ရက်ပေါင်း ၉၀ သဘောတူညီချက်နှင့် လူနည်းစုတိုင်းရင်းသားပါတီများ၏ အပူ

ရက်ပေါင်း ၉၀ သဘောတူညီချက်နှင့် လူနည်းစုတိုင်းရင်းသားပါတီများ၏ အပူ
 ရက် ၉၀ ရွှေ့ပြောင်းနေထိုင်ရုံဖြင့် ရောက်ရှိရာဒေသ၌ မဲပေးခွင့်အလိုမရှိကြောင်းကို မြစ်ကြီးနားမြို့တွင် ၂၀၂၀ ပြည့်နှစ် မတ် ၉ ရက်က ကချင်အမျိုးသားကွန်ကရက်ပါတီက ဆန္ဒပြကန့်ကွက်စဉ်
ရက် ၉၀ ရွှေ့ပြောင်းနေထိုင်ရုံဖြင့် ရောက်ရှိရာဒေသ၌ မဲပေးခွင့်အလိုမရှိကြောင်းကို မြစ်ကြီးနားမြို့တွင် ၂၀၂၀ ပြည့်နှစ် မတ် ၉ ရက်က ကချင်အမျိုးသားကွန်ကရက်ပါတီက ဆန္ဒပြကန့်ကွက်စဉ်
Published 31 May 2020
ဆန်းမိုးထွန်း၊ အလင်းဒီ

မဲဆန္ဒရှင်တစ်ဦးအနေဖြင့် ရောက်ရှိနေ သည့်ဒေသတွင် ရက်ပေါင်း ၁၈၀ အစား ရက် ပေါင်း ၉၀ နေထိုင်ရုံဖြင့် မဲပေးနိုင်မည့်အချက် ကို လွှတ်တော်နှစ်ရပ်စလုံးက သဘောတူ ခဲ့ပြီဖြစ်သည်။

လွှတ်တော်သုံးရပ် ရွေးကောက်ပွဲနည်း ဥပဒေများကို ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများတွင်ပါဝင်သည့် ရွေးကောက် ပွဲနည်းဥပဒေ ပုဒ်မ ၁၀ ကို အမျိုးသားလွှတ် တော်နှင့် ပြည်သူ့လွှတ်တော်တို့က သဘော တူခဲ့ခြင်းဖြစ်သည်။

 

■ မြစ်ဖျားခံရာ

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်တို့၏ ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်ထားသည့် ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ လေ့လာနိုင်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြန့်ဝေခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက် များထဲတွင် နိုင်ငံသားတစ်ဦး၏ ဆန္ဒမဲပေးပိုင် ခွင့်နှင့်သက်ဆိုင်သည့် ပုဒ်မပြင်ဆင်ချက် အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီများ သတိပြုမိခဲ့သည်။

အဆိုပါ ပုဒ်မမှာ ပုဒ်မ ၁၀ ဖြစ်ပြီး မြန်မာ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်း လုပ်သားများ ဆန္ဒမဲပေးနိုင်ရေးရည်ရွယ် သည့်ပုဒ်မဖြစ်သည်။

၂၀၁၀ ပြည့်နှစ် မတ် ၁၇ ရက်က အသက်ဝင်ခဲ့သည့် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၁၀ တွင် မဲဆန္ဒနယ်ပြင်ပရောက်ရှိနေပြီး မိမိနေရပ်သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မဲမပေးလိုသည့် မဲဆန္ဒရှင်များအနေ ဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ်အတွင်း မဲပေး လိုလျှင် အနည်းဆုံး ရက်ပေါင်း ၁၈၀ (တစ် နည်း ခြောက်လ) နေထိုင်ပြီးဖြစ်ရမည်ဟု  ပြဋ္ဌာန်းထားသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ရန် အဆိုပြုထားသည့် နည်းဥပဒေ ပြင်ဆင်ချက်တွင်မူ ရက် ၉၀ နေ ထိုင်ရုံမျှဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ် မြေအတွင်း မဲပေးနိုင်မည်ဖြစ်သည်။

မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒ ရှင်များ မဲစာရင်းလျှောက်ထားရမည့်လုပ်ထုံး လုပ်နည်းကို နည်းဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည်။

