အစိုးရမီဒီယာနှင့် အမှီအခိုကင်းသည့် မီဒီယာ

အစိုးရမီဒီယာနှင့် အမှီအခိုကင်းသည့် မီဒီယာ
Published 6 June 2020

ရုရှား၊ တရုတ်မီဒီယာများနှင့် အစိုးရက ထိန်းချုပ်ထားသော အခြားမီဒီယာများကို အစိုးရပိုင်မီဒီယာများဟု အညွန်းတပ်မည်ဖြစ်ကြောင်း Facebook က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။ ရုရှား၏ Sputnik ၊ အီရန်၏ Press TV နှင့် တရုတ်၏ Xinhua News တို့ကို အစိုးရမီဒီယာများအဖြစ် Facebook က အညွန်းတပ်ပေးမည် ဖြစ်ကြောင်း ယင်းတို့နှင့်အလားတူ သတင်း Page ၂၀၀ ခန့်ကိုလည်း အညွန်းတပ်မည်ဖြစ်ကြောင်း Facebook က ထုတ်ပြန်ခဲ့သည်။ အမေရိကန်မှ Facebook သုံးသူများအနေဖြင့် ယင်းကဲ့သို့သော သတင်းမီဒီယာများ၏ပို့စ်များတွင် အညွန်းတပ်ထားမှုများကို လာမည့်သီတင်းပတ်မှစ၍ တွေ့မြင်ကြရမည် ဖြစ်သည်။ အစိုးရမီဒီယာများကို အညွန်းတပ်မည့်အစီအစဉ်အား Facebook က ပြီးခဲ့သည့်နှစ်ကပင် ကြေညာထားခဲ့ပြီး အစိုးရများက ထိန်းချုပ်ထားသော မီဒီယာများ အထူးသဖြင့် တရုတ်နှင့် ရုရှားမီဒီယာများက ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနှင့် အမေရိကန်လူမည်း ဂျော့ဖလွိုက်သေဆုံးမှုကို အကြောင်းပြုပြီး စွက်ဖက်မှုများ ဆောင်ရွက်လာချိန်တွင် အညွန်းတပ်အစီအစဉ်ကို Facebook က အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်အစိုးရက ဦးစီးသော သတင်းမီဒီယာများကိုမူ အယ်ဒီတာပိုင်းဆိုင်ရာ အမှီအခိုကင်းမှုကြောင့် အမေရိကန်အခြေစိုက် သတင်းအဖွဲ့အစည်းများအား Facebook က အညွန်းတပ်မည် မဟုတ်ဟု Facebook ၏ ဆိုက်ဘာလုံခြုံရေးမူဝါဒ ဥက္ကဋ္ဌ နာသန်နီရယ် ဂလေချာက အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အမှီအခိုကင်းသည့် မီဒီယာများမှနေ၍ ခွဲခြားသိမြင်နိုင်ရန် Facebook က ယခုကဲ့သို့ ခြေလှမ်းစခဲ့ခြင်းအား ကြိုဆိုလက်ခံရမည်ဖြစ်သည်။ မီဒီယာများ၌ လူ့အဖွဲ့အစည်း၏အကြောင်းများကို ပြောပြနိုင်သည့် ပါ၀ါရှိပြီး လူ့အဖွဲ့အစည်း၏ တွေးပုံခေါ်ပုံ၊ ယုံကြည်ချက်၊ အပြုအမူများအပေါ် သြဇာသက်ရောက်နိုင်သောကြောင့် အထူးသဖြင့် ဒီမိုကရေစီအတွက် အမှီအခိုကင်းသည့် မီဒီယာများ မရှိမဖြစ်လိုအပ်သည်။ အမှီအခိုကင်းသည့် မီဒီယာများဟူသည် အစိုးရ သို့မဟုတ် အခြားအဖွဲ့အစည်းများ/ ကုမ္ပဏီများ၏ အကျိုးစီးပွားဆိုင်ရာ သြဇာသက်ရောက်မှုမှ လွတ်ကင်းသည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာနှင့် အင်တာနက်ကဲ့သို့သော မီဒီယာပုံသဏ္ဌာန်အမျိုးမျိုးကို ခေါ်ဆိုခြင်းဖြစ်သည်။ အမှီအခိုကင်းသည်ဟုဆိုရာတွင် အယ်ဒီတာအဖွဲ့ဆိုင်ရာ (Editorial) သာမက ဘဏ္ဍာရေးဆိိုင်ရာ (Financial) ပါ အမှီအခိုကင်းရမည်ဖြစ်သည်။ အစိုးရတစ်ရပ် သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဘဏ္ဍာရေးအထောက်အပ့ံကို ရယူသည့်အခါ အမှီအခိုကင်းသည့် မီဒီယာဟု မခေါ်ဆိုနိုင်တော့ပေ။ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့မှု (Conflict of Interest) ဖြစ်ပေါ်လာသောကြောင့် ဖြစ်သည်။ သတင်းများဖော်ပြရာတွင် ဘဏ္ဍာရေးအထောက်အပ့ံပေးသည့် အစိုးရ သို့မဟုတ် အဖွဲ့အစည်း၏ သြဇာသက်ရောက်မှုက သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ပါဝင်ပတ်သက်၍ လာမည်ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများစွာတို့တွင် အထူးသဖြင့် နိုင်ငံအဆင့်၌ အစိုးရက ထိန်းချုပ်ထားသည့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာတို့ကိုသာ အတွေ့ရများသည်။ အစိုးရက ပေါ်ပေါ်ထင်ထင် ထိန်းချုပ်ခြင်း မပြုလျှင်ပင် ယင်းမီဒီယာများ၌ အစိုးရနှင့် အားကောင်းသော ဆက်နွှယ်မှုရှိခြင်းနှင့် အစိုးရ၏ သြဇာလွှမ်းမိုးမှုရှိခြင်းတို့ကို တွေ့ရှိရသည်။ ယင်းကဲ့သို့သော အနေအထားတွင် အမှီအခိုကင်းသည့် မီဒီယာနှင့် အစိုးရက သြဇာလွှမ်းမိုးသည့် မီဒီယာတို့ကို ခွဲခြားရခက်တတ်သည်။ ဥပမာအားဖြင့် သတင်းစာတစ်စောင်သည် စီးပွားရေး၊ ကျန်းမာရေးနှင့် အခြားအကြောင်းအရာများ၌ ဘက်မလိုက်ဘဲ အရည်အသွေးရှိသည့် သတင်းများကို ဖော်ပြနိုင်သော်လည်း အစိုးရနှင့်ပတ်သက်သည့် သတင်းများ၌မူ အကြောင်းအရာအချို့ကို ရှောင်ရှားနေရဆဲဖြစ်သည်။ မိမိဘာသာဆင်ဆာဖြတ်ရခြင်း (Self Censorship) ပြုလုပ်နေရခြင်းမှာလည်း အစိုးရ၏သြဇာ မသိမသာ ပါဝင်ပတ်သက်နေခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေ အမှီအခိုကင်းသည့် မီဒီယာများသည်သာ လူထု၏ ယုံကြည်မှုကို အမှန်တကယ်ရရှိနိုင်သည့် ဂုဏ်သိက္ခာရှိသော မီဒီယာများ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဇွန် ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent