၀ါးလုံးရှည်နဲ့ ဆောက်လုပ်ထားတဲ့ တဲအိမ်တွေအောက်မှာ ကလေးတစ်သိုက် ဆော့ကစားနေကြပါတယ်။ တဲအပေါ်မှာတော့ အသက်ခပ်ရွယ်ရွယ် အမျိုးသမီးလေးဦးက ထိုင်နေကြပြီးတော့ အလယ်မှာ တစ်နှစ်နီးပါးအရွယ်ရှိတဲ့ ကလေးငယ်တစ်ဦးကို အမျိုးသမီးတစ်ဦးက ထမင်းခွံ့နေပါတယ်။
“ အဲဒါတွေအကုန်လုံးက မီးလက်ဝကလေ” လို့ စကားသံဝဲဝဲနဲ့ အသက် ၃၀ ကျော်အရွယ်ရှိတဲ့ ချင်းတိုင်းရင်းသူ မ Pyi Die က ပြောပါတယ်။
ခပ်ယိုင်ယိုင်ဆောက်လုပ်ထားတဲ့ တဲတစ်လုံးထဲမှာ အခန်းလေးတွေ ကန့်ထားပြီးတော့ တစ်ခန်းကို မိသားစု တစ်စု စုပေါင်းနေထိုင်ကြပါတယ်။ တဲတစ်လုံးမှာ မိသားစု လေးစုခန့် စုပေါင်းနေထိုင်နေရတဲ့သူတွေကတော့ ချင်းပြည်နယ် ပလက်ဝမြို့ကနေ စစ်ဘေးရှောင်လာတဲ့ ချင်းတိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။
“ ဒီကိုရောက်တာက ရက်ပိုင်းပဲ ရှိသေးတယ်။ သိပ်မကြာသေးဘူး” လို့ မ Pyi Die က ပြောပါတယ်။
၂၀၁၅ခုနှစ် ဇူလိုင်လပိုင်းကစလို့ မြန်မာ့တပ်မတော်နဲ့ AA တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ တိုက်ပွဲအရှိန်တွေ ပိုမြင့်လာသလို စစ်ဘေးရှောင်ဒုက္ခသည်ဦးရေကလည်း ပိုများလာပါတယ်။
“ ဘယ်လိုမှ မနေနိုင်တော့လို့ ပြေးလာရတာ” လို့ မ Pyi Die က ပြောပါတယ်။
မ Pyi Die နေတဲ့ ကျေးရွာကတော့ ချင်းပြည်နယ်ပလက်ဝမြို့နယ်ထဲမှာ ပါဝင်တဲ့ မီးလက်ဝအောက်ရွာဆိုတဲ့ ကျေးရွာပဲ ဖြစ်ပါတယ်။
မီးလက်ဝကျေးရွာက နှစ်ရွာရှိပြီးတော့ အပေါ်ဘက်မှာရှိတဲ့ရွာကတော့ ရခိုင်လူမျိုးတွေ နေထိုင်ပြီး အောက်ရွာမှာတော့ ချင်းလူမျိုးတွေ နေထိုင်ပါတယ်။
ရခိုင်လူမျိုးတွေနေထိုင်တဲ့ မီးလက်ဝကျေးရွာကိုတော့ အထက်မီးလက်ဝလို့ ခေါ်ပြီးတော့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ရွာကိုတော့ အောက်မီးလက်ဝလို့ ခေါ်ပါတယ်။
တောင်ယာအလုပ်ကို အဓိကထားလုပ်ကိုင်နေကြတဲ့ အောက်မီးလက်ဝကျေးရွာက အိမ်ခြေ တစ်ရာကျော်လောက် ရှိပါတယ်။ တိုက်ပွဲတွေ မဖြစ်ခင်တုန်းကတော့ ရွာမှာ တောင်ယာလုပ်ရင်းဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းကြပါတယ်။
“ ရွာမှာက တောင်ယာပဲလုပ်တယ်လေ။ အေးအေးဆေးဆေးပဲ။ ရတာနဲ့ သုံးစွဲပြီးနေကြတယ်” လို့ မ Pyi Die က ပြောပါတယ်။
မိသားစုဝင် လေးဦးရှိတဲ့ မ Pyi Die တို့အတွက်ကတော့ တိုက်ပွဲတွေ မလာခင်မှာ အေးချမ်းခဲ့ပေမယ့် တိုက်ပွဲတွေ ကူးစက်လာတဲ့အချိန်မှာတော့ ဒုက္ခရောက်ပါပြီ။
“ အရင်တုန်းကတော့ ဟိုဘက်မှာ တိုက်ပွဲဖြစ်တယ်။ ဟုတ်လားပေါ့။ ပြောပြီးမေ့မေ့ပျောက်ပျောက်ပဲ။ သတိတော့ရှိတာပေါ့။ နောက်ကျတော့ ကိုယ့်ဆီတည့်တည့်ရောက်လာတာပဲ” လို့ မ Pyi Die က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းမှာတော့ မီးလက်ဝကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာမှာ ကျေးရွာသား သုံးဦးဒဏ်ရာ ရရှိခဲ့ပါတယ်။
မီးလက်ဝကျေးရွာအတွက် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲတာကတော့ တစ်ကြိမ်တည်း မဟုတ်ပါဘူး။ နောက်တကြိမ်မှာတော့ ရွာသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ ဖြစ်တဲ့အချိန်တွေက နေ့လယ်ပိုင်းတွေချည်းပဲ။ ဘယ်သူက ပစ်သလဲဆိုတာလည်း မသိဘူး။ ဒဏ်ရာရတဲ့သူကတော့ ရသွားတယ်” လို့ မ Pyi Die က ပြောပါတယ်။
ရွာထဲကိုလည်း လူစိမ်းတွေဝင်လာတာကို တွေ့ရပြီး ရွာခံတွေကတော့ လူစိမ်းဆိုတာကို သိပေမယ့် ဘယ်အဖွဲ့ကလည်းဆိုတာတော့ မသိကြပါဘူး။
“ လူစိမ်းဆိုတာကို ရွာခံတွေက သိတာပေါ့။ ဒါပေမဲ့ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး။ တပ်ကဆိုရင်တော့ ယူနီဖောင်းတွေနဲ့ လာကြတယ်။ AA ကတော့ ယူနီဖောင်းမဝတ်ဘူး။ အဲဒါကြောင့်နောက်ဆို လူစိမ်းဆိုရင် ရွာခံတွေက AA လို့ပဲ မှတ်ထားတယ်” လို့ မ Pyi Die က ပြောပါတယ်။
မ Pyi Die ရဲ့ ဆွေမျိုးသားချင်းတွေကိုလည်း AA အဖွဲ့က စစ်မေးတာတွေ ခံခဲ့ရပါတယ်။ မ Pyi Die ရဲ့ ယောကျ်ားဖြစ်သူရဲ့မောင်၊ ကျောင်းဆရာဆိုရင် စစ်မေးရင် အရိုက်ခံရတာတွေ ရှိပါတယ်။
“ သူ့အဖေ (မ Pyi Die ၏ ယောက္ခထီး) က ရွာမှာ အုပ်ချုပ်ရေးမှူး။ ဘယ်အဖွဲ့က လာလာ အုပ်ချုပ်ရေးမှူးကိုပဲ ခေါ်မေးတယ်။ အဲဒီနေ့က AA ကလာတော့ သူကမရှိဘူး။ အဲဒါနဲ့ သူ့သား (မ Pyi Die ၏မတ် တော်စပ်သူ) က ဖြေတာပေါ့။ ဘာလုပ်လဲမေးတော့ ကျောင်းဆရာဆိုပြီး ဖြေတော့ ရိုက်နှက်သွားသေးတယ်” လို့ မ Pyi Die က ပြောပါတယ်။