ထိုသို့ လျှောက်ထားမှုကြောင့် အိမ် ထောင်စုစာရင်းရှိရာ မဲဆန္ဒနယ်တွင် မဲစာရင်း ပယ်ဖျက်ရမည်ဖြစ်ပြီး ယင်းအချက်ကို ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည့်အတွက် နည်း ဥပဒေအရ သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲနှစ်ခုက ယင်းလုပ်ငန်းစဉ်ကို အဓိက ဆောင်ရွက်ရမည် ဖြစ်သည်။

 

■ တိုင်းရင်းသားပါတီများ၏ စိုးရိမ်မှုများ

ရက် ၁၈၀ မှ ရက် ၉၀ လျှော့ချသည့် နည်းဥပဒေပြင်ဆင်ချက်သည် မဲဆန္ဒရှင်များ ပြားသည့် မဲဆန္ဒနယ်များတွင် ကြီးမားသည့် သက်ရောက်မှု မရှိနိုင်သော်လည်း မဲဆန္ဒရှင် နည်းပါးသည့် ပြည်နယ်မဲဆန္ဒနယ်များတွင် အငြင်းပွားစရာကိစ္စရပ်များဖြစ်လာမည်ကို စိုးရိမ်မှုရှိကြောင်း တိုင်းရင်းသားပါတီအချို့ နှင့် လေ့လာစောင့်ကြည့်သူတို့က ပြောကြား သည်။

အဘယ်ကြောင့်ဆိုသော် မဲရလဒ်သိပ် မကွာလှသည့် တိုင်းရင်းသားမဲဆန္ဒနယ်မြေများတွင် ပါတီကြီးတစ်ခုက စိုက်ပျိုးရေး၊ သတ္တုနှင့် ဆောက်လုပ်ရေးကုမ္ပဏီများမှ အလုပ်သမားများကို ခေါ်ယူ၍ မဲပေးခိုင်းခဲ့ လျှင် ဒေသခံ တိုင်းရင်းသားပါတီများအနေဖြင့် နစ်နာမှုများရှိနိုင်ကြောင်းကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်မှ မိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေး က ထောက်ပြသည်။

“တချို့ဒေသတွေမှာ မဲကွာဟချက်က လေး၊ ငါးရာ၊ တစ်ထောင်။ အဲဒီလောက်ပဲရှိ တယ်။ အဲဒီလောက်ပဲရှိတဲ့အခါကျရင် ဒီရဲ့ သတ်မှတ်ချက်က ရက်တိုတောင်းတဲ့အတွက် ဥပမာစိုက်ပျိုးရေး ကုမ္ပဏီတွေရှိတဲ့ ဧရိယာ တွေ၊ သတ္တုကုမ္ပဏီတွေရှိတဲ့ ဧရိယာတွေ၊ နောက်တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရှိတဲ့ မဲဆန္ဒနယ်တွေမှာ တစ်ဖက်က လုပ်ငန်း ရှင်တွေက အလုပ်သမားတွေ အများကြီးခေါ် လာပြီးမှ မဲပေးခိုင်းလိုက်ရင် ဒေသခံတိုင်းရင်း သားပါတီတွေအတွက် အများကြီးနစ်နာနိုင် တယ်”ဟု ၎င်းက ပြောကြားသည်။

တိုင်းရင်းသားပါတီများအနေဖြင့် နည်း ဥပဒေပြင်ဆင်ချက်ကို စိုးရိမ်မှုများရှိနေသည့် အပြင် မူလပြဋ္ဌာန်းချက်ကို နှစ်သက်ခြင်း မရှိခဲ့ပေ။ ရွှေ့ပြောင်းမဲဆန္ဒရှင်များအနေဖြင့် မူ ရင်းမဲဆန္ဒနယ်သို့ ပြန်လည်မဲပေးခြင်းနှင့် ကြို တင်မဲပေးခြင်းကိုသာ တိုင်းရင်းသားပါတီများက အရင်ကတည်းက လိုလားခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေ ရွေးချယ်တာနဲ့ မူရင်းမဲ ဆန္ဒနယ်က အဝေးရောက်မဲဆန္ဒရှင်များ ရွေး ချယ်တာ မတူကွဲပြားရင် ဒေသခံတွေမှာ နစ် နာဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ အ ကောင်းဆုံးကတော့ ကိုယ့်ရဲ့ဒေသမှာ မဲပေး တာကောင်းတယ်။ ပြန်ပြီး မဲပေးနိုင်လည်း ပေး။ ဒါမှမဟုတ် အခက်အခဲရှိရင် ကြိုတင်မဲ ပေး။ ဒါ အကောင်းဆုံးပဲ”ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လျှောက်ထားသည့် ရက် ၁၈၀ ထက် မနည်း မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်မှာ တစ်သန်းကျော်သာရှိခဲ့သည်။

