မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး - လားရှိုး လမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် တောင်ကျရေများ စီးဆင်းလာပြီး ယာဉ်များသတိထား မောင်းနှင်သွားလာနေရ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး - လားရှိုး လမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် တောင်ကျရေများ စီးဆင်းလာပြီး ယာဉ်များသတိထား မောင်းနှင်သွားလာနေရ
Published 16 June 2020
ထွန်းနေလှိုင် (နောင်ပိန်)

တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်မှုလမ်းမကြီးတစ်ခုဖြစ်သည့် မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် မောင်းနှင်နေကြသည့် ကုန်တင်ယာဉ်နှင့် အခြားခရီးသည်တင် ယာဉ်ကြီး ယာဉ်ငယ်များသည် မိုးရွာသွန်းမှုများကြောင့် စီးဆင်းလာသည့် တောင်ကျရေများကြောင့် သတိထား မောင်းနှင်နေကြရကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိနေပြီး မန္တလေး - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် ရေကျော်မှုများဖြစ်ပေါ်ခဲ့ကာ ယာဉ်များ ဖြတ်သန်းသွားလာမှု နှောင့်နှေးခဲ့ရကြောင်း သိရသည်။

“အခုတလော မိုးကသည်းတော့ ကျောက်မဲတိုးဂိတ်နားမှာတစ်နေရာ၊ နောင်ပိန်အလွန် ဇီးပင်အကျော်မှာ တစ်နေရာ၊ ဂုတ်တွင်းလမ်းမှာ တစ်နေရာပေါ့ လမ်းပေါ်ရေကျော်တော့ ကားတွေ တော်တော်သတိထား သွားနေရတယ်။ မနေ့က ဂုတ်တွင်းမှာ တောင်ကျရေတွေ တရဟောစီးလာလို့ ဂုတ်တွင်းလမ်းကို ဖြတ်ပြီးမောင်းနှင်နေတဲ့ကားတွေ လမ်းပေါ်ရပ်ထားကြရတယ်။ တောင်ကျရေက တော်တော်အားပြင်းတယ်။ မြေသားပဲ့မှုတွေဖြစ်တယ်။ တောင်ပေါ်စိုက်ခင်းအပေါ်ကနေ တောင်ကျရေတွေက ကျလာပြီး မြောင်းတွေထဲစီး၊ မြောင်းတွေထဲ ရွံ့တွေပြည့်ပြီး လမ်းပေါ်ရေတွေကျော် အဲ့လိုဖြစ်တယ်” ဟု မန္တလေး - လားရှိုး ခရီးသည်တင် ယာဉ်ငယ်မောင်းနှင်သူ ကိုနေက ပြောသည်။

မန္တလေး - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ကျောက်မဲတိုးဂိတ်အနီး၊ နောင်ပိန်အနီး၊ ဂုတ်တွင်းလမ်းတို့တွင် မိုးသည်းထန်စွာရွာသွန်းပါက တောင်ကျရေများကျဆင်းကာ လမ်းပေါ်ရေကျော်မှုများ ဖြစ်ပွားလေ့ရှိပြီး ယာဉ်များ သတိထား မောင်းနှင်နေကြရကြောင်း သိရသည်။

“လက်ရှိအခြေအနေမှာတော့ ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနေပါတယ်။ ဂုတ်တွင်းလမ်းပိုင်းမှာ မနေ့က တောင်ကျရေတွေ တိုက်စားပြီး နံရံပြိုသွားတာတွေ ပြုပြင်နေပါတယ်။ ကျွန်တော်တို့ ဂုတ်တွင်း ခြောက်ထပ်ကွေ့မှာ ရေမကျအောင် လွှဲထားတဲ့ ရေလွှဲမြောင်း ရှိပါတယ်။ အဲ့ခြောက်ထပ်ကွေ့ကို လွှဲထားတဲ့ ရေလွှဲမြောင်းကို ရွံ့တွေပိတ်ပြီး ရေမစီးတော့ပဲနဲ့ ခြောက်ထပ်ကွေ့အပေါ်ကို စီးတဲ့သဘော ဖြစ်သွားပါတယ်။ ဒီမနက်မှာပဲ ရေလွှဲမြောင်းကို ဖောက်နေပါပြီ။ မနေ့က တောင်ကျရေတွေ ထိုးကျတဲ့အချိန်မှာတော့ ကားတွေ ခဏတော့ စောင့်ဆိုင်းခဲ့ရတာပေါ့။ မိုးတွေရွာပြီးတော့ လမ်းပေါ်မှာ ရွံ့တွေ တင်ကျန်ခဲ့လို့ ကျွန်တော်တို့ ဒိုဇာနဲ့ ဖယ်ထုတ်နေပါတယ်။ ဒီနေ့လည်း ဆက်လုပ်နေပါတယ်” ဟု အိုရီယမ်တယ်ဟိုင်းဝေးကုမ္ပဏီ၊ ကျောက်မဲမှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေကပြောသည်။

လားရှိုး - မန္တလေး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် မိုးရွာသွန်းချိန်များတွင် နောင်ချိုနှင့် ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းပိုင်း၊ နောင်ပိန် - ပင်တိန်ရွာ အဝင်လမ်း၊ ကျောက်မဲမြိုအဝင် ခိုမုန်းရွာအနီးနှင့် ဗူးခါးရွာ၊ လားရှိုးဘက်တွင် နောင်ကွဲကုန်းဆင်းကဲ့သို့ ကုန်းဆင်းရှည်သည့် နေရာများတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ်ခြင်းကြောင်း သတိထား မောင်းနှင်သင့်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

 

Most Read

Most Recent