သုံးလကျော် လေးလနီးပါးဖြစ်လာတဲ့အချိန် တိုက်ပွဲတွေက ခပ်စိတ်စိတ်ဖြစ်လာတဲ့အချိန်မှာ ရွာကို စွန့်ခွာဖို့ မ Pyi Die တို့ ကြံစည်ပါတော့တယ်။ မ Pyi Die တို့သာမကပါဘူး။ တစ်ရွာလုံးလိုလို ပြောင်းပြေးကြဖို့ပါ။
“ နီးစပ်ရာက ပလက်ဝပဲရှိတော့ ပလက်ဝကို တော်တော်များများ ပြေးကြတယ်” လို့ မ Pyi Die က ဆိုပါတယ်။
မီးလက်ဝကျေးရွာဆိုတာ ပလက်ဝမြို့အနောက်ဘက် ပလက်ဝမြစ်ရဲ့ တစ်ဖက်ကမ်းမှာ တည်ရှိပါတယ်။ ပလက်ဝမြစ်ကို ကူးလိုက်တာနဲ့ ပလက်ဝမြို့ပေါ်ကို ရောက်ပါတယ်။
မ Pyi Die တို့ ပြေးလာတဲ့အချိန်မှာ မီးလက်ဝကျေးရွာဆိုတာ မရှိတော့ပါဘူး။ ကျေးရွာက လက်နက် ကြီးကျည်ထိတာနဲ့ မီးလောင်တာနဲ့ ပျက်စီးသွားပါပြီ။
“ ရွာမှာ ဘယ်သူမှမရှိကြတော့ဘူး။ အကုန်ပြေးကြရတယ်” လို့ မ Pyi Die က ပြောပါတယ်။
မိသားစုလေးဦး ပြေးဖို့အစီအစဉ်ဆွဲတဲ့အချိန်မှာတော့ ယောကျ်ားဖြစ်သူနဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးက ပလက်ဝမှာ ကျန်နေခဲ့ပြီးတော့ သူမနဲ့ သားတစ်ယောက်ကတော့ ရန်ကုန်မြို့ကိုထွက်လာတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ဆိုတာက သူ့ဘဝမှာ အရင်တုန်းက တစ်ခေါက်ရောက်ဖူးပြီးတော့ အခုရောက်တာဆိုရင် ဒုတိယအကြိမ်လို့ မ Pyi Die က ပြောပါတယ်။
“ အစတုန်းက ဒီကိုသားအမိနှစ်ယောက်လာတာ။ ဒီမှာအဆင်ပြေရင် ယောကျ်ားကို ခေါ်မယ်ပေါ့။ ဒီမှာ လာနေဖို့လုပ်နေတုန်း ဘယ်မှသွားလို့မရတော့ သူတို့က ကျန်နေခဲ့တာ” လို့ မ Pyi Die က ပြောပါတယ်။
ရွာက ပြေးလာတုန်းက ဆွဲထားတဲ့အစီအစဉ်က ပျက်သွားပြီးတော့ အခုဆို သူ့ယောကျ်ားနဲ့ ဖုန်းအဆက်အသွယ်ပဲ ရတော့ပါတယ်။
“ ဖုန်းလိုင်းမဖြတ်ထားတာ ကျေးဇူးတင်ရမယ်။ နို့မို့ဆို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး” လို့ မ Pyi Die က ပြောပါတယ်။
မိသားစုတွေ ပြန်မတွေ့တာ သုံးလနီးပါးရှိတော့မှာဖြစ်ပေမဲ့ ဖုန်းအဆက်အသွယ်ရတဲ့အတွက်ကြောင့် ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ သိရှိရပါတယ်။
“ ဖုန်းဆက်တိုင်း အားပေးနေရတာပေါ့။ ကိုယ့်ကိုစိတ်မပူဖို့နဲ့ သူ့ဘက်မှာလည်း အဆင်ပြေအောင်နေဖို့ပေါ့” လို့ မ Pyi Die က ပြောပါတယ်။
ရန်ကုန်ကို ရောက်တဲ့အချိန်မှာတော့ မှော်ဘီမြို့နယ် စာဖြူစုရပ်ကွက်မှာတော့ နေထိုင်ရပါတယ်။