ယင်းအရေအတွက်သည် အမှန်တကယ် ရှိသင့်သည့် အရေအတွက်ထက် အလွန်နည်း ပါးနေခြင်းက မဲဆန္ဒရှင်အသိပညာပေးမှုအား နည်းခြင်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုပ် ထွေးမှုများကြောင့်ဟု ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

ထို့ကြောင့်  ပြင်ဆင်နည်းဥပဒေအရ အချိန်သုံးလသာယူ၍ ဆောင်ရွက်မည်ဆို လျှင် အငြင်းပွားမှုများက ပိုမိုဖြစ်ပွားနိုင်မည် ကိုလည်း တိုင်းရင်းသားနိုင်ငံရေးပါတီများတွင် စိုးရိမ်မှုများရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၁၀ ကို ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ ယင်းပုဒ်မသည် ရွှေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးအတွက် ဆောင်ရွက်သည်ဟု ထင်မှတ်စရာရှိသော်လည်း တစ်ဖက်တွင် မဲ ဆန္ဒရှင်နည်းပါးရာ မဲဆန္ဒနယ်များအတွက် စိုးရိမ်စရာ အနေအထားဖြစ်ကြောင်း တိုင်း ရင်းသားပါတီများနှင့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက မှတ်ချက်ပြုသည်။ ယင်းသို့ ပြင်ဆင်ချက်နှင့်ပတ်သက်၍ လက်ခံ သည့်ပါတီများရှိသလို လက်မခံလိုသည့် တိုင်း ရင်းသားပါတီများကလည်း ရှိခဲ့သည်။

ရွှေ့ပြောင်းလုပ်သားများ မူလမဲဆန္ဒ နယ်မှ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေး နိုင်မည့် နည်းလမ်းများ ဖော်ဆောင်ပေးရန် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံ ရေးပါတီများတွေ့ဆုံစဉ် တောင်းဆိုခဲ့ကြ သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ နည်းဥပဒေပြင်ဆင်ချက်က ယင်းတောင်း ဆိုချက်များအပေါ် ထည့်သွင်းစဉ်းစားခြင်း ရှိ၊ မရှိကိုမူ မေးခွန်းထုတ်ရဖွယ်ရှိဟု မွန်ညီ ညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေး မှူး (၁) နိုင်လယိတမက ပြောကြားသည်။

“ပြည်ပရောက်နေတဲ့ ရွှေ့ပြောင်းလုပ် သားတွေကိုတောင်မှ ကြိုတင်မဲပေးဖို့ စီစဉ် နိုင်သေးတာပဲ။ ဆိုတော့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေကိုလည်း မူလဒေသမှာ အရွေး ခံတဲ့ကိုယ်စားလှယ်တွေကို ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်သင့်တယ်”ဟု ၎င်းင်းက ထောက်ပြသည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီ ရွှေ့ပြောင်းသူများအတွက် နိုင်ငံရေးအခွင့် အလမ်းကို ၎င်းင်း၏မူရင်းဒေသ၌သာအကောင် အထည်ဖော်သင့်ပြီး ခေတ္တရောက်ရှိရာ ဒေ သအတွက် နိုင်ငံရေးအဆုံးအဖြတ်ပေးခိုင်း ခြင်းမှာ ဒေသခံများ၏ နိုင်ငံရေးအခွင့်အလမ်း ကို စွက်ဖက်ကျူးကျော်ခွင့်ပေးခြင်းဟု သုံး သပ်ကြောင်း ကချင်အမျိုးသားကွန်ဂရက် ပါတီက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် သဘောထားထုတ်ပြန်သည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအပါ အဝင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ များကို စောင့်ကြည့်လေ့လာခဲ့သည့် ရွေး ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ကမူ စောင့်ကြည့်ခဲ့သည့် ရွေး ကောက်ပွဲဖြစ်စဉ်များအရ နည်းဥပဒေပုဒ်မ ၁၀ ကို ကြိုတင်မဲစနစ်တွင် ထည့်သွင်းရန် ကော်မရှင်ထံ အကြံပြုထားသည်။

