြင့် အနုပညာလောက အတွင်းသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း ၄၀၀ နီးပါးတွင်ပါဝင် သရုပ်ဆောင်ခဲ့သူဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင် အကာကအချစ် အနှစ်ကမေတ္တာ၊ ၁၉၈၂ ခုနှစ်တွင် မွန်းတည့်ချိန်တွင် နေဝင်သည်၊ ၁၉၈၉ ခုနှစ်တွင် ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ ၁၉၉၄ ခုနှစ်တွင် ဝေလည်းမွှေး ကြွေလည်းမွှေး၊ ၂၀၀၃ ခုနှစ်တွင် နေကမွေးတဲ့လ ဇာတ်ကားများဖြင့် အကယ်ဒမီထူးချွန်ဆု ငါးကြိမ်ရရှိခဲ့သူ ဖြစ်သည်။ ကိုယ်တိုင်ဒါ ရိုက်တာအဖြစ်လည်း ဇာတ်ကားအချို့အား ရိုက်ကူးပုံဖော်ခဲ့သူဖြစ်သည်။

အကယ်ဒမီ ကျော်ဟိန်းသည် တေးသံရှင် တစ်ဦးအဖြစ်လည်း ပရိသတ်အားပေးမှု ရရှိခဲ့သူဖြစ်ပြီး တေးစီးရီးများစွာကို သီဆိုထွက်ရှိခဲ့သူဖြစ်သည်။ ‘မျက်ရည်ငှက်များ နားစေသတည်း’၊ ‘လူကြီးမင်းများလက်ခုပ် တီးပါ’၊ ‘တစ်ကိုယ်တော်လေလွင့်ခြင်း’၊ ‘အဓိပ္ပာယ်ရှိသောလူ’၊ ‘မော်ဒန်အန်းတစ်’၊ ‘အဓိပ္ပာယ်ရှိသော စင်ပေါ်ကသီချင်းများ’ စသည့် တေးအယ်လ်ဘမ်များစွာ သီဆိုထွက်ရှိခဲ့သူ ဖြစ်သည်။

လုံးချင်းဝတ္ထုများနှင့် ဝတ္ထုတိုများကိုလည်း ရေးသားခဲ့ကာ ‘ကျွန်တော့်ကိုယ်စား ပြောပေးပါ’၊ ‘ရောင်စုံအပိုင်းအစများ’၊ ‘ကျော်ဟိန်းများ’ စသည့်စာအုပ်များမှာစာ ဖတ်ပရိသတ်များကြားတွင် ထင်ရှားခဲ့သည်။

အကယ်ဒမီ ဦးကျော်ဟိန်းသည် ၂၀၀၈ ခုနှစ်မှ စတင်ကာ အနုပညာလောကမှ အနားယူပြီးနောက် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကာ ဦးကိတ္တိသာရဘွဲ့ အမည်ဖြင့် တရားစာပေများကိုလည်း ရေးသားခဲ့သည်။

သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးနောက် အသိသတိ ကြေးသွန်းဘုရားအား တည်ထားကိုးကွယ်ကာ ဗိုလ်တထောင် စေတီတော်တွင် ပူဇော်ခံထားခဲ့သည်။ သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေထိုင်လျက်ရှိကာ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းတွင်ပျံ လွန်တော်မူခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီကျော်ဟိန်း ကွယ်လွန်သွားသည့်အတွက် အနုပညာရှင်များစွာနှင့် ပရိသတ်များက ဝမ်းနည်းကြေကွဲခြင်းများကို လူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားဖော်ပြ လျက်ရှိသည်။

Most Read

Most Recent