မလှမ်းမကမ်းမှာ ခရစ်ယာန်ဘာသာဝင်တွေကို မြှုပ်နှံတဲ့သချိုင်္င်း တစ်ခုရှိပြီးတော့ လယ်ကွက်တွေမှာ တဲထိုးနေထိုင်ရပါတယ်။
အလျား ပေ၃၀_ အနံ ၁၅ ပေ နီးပါးခန့်ရှိတဲ့ တဲတစ်လုံးမှာ မိသားစုတစ်စုကို ၁၀ ပေခန့်ရှိတဲ့ အခန်းငယ်လေးထဲမှာ နေထိုင်ရပါတယ်။
“ တိုက်ပွဲသံတွေ မကြားရတာ ထက်စာရင် အများကြီးတော်တယ်” လို့ မ Pyi Die က ပြောပါတယ်။
လူဦးရေ ၁၃၀ နီးပါးအတွက် တဲအချို့ကို ဆောက်လုပ်ပြီးစီးခဲ့ပေမယ့် တချို့အိမ်ထောင်စုတွေအတွက်ကတော့ တဲတွေ စဆောက်နေပါတယ်။ မှော်ဘီမြို့နယ်မှာတော့ ရေတွင်းတူးရင် အလွယ်တကူ ရေထွက်တဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေအတွက် တူးထားတဲ့ ရေတွင်းတွေကိုလည်း တွေ့ခဲ့ရပြီးတော့ တူးလက်စ ဖြစ်နေတာတွေကိုလည်း တွေ့ရပါတယ်။

“ အကုန်လုံးက ပလက်ဝက လာကြတဲ့သူတွေချည်းပဲ” လို့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးနေတဲ့ ကိုထွန်းနိုင်က ပြောပါတယ်။
ကိုထွန်းနိုင်ဆိုတာကတော့ ပလက်ဝမြို့ဇာတိဖွား ချင်းလူမျိုးတစ်ယောက်ဖြစ်ပြီးတော့ ရန်ကုန်မြို့ကို ရောက်ရှိနေတာ ရှစ်နှစ်ကျော်ရှိပါပြီ။ ချင်းပြည်နယ် ပလက်ဝဘက်ကနေ ပြောင်းလာတဲ့ စစ်ဘေးရှောင်တွေကို ကူညီနေရာချပေးနေတဲ ့သူတစ်ယောက် ဖြစ်ပါတယ်။
“ ဒီမှာက ကော်မတီဖွဲ့ထားတာ ရှိတယ်။ ဆရာ ဆလိုင်းတို့လည်းပါတယ်။ မနက်ကတောင် လာသွားသေးတယ်” လို့ ရန်ကုန်မြို့ကိုရောက်ရှိတာ ရှစ်နှစ်ကြာပေမယ့်ချင်းသံခပ်ဝဲဝဲ မပျောက်သေးတဲ့ ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
စစ်ဘေးရှောင် ၁၃၀ ကျော်ရှိတဲ့အတွက်ကြောင့် ထမင်းတနပ်ကို ဆန်တစ်အိတ်ကတော့ ကုန်ကျတယ်လို့ ပြောပါတယ်။
“ ကျွန်တော်တို့ ချင်းတွေက တောင်ပေါ်သားတွေဆိုတော့ အစားတော့ နည်းနည်းကြီးတယ်” လို့ ရယ်သွမ်းသွေးရင်း ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေအတွက် ဒုသမ္မတ ဟင်နရီဗန်ထီးယူ ဇနီး ဦးဆောင်တဲ့ကော်မတီတစ်ခုကလည်း လှူဒါန်းမှုတွေရှိနေပြီးတော့ အခြားသော ချင်းလူမှုအဖွဲ့ အစည်းတွေကလည်း လှူဒါန်းတယ်လို့ ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ဥက္ကဋ္ဌ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