“ရက် ၁၈၀ က ရှုပ်လည်း ရှုပ်ထွေးတယ်။ မဲဆန္ဒရှင်စာရင်း ကြိုတင်ကြေညာပြသတဲ့ အချိန်မှာ ပြောင်းရတာကိုး။ သူ့မဲစာရင်းတွေ ကို သွားပြီး လျှောက်လွှာတင်ရတယ်။ သာမန် နိုင်ငံသားတွေအနေနဲ့ ပြောင်းလဲရတယ်။ အဲ ဒီလုပ်ငန်းစဉ်တွေရှိတော့ ကြိုတင်မဲစနစ်မှာ ပဲထည့်ဖို့ ကော်မရှင်ကို အကြံပြုထားတာရှိ တယ်”ဟု PACE အဖွဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟန်းစိုးထွန်းက ပြောကြားသည်။

■ လွှတ်တော်နှစ်ရပ်၌ အတည်ပြုခြင်း

ပြည်သူ့လွှတ်တော်တွင် ကော်မရှင်၏ ရက်ပေါင်း ၉၀ အနည်းဆုံးနေထိုင်ရမည့် လျှော့ချပြင်ဆင်ချက်နှင့်ပတ်သက်၍အတည် ပြုချက်ရယူရာတွင် သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ အာဏာရပါတီ NLD မှ ကိုယ်စား လှယ်များက ကော်မရှင်ပြင်ဆင်ချက်ကို အပြု သဘောရှုမြင်ခဲ့သော်လည်း တိုင်းရင်းသားပါ တီမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က ရက် ၉၀ ပြင်ဆင် ချက်ကို ကန့်ကွက်ကြောင်း သဘောထား ပြသခဲ့ကြသည်။

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်တစ် ဦးသည် ရောက်ရှိရာဒေသတွင် သုံးလနေ ထိုင်ရုံဖြင့် ယင်းဒေသတွင် ဆန္ဒမဲပေးခွင့်ရှိမည့် အချက်ကို ပြည်သူ့လွှတ်တော်တွင် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSDP) မှ တိုင်းရင်းသားကိုယ်စားလှယ် နှစ်ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးတို့က ပြင်ဆင်ချက်တင်သွင်းခဲ့သည်။

ဒေသတစ်ခုတွင် သုံးလနေထိုင်ရုံဖြင့် ယင်းဒေသတွင်ဆန္ဒမဲပေးနိုင်ခြင်းက မဲဆန္ဒ ရှင်နည်းပါးသည့် ပြည်နယ်များရှိ မြို့နယ် အချို့အပေါ် သက်ရောက်မှုကြီးမားနိုင်ပြီး အကျိုးဆက်အဖြစ် ပြည်နယ်အခြေစိုက် တိုင်း ရင်းသားပါတီများကို ထိခိုက်မှုရှိသည်ဟု SNLD ပါတီမှ မူဆယ်မြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်က ဆို သည်။

“အဲဒီအကျိုးဆက်တွေကြောင့် ပြည် နယ်အခြေစိုက် တိုင်းရင်းသားပါတီများရဲ့ ကိုယ်စားပြုမှုကို များစွာထိခိုက်စေမှာ ဖြစ်ပါ တယ်။ ဒါ့အပြင် နိုင်ငံတော်က ရည်မှန်းထား တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရာမှာ အရေးကြီးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကဏ္ဍကို အားလျော့လာ စေနိုင်ပါတယ်”ဟု ၎င်းက ထောက်ပြသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော မြို့ များ၊ အလုပ်အကိုင်အခွင့်အလမ်းရှိသော ဒေသများနှင့် သဘာဝသယံဇာတထွက်ရှိ သော ဒေသများတွင်သာ ရွှေ့ပြောင်းသွားလာ မှုများပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရွှေ့ပြောင်းအခြေချမှုနည်းပါး၍ နည်းဥပဒေ ပြင်ဆင်ချက်သည် ပြည်နယ်သားများနှင့် ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများအတွက် မျှတမှုမရှိဟု ကချင်ပြည်နယ် အင်ဂျန်းယန် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်က မှတ်ချက်ပြုသည်။

