AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ မင်းပြားမြို့နယ် သိုင်းကျပ်ရွာမှ အမျိုးသမီးတစ်ဦး ပြန်လွတ်လာပြီးနောက် ရက်ပိုင်းအတွင်း သေဆုံး

AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ မင်းပြားမြို့နယ် သိုင်းကျပ်ရွာမှ အမျိုးသမီးတစ်ဦး ပြန်လွတ်လာပြီးနောက် ရက်ပိုင်းအတွင်း သေဆုံး
Published 5 June 2020
မင်းနိုင်စိုး

 ရခိုင်ပြည်နယ် မင်းပြားမြို့နယ် တောင်ရှည်ပြင်ကျေးရွာနှင့် သိုင်းကျပ်ရွာတို့မှ အမျိုး သားသုံးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဧပြီလကုန်ပိုင်းတွင် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မေ ၃၁ ရက်တွင် ၎င်းတို့ လေးဦးကို AA အဖွဲ့က ပြန်လွှတ်ပေးခဲ့ကာ အဆိုပါ လေးဦးအနက် သိုင်းကျပ်ရွာမှ အမျိုးသမီး တစ်ဦးသည် ပြန်လွတ်လာပြီးနောက် ရက်ပိုင်းအတွင်း သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိ ရသည်။

သိုင်းကျပ်ရွာမှ အသက် (၅၁) နှစ် အရွယ်ရှိ ဒေါ်စိန်မြဦးသည် AA အဖွဲ့က ပြန် လွှတ်ပေးပြီးနောက် သုံးရက်အကြာတွင် မင်းပြားပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါသေဆုံးမှုသည် ၎င်းတို့နှင့်သက် ဆိုင်ခြင်းမရှိကြောင်း ဇွန် ၄ ရက် တွင် AA အဖွဲ့က အသိပေးထုတ်ပြန်သည်။

မင်းပြားမြို့နယ် တောင်ရှည်ပြင် ကျေး ရွာနှင့်သိုင်းကျပ်ရွာတို့မှ ဦးယောင်ဇာ အသက် (၅၈)နှစ်၊ ဦးမောင်စိန်ဖြူ အသက် (၄၉) နှစ်၊ ဦးစိန်ဝင်းကြိုင် အသက် (၃၇) နှစ်နှင့် ဒေါ်စိန်မြဦး အသက် (၅၁) နှစ်တို့ သည် ဧပြီ ၂၇ ရက် ညနေပိုင်းက မင်းပြား၊ ရာမောင်တံတားထိပ်အနီး စခန်းချတပ်စွဲ ထားသော တပ်မတော်စစ်သင်္ဘောသို့ ရိက္ခာများ ပို့ဆောင်နေသည်ကို တွေ့ရှိရသည်ဟုဆိုကာ ၎င်းတို့လေးဦးအား စစ်ဆေး မေးမြန်းရန် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင် ခဲ့ကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါလေးဦးအား စစ် ဆေးမေးမြန်းနေစဉ်ကာလအတွင်း AA အဖွဲ့ က ညှဉ်းပန်းနှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ကြောင်း၊ အဆိုပါ အချက်ကို ကာယကံရှင်များ အားလုံးအသိ ပင်ဖြစ်ကြောင်းနှင့် ဒေါ်စိန်မြဦးမှာ နဂိုရှိ ရင်းစွဲ နှလုံးရောဂါနှင့် စိတ်ကျန်းမာရေး အားနည်းသော ရောဂါအခံများ ပါရှိလာသော ကြောင့်AA အဖွဲ့ဆေးဝန်ထမ်းများက နှစ်ကြိမ်တိုင် ဆေးကုသပေးခဲ့ကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ၎င်းတို့လေးဦးအား ခေါ်ယူစစ် ဆေးမေးမြန်းပြီး သတိပေးစကားများ ပြောဆိုကာ အမြန်ဆုံးပြန်လည်လွှတ်ပေးလိုသော်လည်း မင်းပြားမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် အချိန် အနည်းငယ်ကြန့်ကြာနေခဲ့ပြီး မေ ၃၁ ရက် တွင် ၎င်းတို့လေးဦးကို ကောင်းမွန်စွာ ပြန် လွှတ်ပေးခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်သည်။

သို့သော် ဇွန် ၃ ရက်တွင် မင်းပြား မြို့နယ် ပြည်သူ့ဆေးရုံ၌ ဒေါ်စိန်မြဦးမှာ အသက်ဆုံးပါးသွားသည်ကို ကြားသိရသော ကြောင့် ၎င်း၏မိသားစုနှင့် ထပ်တူဝမ်းနည်းရကြောင်း၊ ဒေါ်စိန်မြဦး သေဆုံးမှုနှင့် ပတ်သက်၍ AA အဖွဲ့အား တစ်ဖက်သတ် စွပ်စွဲချက်များအပြင် ထင်မြင်ယူဆချက်များဖြင့် ရေးသားပြောဆိုနေကြသည်ကို တွေ့ရှိရကြောင်း AA  အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ စွပ်စွဲချက်များသည် ဒေါ်စိန်မြဦး သေဆုံးရခြင်း၏ ဇစ်မြစ်၊ သေဆုံးရသော အကြောင်းတရား၊ ဆေးရုံမှတ်တမ်း အကြောင်းအရာများကို ပြောဆိုခြင်းမရှိဘဲ တမင်တကာ ချန်လှပ်ထားခဲ့ကြောင်း၊ AA အဖွဲ့အား အပြစ်ပုံချလိုသော ရည်ရွယ်ချက်များဖြင့် ဇောင်းပေးထားသော အကြောင်းအရာများကိုသာ ချဲ့ကားပြောဆိုနေကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် အမှန်တရားကို ဖျောက်ဖျက်ရာရောက်ကြောင်းနှင့် AA အဖွဲ့ အား နိုင်ငံတကာမှ အထင်အမြင်မှားစေရန် အမည်းစက်ပုံရိပ်စွန်းစေရန် ပြုလုပ်ခြင်းနှင့်တူကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်သည်။

AA အဖွဲ့သည် လူမျိုး၊ ဘာသာမခွဲ ခြားဘဲ ရခိုင်ဒေသလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံခြင်းမရှိဘဲ အမျိုးသားတန်းတူရေးကို ရှေ့တန်းတင်၍ ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ် ကြောင်း၊  AA  အဖွဲ့သည် ၎င်းတို့လေးဦးအား ချင်းလူမျိုးများဖြစ်နေ၍ ခေါ်ယူမေးမြန်းခြင်း မဟုတ်ဘဲ လုပ်ရပ်များကို အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါ်စိန်မြဦး သေဆုံးရခြင်းမှာ AA  အဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း AA  အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။                   

Most Read

Most Recent