“ အခုလက်ရှိမှာတော့ ရန်ကုန်မှာရှိတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် RRCCI (ရန်ကုန်) ကော်မတီက လုပ်နေတယ်။ အဲဒီကနေ စီမံခန့်ခွဲတာပေါ့။ RRCCI ဗဟိုကတော့ ရခိုင်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီနေတယ်” လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ ပလက်ဝစစ်ဘေးရှောင်တွေအတွက် လက်ရှိအချိန်ထိတော့ ကျပ်သိန်း ၁၅၀ ခန့်ရှိပြီးတော့ ရေရှည်အတွက်အဆင့်သုံးဆင့် လုပ်ဆောင်ဖို့ ရည်မှန်းထားတယ်လို့ RRCCI ဥက္ကဋ္ဌ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
“ နံပါတ် (၁) ကတော့ ပညာရေး။ ဒီမှာပါလာတဲ့ကလေးတွေကို သူတို့နဲ့ နီးစပ်တဲ့နေရာတွေမှာ ကျောင်းထားပေးဖို့ပေါ့။ ဒုတိယကတော့ အလုပ်အကိုင်ရရှိရေး။ အခုကလည်း ကိုဗစ်ဖြစ်နေတော့ အကုန်လုံးက ရပ်ထားတာပေါ့။ ဒါပေမဲ့ ဒီကြားထဲကနေ ရသလောက် အလုပ်လုပ်နိုင်တဲ့သူ အလုပ်လုပ်ဖို့ ဆိုပြီးတော့ ကျွန်တော်တို့ ရှာပေးတာရှိတယ်။ အဲဒီမှာလည်းကိုယ်ရှာပေးတဲ့ အလုပ်နဲ့သူတို့က ကိုက် မကိုက်ဆိုတာက ရှိသေးတယ်။ အဲဒါကြောင့် သူတို့ဘာလုပ်တတ်လဲဆိုတာကို စဆွေးနွေးနေတာပေါ့။ မတည်ပေးဖို့ပေါ့။ နံပါတ် (၃) က အခုလက်ရှိနေရာက ခဏပဲ။ တစ်နှစ်ပဲ ပေးနေတာ။ ရေရှည်ပေးနေလို့ မရဘူး။ အခုလောလောဆယ်က မြေပိုင်ရှင်တွေကိုတော့ အကူအညီ တောင်းထားတာပေါ့။ သူတို့ကလည်း ပြေးလာတယ်ဆိုသည့်တိုင်အောင် တချို့က ရွာမှာစုဆောင်းထားတာ ရှိလောက်တယ်။ ဟိုကိုပြန်ထွက်နိုင်အောင်တော့ ကြိုးစားရမှာပေါ့” လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ စဖြစ်လာတဲ့ တပ်မတော်နဲ့ AA အဖွဲ့ရဲ့ ပလက်ဝမြို့အနီး ကျေးရွာတိုက်ပွဲတွေက တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးရွားလာပြီးတော့ ၂၀၂၀ ပြည့်နှစ် လက်ရှိအချိန်မှာတော့ ပိုမိုပြင်းထန်လာပါတယ်။
အရင်နှစ်တွေတုန်းက ပလက်ဝမြို့ဧရိယာထဲမှာ ပါဝင်တဲ့ ကျေးရွာတွေမှာသာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက အခုချိန်မှာတော့ ပလက်ဝမြို့အနီးမှာတင် ဖြစ်ပွားနေပါတယ်။
ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာတည်ရှိတဲ့ ပလက်ဝမြို့ရဲ့ အနောက်ဘက်မှာတော့ တောင်တန်းတွေ ရှိပါတယ်။ ကုလားတန်မြစ်ရဲ့အရှေ့ဘက်ကမ်းတောင်ထိပ်မှာတော့ တပ်မတော်ရဲ့ ခလရ (၂၈၉) တည်ရှိပါတယ်။