ထို့ပြင် အခြားဒေသမှ ရောက်လာပြီး ရက်ပေါင်း ၉၀ နေထိုင်ပြီးသူကို ဝင်ရောက်မဲ ပေးခွင့်ပြုခြင်းသည် ဒေသခံပြည်သူများ၏ ကိုယ်စားပြု ရွေးချယ်မှုရလဒ်ကို ပြောင်းလဲစေ နိုင်သောကြောင့် ဒေသခံလူထု၏ ဆန္ဒ သဘောထားကိုလည်း ထိခိုက်စေနိုင်သည် ဟု ၎င်းက ပြောကြားသည်။

“တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်ဖို့ အခက်အခဲရှိပါတယ်။ ရက် ၉၀ ကို အသုံးချမှုလည်း ရှိလာနိုင်ပါတယ်”ဟု  ဦးလမာနော်အောင်က ဆိုသည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းကမူ ရက် ၉၀ ပြင်ဆင်ချက်သည် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး ဆုံးရှုံးနစ်နာသည့်အတွက် မူလရက်ပေါင်း ၁၈၀ ပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိရန်ဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ များအရ ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို အနည်းဆုံး ရက် ၉၀ နှင့်အထက်တွင် ကြို တင်၍ ကြေညာပေးရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် က ရွေးကောက်ပွဲမတိုင်မီ ၁၂၃ ရက်အလိုတွင် ရွေးကောက်ပွဲရက် ကြိုတင်ကြေညာပေးခဲ့ ကြောင်း ဗိုလ်မှူးချုပ်တင်စန်းက ဆိုသည်။

ထို့ကြောင့် ကော်မရှင်အနေဖြင့် ရွေး ကောက်ပွဲကျင်းပမည့်ရက် မကြေညာမီ မဲဆန္ဒနယ်ပြင်ပတွင် အလုပ်လုပ်ကိုင်နေသူများကို မိမိရောက်ရှိရာ မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြု ကာ ရွေးကောက်ပွဲ ရက်ကြေညာပြီးချိန်မှ မဲဆန္ဒနယ်ပြင်ပ သွားရောက်သူများအား ကြို တင်မဲသာခွင့်ပြုသင့်ကြောင်း ၎င်းက ဆွေးနွေးသည်။

ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာပြီးချိန် ရက် ၉၀ နှင့်အထက် ကာလ အတွင်း မဲဆန္ဒနယ်ပြင်ပ သွားရောက်သူများ တွင် မိမိတို့ သွားရောက်ရာဒေသရှိ မဲအရေ အတွက်ပြောင်းလဲရန်အတွက် ရိုးသားမှုမရှိဘဲ သွားရောက်သူများလည်း ပါဝင်လာနိုင်သည် ဟု ၎င်းက ထောက်ပြသည်။

“ဒီလို ဆောင်ရွက်ချက်မျိုးကို အနိုင်ရလို တဲ့ နိုင်ငံရေးပါတီများကနေ လုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လာနိုင်တဲ့အတွက် ကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ထိခိုက်နစ်နာနိုင်တဲ့အတွက် မပြင်ဆင်သင့် ကြောင်း ဆွေးနွေးလိုပါတယ်”ဟု ဗိုလ်မှူးချုပ် တင်စန်းက ပြောကြားသည်။

သို့သော် ရွှေ့ပြောင်းလုပ်သားများသည် တိုင်းရင်းသားဒေသများတွင်သာမက ဗမာ အများစုရှိရာ တိုင်းဒေသကြီးတို့တွင်လည်း ရှိနေကြပြီး တစ်ဖက်က နိုင်ငံသား၏ ဆန္ဒမဲ ပေးပိုင်ခွင့်အပေါ် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု NLD ပါတီ ကိုယ်စားလှယ် အချို့က တုံ့ပြန်သည်။

