၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ယခု COVID-19 ရောဂါကူးစက်ပျံ့နှံ့ နေမှုကို ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။ ယင်း ကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများသည် ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် လျှော့ချရန် ကျယ်ပြောသော အတိုင်းအတာရှိ နည်းလမ်းများအား လုပ်ဆောင်လာကြရသည်။ ယင်းတွင် လူချင်း ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing) နှင့် အသေးစား နှင့်အလတ်စားလုပ်ငန်းများ (SMEs) တို့ကို ပိတ်ပစ်ခြင်းတို့အတွက် အမိန့်ကြေညာစာများ ထုတ်ပြန်ရမှုပါဝင်သည်။ ယင်းတို့က လူပေါင်း သန်းနှင့်ချီလျက်အား အလုပ်လက်မဲ့ဘဝသို့ ယာယီရောက်ရှိသွားစေခဲ့သည်။ စီးပွားရေးများက Lockdown ကျသွားစေသည့် ယင်းနည်းလမ်းများက လက်ရှိကာလ၌ ကမ္ဘာ့စီး ပွားရေးလုပ်ဆောင်ချက်များကို သိသိသာသာ နှေးကွေးသွားစေခဲ့ပြီး လူမှုရေး မတည်ငြိမ်မှုများကို မြင့်တက်လာစေခဲ့သည်။ ယင်းတို့သည် ဆင်းရဲသားများအပေါ် အချိုးအစား မညီမျှစွာ သက်ရောက်မှုပိုမို ကြီးမားခဲ့ပြီး အိမ်လခ မပေးနိုင်ခြင်း စားဝတ်နေရေး အခြေခံ လိုအပ်ချက်များနှင့်အများ ပြည်သူဝန်ဆောင်မှုများ မရရှိခြင်းတို့ဆီ ဦးတည်သွားစေခဲ့သည်။
ကမ္ဘာ့စီးပွားရေး ပြိုလဲသွားခြင်းနှင့် ဖြစ်နိုင်ဖွယ် ကမ္ဘာ့စီးပွားရေးပျက်ကပ်တို့ကို ရှောင်လွှဲနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများအနေဖြင့် ဒုက္ခတွေ့နေကြောင်း နိုင်ငံသားများ နှင့် လုပ်ငန်းများအား စီးပွားရေးလုံခြုံမှုတစ်ရပ် ထောက်ပံ့ပေးရန် ထိရောက်ပြီး အရေးပါသည့်နည်းလမ်းများကို လုပ်ဆောင်လာရသည်။ ယင်းတွင် ငွေကြေးတိုက်ရိုက်ထောက်ပံ့ခြင်း၊ ချေးငွေများကို ကာလတိုနှင့်ကာလလယ် လျစ်လျူပြုပေးခြင်း၊ ပေးချေရန်ရှိသည်များကို ရွှေ့ဆိုင်းထားပေးခြင်း၊ အလုပ်လက်မဲ့၊ အာမခံထားပေးခြင်းနှင့် တခြားနည်းလမ်း များပါဝင်သည်။ ယင်းကဲ့သို့သော အရေးပေါ်ဆောင်ရွက်ချက်များ လုပ်ဆောင်ရာ ကမ္ဘာ့ နိုင်ငံများအနေဖြင့် တုန့်ပြန်မှုလျင်မြန်ရေးနှင့် လျင်မြန်သော သက်ရောက်မှုကို ရယူနိုင်ရေးတို့အတွက် ကုန်သွယ်မှုနှင့် ပတ်သက်၍ လျှော့ပေါ့ပေးပြီး ကြီးကြပ်ခြင်း နှင့် တာဝန်ခံခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်လာရသည်။ ယင်းတို့က အဂတိလိုက်စားမှုများ ကြီးမားလာရန်အတွက် အရေးပါသည့် အခွင့်လမ်းများ ဖန်တီးပေးလိုက်ခြင်းဆီသို့ ဦး တည်သွားစေခဲ့သည်။