ပလက်ဝမြို့ရဲ့ အနောက်ဘက် တောင်ကုန်းတစ်လျှောက်မှာတော့ AA အဖွဲ့တွေက နေရာယူထားပြီး အရှေ့ဘက်ခြမ်းမှာတော့ တပ်မတော်က နေရာယူထားတဲ့အတွက်ကြောင့် တိုက်ပွဲတွေက နေ့စဉ်ရက်ဆက်နီးပါး ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ ပလက်ဝမြို့ ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတာ။ အဲဒါကြောင့် ကျွန်တော်တို့ တော်တော်မလွယ်ဘူး။ မြို့ပေါ်မှာတင် မအေးချမ်းဘူး” လို့ ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ညှိနှိုင်းရေးမှူး ဦးစောမြက ပြောပါတယ်။
တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွားမှုကြောင့် လက်ရှိမှာတော့ စစ်ဘေးရှောင်ဒုက္ခသည် နှစ်သောင်းကျော်ရှိလာပြီ ဖြစ်ပါတယ်။ ပလက်ဝမြို့ပေါ်မှာတင် စစ်ဘေးရှောင်လူဦးရေ ခုနစ်ထောင်ကျော်ရှိပြီး အနီးအနားရှိ ကျေးရွာများတွင် ပိတ်မိနေသည့် လူဦးရေမှာ တစ်သောင်းကျော် ရှိနေပါတယ်။
ပလက်ဝမြို့အနီးအနားတွင် တိုက်ပွဲများ စတင်ဖြစ်ပွားစဉ်က ဆန် တစ်အိတ်လျှင် ကျပ် တစ်သိန်းအထိ စျေးမြင့်တက်ခဲ့ပြီး လက်ရှိတွင်လည်း အနည်းဆုံး ဆန်တစ်အိတ်လျှင် ကျပ် ငါးသောင်းခွဲမှ ခုနစ်သောင်းအထိ ပေးဝယ်နေရပါတယ်။
“ အဲဒီအနီးအနားလေးမှာတင် စျေးတွေက အဲဒီလောက်အထိ ပေးရတယ်။ တိုက်ပွဲတွေကလည်း တစ်ချိန်လုံးနီးပါး ဖြစ်နေတယ်။ ခုနက ရွာဘက်ကို ထောက်ပံ့တာတွေရတယ်လို့ ဖုန်းနဲ့ ပြန်ပြောတယ်။ သူပြောတဲ့အချိန်မှာပဲ သေနတ်သံတွေကြား လိုက်ရတယ်” လို့ ဦးစောမြက ပြောပါတယ်။
တိုက်ပွဲတွေ ရှည်ကြာနေတာနဲ့အမျှ တစ်ဖက်နဲ့ တစ်ဖက် အမုန်းတရားတွေ ပိုမိုကြီးထွားလာနိုင်ပြီးတော့ စားပွဲဝိုင်းမှာ ဆွေးနွေးသင့်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
“ အခုဟာက အီလေးဆွဲနေတော့ ကြာလာတော့ ပြည်သူထိတယ်လေ။ နောက်ပြီးတော့ အထူးသဖြင့် နိုင်ငံတော်အသုံးစရိတ်လည်း ပိုကုန်တယ်။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ခုကလည်း စစ်ကကြာနေတော့ အထိအခိုက် ပိုများနေတယ်။ တစ်ဖက်နဲ့ တစ်ဖက် အမုန်းတရားတွေ ကြီးထွားလာတာပေါ့” လို့ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