ပြင်ဆင်နည်းဥပဒေပါ ရက် ၉၀ ကြောင့် ရွှေ့ပြောင်းနေထိုင်သူနှင့် ရွှေ့ပြောင်းလုပ် သားများ မဲပေးခွင့်အခွင့်အရေး ပိုမိုရရှိစေ မည် ဟု NLD ပါတီမှ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး လင်းက ပြောကြားသည်။

“မဲဆန္ဒနယ် ပြင်ပရောက်ရှိနေပြီးတော့ မိမိတို့ရဲ့မဲဆန္ဒနယ်ကို ပြန်လာဖို့ အခက်အခဲရှိ နေမယ်ဆိုရင် အဲဒီမဲဆန္ဒနယ်မှာ မဲပေးလို့ရ အောင် မဲပေးခွင့်အခွင့်အရေး မဆုံးရှုံးအောင် ပေးထားတဲ့အခွင့်အရေးပဲ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးကျော်စိုး လင်းက ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက် က လွှတ်တော်တွင် ပြောကြားသည်။

အဆိုပါအခွင့်အရေးများကို နည်းဥပ ဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်၍ မဲမသမာမှုနှင့် လိမ်လည်မဲပေး ခြင်းများရှိမည်မဟုတ်ကြောင်း ၎င်းက ဆို သည်။

ထိုသို့ သဘောထားကွဲလွဲချက်များ ကြောင့် ထုံးစံအတိုင်း မဲခွဲဆုံးဖြတ်ရန် အကြောင်းဖန်လာပြီး အဆုံးတွင် ကိုယ်စား လှယ်ဦးရေ အများစုရှိသည့် NLD ပါတီ၏ သဘောထားအတိုင်း ရက် ၉၀ စကားရပ်ပါ နည်းဥပဒေပြင်ဆင်ချက် အတည်ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် လွှတ်တော်သုံးရပ် ၏ ရွေးကောက်ပွဲ နည်းဥပဒေများနှင့်ပတ် သက်၍ ကော်မရှင်၏ ပြင်ဆင်ချက်ကိုမဲခွဲရာ ထောက်ခံမဲ ၂၂၆ မဲ၊ ကန့်ကွက်မဲ ၁၄၉ မဲနှင့် ကြားနေခြောက်မဲဆိုသည့် ရလဒ်ထွက်ပေါ်ခဲ့ သည်။

အမျိုးသားလွှတ်တော်တွင်လည်း ကော် မရှင်၏ ရက်ပေါင်း ၉၀ အနည်းဆုံးနေထိုင်ရ မည့် လျှော့ချပြင်ဆင်ချက်နှင့်ပတ်သက်၍ မေ ၂၀ ရက်က လွှတ်တော်၏ အတည်ပြုချက် ရယူရာတွင် ကန့်ကွက်သူမရှိသဖြင့် အတည် ပြုခဲ့သည်။

■ ကန့်ကွက်ဆန္ဒပြခြင်း

တိုင်းရင်းသားပါတီများသည် ရက် ၉၀ ပြင်ဆင်ချက်နှင့်ပတ်သက်၍ လွှတ်တော်တွင်း ကန့်ကွက်သည့် နည်းလမ်းဖြင့်သာမက လွှတ် တော် ပြင်ပနည်းလမ်းများဖြစ်သည့် ထုတ်ပြန် ချက်များ၊ ကော်မရှင်ထံ အကြံပြုချက်များ ပေးပို့၍လည်း ကန့်ကွက်ခဲ့ကြသည်။ တိုင်း ရင်းသားပါတီ ၁၂ ပါတီဖြင့် စုဖွဲ့ထားသည့် UNA  အပါအဝင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့က ရက် ၉၀ ပြင်ဆင်ချက်ကြောင့် မဲစာရင်းပြုစုရာတွင် အငြင်းပွား စရာများဖြစ်လာနိုင်သည်ဟု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပူးတွဲထုတ်ပြန်သည်။