စီးပွားရေးနှင့် လူမှုရေးပြိုလဲကျမှုကြီးကို ကာကွယ်ရန်အရေးပေါ်ဆောင်ရွက်ချက်များ လုပ်ဆောင်ရန် လိုအပ်ခြင်းအား သိမြင်နေစဉ်မှာပင် “စီးပွားရေးလှုံ့ဆော်မှုအစီ အစဉ်များ” (Economic Stimulus Packages) ကို ခွဲဝေချထားမှု၌ လုံလောက်သော တာဝန်ခံမှုနှင့် ကြီးကြပ်မှုလုပ်ငန်းစဉ်များ ကင်းမဲ့ခြင်းက အဂတိလိုက်စားမှုနှင့်လိမ်လည် မှုများ မြင့်တက်လာနိုင်ခြေကို တိုးများစေကြောင်းလည်း တွေ့ရှိရသည်။ ယင်းကဲ့သို့သော အဂတိလိုက်စားမှုနှင့် လိမ်လည်မှုများသည် လုပ်ကိုင်ဆောင်ရွက်နေသည့် အစီအစဉ် နည်းလမ်းများကို ထိရောက်မှု အားနည်းသွားစေပြီး အထောက်အပံ့များက အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိမှုနည်းပါးကာ အချောင်သမားများထံသို့သာ မသမာသည့် နည်းလမ်းများဖြင့် ပိုမိုရောက်ရှိသွားခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း အားအနည်းဆုံး လူအုပ်စုများကို အကြီးအကျယ် ထိခိုက်စေတော့သည်။
COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်းအရာအတွင်း ကမ္ဘာ့နိုင်ငံများအနေဖြင့် မကြာသေးမီကဆောင်ရွက်ခဲ့ကြသည့် စီးပွားရေးဆိုင်ရာ တုံ့ပြန်မှုများ၏ ရည်ရွယ်ချက်သည် စီးပွားရေးပျက်ကပ် သံသရာကိုကြုံနေရသည့် ကာလများအတွင်း၌ကဲ့သို့ စီးပွားရေးဆိုင်ရာ လှုံ့ဆော်မှုများကိုနှိုးဆွရန်အတွက် မဟုတ်ဘဲ စီးပွားရေးဆိုင်ရာ ဘေးဒုက္ခကြီးကိုကာကွယ်ရန်နှင့် ဆင်းရဲသားများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ လူငယ်များ၊ မသန်စွမ်းသူများ၊ အလုပ်လက်မဲ့များ၊ SMEs များနှင့် လူမှုရေးနှင့် အများ ပြည်သူသုံး ဝန်ဆောင်မှုများကို ရရှိခြင်းမရှိသူများအား ဘဏ္ဍာရေးဆိုင်ရာ ဆေးကုသမှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များပေးရန် ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်သည်။ ထို့ကြောင့် ယင်းကဲ့သို့ ပြုလုပ်ရာတွင် အဓိက လမ်းကြောင်းသုံးရပ်ရှိသည်။ ယင်းတို့မှာ (၁) ဒုက္ခတွေ့နေသော နိုင်ငံသားများ၊ လုပ်သားများနှင့် လုပ်ငန်းများအတွက် စီးပွားရေး လှုံခြုံမှုကွန်ရက်များဖန်တီးမှု၊ (၂) ကျန်းမာရေးဆိုင်ရာအရေးပေါ် အခြေအနေကို ကိုင်တွယ်ရန်အတွက် လုံလောက်သည့် ဆေးကုသမှုဆိုင်ရာ အင်စတီကျူးရှင်းဆိုင်ရာနှင့်လူသားဆိုင်ရာရင်းမြစ်များ ရွှေ့ပြောင်းပေးခြင်းနှင့် (၃) Lockdown ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်ပံ့များဖြစ်စေမှုကို မြှင့်တင်ရေးအတွက် စိတ္တ- လူမှုဗေဒဆိုင်ရာ ရင်းမြစ်များ ပေးအပ်ခြင်းတို့ ဖြစ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု အခက်အခဲကာလတွင် ကာလတွင်စီးပွားရေးနှင့် လူမှုရေးပြိုလဲကျမှုကို ကာကွယ်ရန် အရေးပေါ်လုပ်ဆောင်ချက်များ လိုအပ်သကဲ့သို့ အားအနည်းဆုံး လူအုပ်စုများအပေါ် ထပ်မံထိခိုက်စေမည့် အဂတိလိုက်စားမှုများနှင့် လိမ်လည်မှုများ ဖြစ်ပေါ်မလာစေရေးအတွက်လည်း အစိုးရအဖွဲ့ကြီးအနေဖြင့် လုံလောက်သည့်တာဝန်ခံမှု ရှိရမည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ ( ဇွန် ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