တပ်မတော်နဲ့ AA တိုက်ပွဲတွေကတော့ လက်ရှိအချိန်မှာတော့ ပြင်းထန်နေတုန်းပဲ ရှိပါသေးတယ်။
ရန်ကုန်မြို့ကို စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေတဲ့ မ Pyi Die ကတော့ တိုက်ပွဲတွေ မြန်မြန်ပြီးပါစေလို့ ဆုတောင်းနေပါတယ်။
“ ဖြစ်နိုင်ရင် ဟိုကိုပဲပြန်ချင်ပါတယ်။ ဒီမှာက ဘာသာစကားကအစ အဆင်မပြေဘူး။ ကိုယ်ကစကားပြောတာ ဝဲနေတော့ သူတို့အတွက်လည်း အခက်တွေ့တယ်။ ကိုယ်လည်းအခက်တွေ့တယ်။ ပြီးတော့ ဟိုမှာက ဆိုင်ကယ်ဆိုတာကိုတောင် တလနေမှ တစ်ခါလောက်ပဲတွေ့ရတာ။ ရွာကိုလည်း သိပ်မလာဘူး။ ဒီမှာတော့ နေ့တိုင်းဆိုင်ကယ်တွေ ကားတွေ တွေ့နေရတယ်” လို့ မ Pyi Die က ပြောပါတယ်။
မွေးရပ်မြေမဟုတ်တဲ့အတွက်ကြောင့် သုံးလနီးပါးလောက်နေခဲ့ပေမယ့် ဘယ်လိုမှ နေသားမကျတဲ့အတွက်ကြောင့် ကိုယ့်နေရာ ကိုယ်ပြန်ချင်တဲ့ စိတ်က မ Pyi Die ဆီမှာ ကိန်းအောင်းနေပါတယ်။
“ တိုက်ပွဲတွေက ဘယ်တော့မှပြီးမလဲ မသိဘူး။ အခုတော့ မိသားစုနဲ့ ခွဲနေရတုန်းပဲ။ သူ့ကို စိတ်ပူရ၊ သူကကိုယ့်စိတ်ပူရနဲ့” လို့ မ Pyi Die က ပြောပါတယ်။
ကောင်းကင်မှာ ရွာဖို့ဟန်ပြင်နေတဲ့ မိုးသားတွေနဲ့အတူ လေပြင်းတွေ တိုက်ခတ်လာပါတယ်။ မှော်ဘီမြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေနေတဲ့ လယ်ကွက်ထဲမှာတော့ မိုးမရွာခင် ချင်းလူမျိုးတစ်စု ယာယီတဲတွေ ဆောက်လုပ်နေပါတယ်။ အမျိုးသမီးငယ်တွေဦးဆောင် ဆောက်လုပ်နေတဲ့ တဲတစ်ခုမှာတော့ နားတောင်းနှစ်ခုကို ဝတ်ဆင်ထားတဲ့အဘွားအိုတစ်ဦးက ကြမ်းခင်းလုပ်ဖို့အတွက် ၀ါးတွေကို မ လာပါတယ်။ အနီးအနားမှာတော့ အပူအပင်မဲ့စွာ ကလေးတစ်သိုက်က ဆော့ကစားနေတဲ့အချိန်မှာ လေအေးတစ်ချက် တိုက်ခတ်လာတဲ့အချိန်မှာတော့ ယာယီတဲ ဆောက်လုပ်နေတဲ့အမျိုးသမီးငယ်အချို့က လက်စမြန်မြန်သတ်နိုင်အောင် ကြိုးစားနေပါတယ်။
သူတို့ရဲ့ မွေးရပ်မြေကို ဘယ်အချိန်ပြန်ရမယ်မှန်း မသိတဲ့ကာလတစ်ခုအထိတော့ ယာယီတဲတွေက သူတို့ကျောခင်းဖို့အတွက် အားကိုးစရာတစ်ခုပါပဲ။ မှော်ဘီမြို့ကို ရောက်နေတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေအတွက်ကတော့ မွေးရပ်မြေနဲ့ ဘယ်လောက်အထိ ခွဲခွာနေရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။