မူလနည်းဥပဒေပါ ရက်ပေါင်း ၁၈၀ ပြ ဋ္ဌာန်းချက်ဖြင့် ဆောင်ရွက်ခဲ့သော ယခင်ရွေး ကောက်ပွဲများတွင် ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိသည့်အတွက် ပြင်ဆင်ရန် မလိုအပ်ဟု ယင်းပါတီများက ယူဆသည်။

နည်းဥပဒေများကို ပြင်ဆင်ရာတွင် အများပြည်သူအတွက် ပိုမိုရှင်းလင်းလွယ်ကူ စေရန်နှင့် လွတ်လပ်ပြီး တရားမျှတစေရန်သာ ဦးစားပေး ပြင်ဆင်သင့်ပြီး တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့ အသာစီးရစေမည့် ပြင်ဆင်ချက်များမဖြစ်သင့်ဟု ပါတီ ၁၄ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဟာရဲ့သက်ရောက်မှုက တိုင်းရင်း သားနယ်မြေတွေဖြစ်တဲ့အတွက် တိုင်းရင်း သားတွေကို အလေးထားမယ်ဆိုရင် ဒီကိစ္စ တွေက မလုပ်သင့်ပါဘူး”ဟု ထုတ်ပြန်ချက် တွင်ပါဝင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) အတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

ရက် ၉၀ ပြင်ဆင်ချက်ကို မူလနည်းဥပ ဒေပါ ရက် ၁၈၀ အတိုင်းထားရှိလိုသည့် တိုင်းရင်းသားပါတီများ ရှိသလို အချို့သော တိုင်းရင်းသားပါတီများက အဆိုပါပုဒ်မကို အပြီးတိုင်ပယ်ဖျက်လိုသည့် သဘောထားရှိ ကြသည်။

“ကျွန်တော်တို့က ဒီပုဒ်မကို အပြီးတိုင် ဖျက်ချင်တာ။ ဒါက ကြိုတင်မဲပဲပေးရမှာ။ ဒီကိစ္စက သိသိကြီးနဲ့ လုပ်တဲ့ကိစ္စ။ ပွင့်ပွင့်လင်းလင်းပြောရရင် ၂၀၂၀ မှာ ပြည်မပါတီတွေ တိုင်းရင်းသားဒေသတွေမှာ အခြေအနေ မကောင်းတာ သူတို့သိတယ်။ သိတော့ ဒီကိစ္စကို တမင်လုပ်လာတာလို့ မြင်တယ်”ဟု ကချင် အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောကြားသည်။

ထို့ပြင် ရက်ပေါင်း ၉၀ ရွှေ့ပြောင်းနေ ထိုင် ရုံဖြင့် ရောက်ရှိရာဒေသတွင် မဲပေးခွင့်ကို အလိုမရှိကြောင်း မြစ်ကြီးနားမြို့တွင် ၂၀၂၀ ပြည့်နှစ် မတ် ၉ ရက်က ကချင်အမျိုးသားကွန် ကရက်ပါတီက ဆန္ဒပြ၍ ကန့်ကွက်မှုပြုလုပ်ခဲ့ သည်။

မြစ်ကြီးနားမြို့ စိမ်းမြဧရာပန်းခြံရှေ့တွင် ကချင်အမျိုးသားကွန်ဂရက်ပါတီက ဦး ဆောင်၍ ၂၀၂၀ ရွေးကောက်ပွဲ သန့်ရှင်းမျှတ မှုဆောင်ရွက်ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ အရွေ့ တားဆီးမှုမှန်သမျှ ဖယ်ရှားရေး၊ ရက် ပေါင်း ၉၀ နေထိုင်ရုံဖြင့် မိမိရောက်ရာဒေသ မဲပေးခွင့်ပယ်ဖျက်ရေးနှင့် ဒေသခံတို့၏ မဲ ဆန္ဒဆုံးဖြတ်ပိုင်ခွင့် ဝင်ရောက်စွတ်ဖက်မှု မပြုရေး စသည့် အချက်များပါသည့် ဆိုင်းပုဒ် များကိုကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီလို မဲပေးခွင့်ရရင် လူမျိုးစုပါတီတွေရဲ့ အခွင့်အရေးကို ထိခိုက်မှာပဲ။ ကချင်၊ ရှမ်း၊ မွန်ပြည်နယ်တွေမှာလည်း ထိခိုက်မှာပဲ။ မတရားတဲ့ဥပဒေကို ပြဋ္ဌာန်းသလိုပဲ။ အ ကြောင်းပြချက်က နိုင်ငံသားအခွင့်အရေး ပြတယ်။ နိုင်ငံသားအခွင့်အရေးနဲ့ ဒါက မဆိုင် ပါဘူး။ ရွှေ့ပြောင်းကို ကြိုတင်မဲနဲ့ လုပ်လို့ရနိုင် တာတွေ ရှိပါတယ်”ဟု ကချင်အမျိုးသားကွန် ဂရက်ပါတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောကြားသည်။

■ စောင့်ကြည့်ရုံသာ

ပြည်ထောင်စုရွေးကေက်ပွဲကော်မရှင် ၏ ရက်ပေါင်း ၉၀ အနည်းဆုံးနေထိုင်ရမည့် လျှော့ချပြင်ဆင်ချက်နှင့်ပတ်သက်၍ လွှတ် တော် နှစ်ရပ်က သဘောတူလိုက်သဖြင့် ပြည် ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ရယူ ရန် မလိုတော့ပေ။

မေ ၂၅ ရက်က ပြည်သူ့လွှတ်တော်တွင် လွှတ်တော်သုံးရပ် ရွေးကောက်ပွဲနည်းဥပဒေ များကို ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပ ဒေများကို လွှတ်တော်နှစ်ရပ်စလုံးက သဘော တူခြင်းဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ် တော်က အတည်ပြုသည်ဟု မှတ်ယူ၍ ဆက် လက်ဆောင်ရွက်သွားမည်ဟု လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ရက် ၁၈၀ မှ ရက် ၉၀ လျှော့ချသည့် နည်းဥပဒေပြင်ဆင်ချက်သည် မဲဆန္ဒရှင်များ ပြားသည့် မဲဆန္ဒနယ်များတွင် ကြီးမားသည့် သက်ရောက်မှုမရှိနိုင်သော်လည်း မဲဆန္ဒရှင် နည်းပါးသည့် ပြည်နယ်မဲဆန္ဒနယ်များတွင် အငြင်းပွားစရာကိစ္စရပ်များ ဖြစ်လာမည်ကို စိုးရိမ်မှုရှိကြောင်း တိုင်းရင်းသားပါတီအချို့ နှင့် လေ့လာစောင့်ကြည့်သူများက ပြောကြား ထားပြီးဖြစ်သည်။ 

အခြားဒေသမှ ရောက်လာပြီး ရက် ပေါင်း ၉၀ နေထိုင်ပြီးသူကို ဝင်ရောက်မဲပေး ခွင့်ပြုခြင်းသည် ဒေသခံပြည်သူများ၏ ကိုယ် စားပြု ရွေးချယ်မှုရလဒ်ကို ပြောင်းလဲစေနိုင် သောကြောင့် ဒေသခံလူထု၏ ဆန္ဒသဘော ထားကိုလည်း ထိခိုက်စေနိုင်သည်ဟု တိုင်း ရင်းသားပါတီများက ထောက်ပြခဲ့ကြသည်။

ထိုသို့သော အကြောင်းအရာများကြောင့် တိုင်းရင်းသားပါတီများက ရွှေ့ပြောင်းမဲဆန္ဒ ရှင်များအနေဖြင့် မူရင်းမဲဆန္ဒနယ်သို့ ပြန်လည်မဲပေးခြင်းနှင့် ကြိုတင်မဲပေးခြင်းကိုသာ လိုလားခဲ့ကြသော်လည်း လက်ရှိတွင် လွှတ်တော်က  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုလိုက်ခြင်းသည် လူနည်းစုတိုင်းရင်းသားပါတီများ၏ သဘောဆန္ဒကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။

ထို့ကြောင့် မကြာမီကျင်းပတော့မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လူနည်းစု တိုင်းရင်းသားပါတီများက စိုးရိမ်ခဲ့ကြသည့် အကြောင်းအရာများ ဖြစ်ပေါ်လာနိုင်ခြင်း ရှိ မရှိကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

 

 

Most Read

Most Recent