COVID-19 ရောဂါပိုး တွေ့ရှိသူအများဆုံးရှိရာ ရန်ကုန်မြို့၌ ရောဂါပိုးတွေ့ရှိမှုနှုန်း တဖြည်းဖြည်း ကျဆင်းလာလျက်ရှိနေသည့်အပြင် ရောဂါပိုးထပ်မံတွေ့ရှိသူများဟာလည်း ပြည်ပနိုင်ငံများမှ ပြန်လာတဲ့ အသွားအလာကန့်သတ်ထားသူများသာ အများဆုံးဖြစ်နေပါတယ်။ ဒီလိုမျိုး အခြေအနေတွေကြောင့် ရန်ကုန်မြို့မှာ ရောဂါထိန်းချုပ်ရေးအတွက် ကန့်သတ်ထားမှုတွေကို အစိုးရက တဖြည်းဖြည်း ပြန်လည်ဖြေလျှော့လာခဲ့ရာ မေလလယ်လောက်ကစပြီး ဖြေလျှော့မှုတွေထဲက တစ်ခုဖြစ်တဲ့ လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်လိုမျိုး အခြေခံစားသောက်ဆိုင်တွေမှာ အကန့်အသတ်ဖြင့် ဆိုင်ထိုင်စားသောက်ခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီလိုမျိုး အကန့်အသတ်ဖြင့် ဆိုင်ထိုင်စားသောက်ခွင့်ပြုပြီး နောက်ပိုင်းမှာတော့ ရန်ကုန်မြို့အတွင်း ပိတ်ထားခဲ့သည်မှာ နှစ်လတာခန့်ရှိနေပြီဖြစ်တဲ့ လက်ဖက်ရည်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်လာခဲ့ပြီး အခြားသော မုန့်ဟင်းခါးဆိုင်၊ ထမင်းဆိုင်တို့ကဲ့သို့သော စားသောက်ဆိုင်ငယ်လေးများဟာလည်း ပြန်လည်၍ ဖွင့်လှစ်ရောင်းချလာခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ပြန်လည်ဖွင့်လှစ်လာတဲ့ ဆိုင်တွေဟာ ကပ်ရောဂါနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ထားခြင်း ရှိ မရှိ ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က လုံလောက်တဲ့ စနစ်တကျ စစ်ဆေးကြပ်မတ်မှုတွေ ပြုလုပ်ထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ဒါဟာ ကာလရှည် ရင်ဆိုင်ရမယ့် ကပ်ရောဂါတိုက်ပွဲအတွက် စိုးရိမ်စရာ အခြေအနေတွေကို ဦးတည်သွားနိုင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောရတာလဲဆိုတာကို ရရှိထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး သုံးသပ်ကြည့်ရအောင်ပါ။
ရန်ကုန်မှာ ဆိုင်ထိုင်စားသောက်ခွင့်ကို အကန့်အသတ်ဖြင့် ခွင့်ပြုဖို့စီစဉ်ခဲ့တဲ့ အခြေအနေ
မေ ၁၃ ရက်တုန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်နှင့် ဒုတိယမြို့တော်ဝန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဗိုလ်တစ်ထောင်မြို့နယ်တို့က လွှတ်တော်ကိုယ်စားလှယ်တွေ Video Conferencing ဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲကနေ ရန်ကုန်မြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေလိုမျိုး အခြေခံစားသောက်ဆိုင်တွေကို အကန့်အသတ်ဖြင့် ဆိုင်ထိုင်စားခွင့်ကို ခွင့်ပြုပေးရန်အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
“ မေ ၁၅ ရက် နောက်ပိုင်း ပြန်ခွင့်ပြုဖို့ စဉ်းစားနေတယ်။ Night Club ၊ ဘီယာဆိုင်တွေ မပါဘူး။ အခြေခံလူတန်းစားတွေ စားသောက်တဲ့ မုန့်ဆိုင်လေးတွေ၊ အကြော်ဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်လေးတွေ၊ အခြေခံ လူတန်းစားတွေရဲ့ စိတ်ထွက်ပေါက်ပေါ့။ ကာလကြီးက ဘယ်လောက်ကြာမယ် မသိဘူးလေ။ အခြေခံကို စဉ်းစားတာပါ။ ဆိုင်ကြီးတွေကို တတ်နိုင်သလောက် ပိတ်ထားမယ်ပေါ့။ အဲဒါကို မြို့တော်ဝန်က လုပ်ငန်းပေါ် မူတည်ပြီး လုပ်ပါလိမ့်မယ်” ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။
အဲဒီနောက် မေ ၁၈ ရက်မှာတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်ရာမှာ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ အပိုင်းသုံးပိုင်းပါတယ်။ ပထမတစ်ပိုင်းကတော့ ပြန်လည်ဖွင့်လာမယ့် စားသောက်ဆိုင်တွေရဲ့ ဆိုင်အခင်းအကျင်း အပြင်အဆင်နဲ့ပတ်သက်လို့ လိုက်နာဆောင်ရွက်ရမှာတွေဖြစ်ပြီး အချက် ၁၁ ချက် ပါဝင်ပါတယ်။ ဒီအချက်တွေထဲမှာ ဆိုင်ထဲဝင်ရင် အပူချိန်တိုင်းရန်၊ လက်ဆေးရန် အချက်တွေလို ယေဘုယျ ရောဂါကာကွယ်ရန် ပြုလုပ်စေသည့် အချက်များ၊ အလားတူအချက်တွေလိုမျိုး စားသုံးသူထိုင်မည့်နေရာသည် လေဝင်လေထွက်ကောင်းသော နေရာဖြစ်ရမည်၊ လေအေးပေးစက် တပ်ထားသော အခန်းဖြစ်ပါက ပြတင်းပေါက်များ ဖွင့်ထားရမည်ဆိုတဲ့ အချက်တွေနဲ့ ဆိုင်အတွင်း အနည်းဆုံး အယ်ကိုဟောရာခိုင်နှုန်း ၆၀ ပါဝင်သည့် လက်သန့်ဆေးရည်များကို အလွယ်တကူ ထားရှိပေးရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ယင်းအပြင် စားသုံးသူတစ်ဦးနှင့် တစ်ဦးအကြား ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားတို့ဖြင့် အကန့် ကန့်ပေးကာ တစ်ယောက်ချင်းစီ စားစေသည့်အချက်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ အတူလာရောက်တဲ့သူ ငါးဦးထက်မပိုခဲ့ပါက မိသားစုဖြစ်တယ်ဆိုရင် Distancing စားပွဲမှာ အတူတကွ ထိုင်နိုင်ရန် စီစဉ်ပေးရမယ်ဆိုတဲ့ အချက်ကလည်း ပြန်ပါနေတဲ့အတွက် တစ်ဝိုင်းလျှင် လေးယောက်ဆိုင်ထိုင်၍ စားသောက်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးကို တွေ့ရပါတယ်။ သို့သော် မိသားစုဖြစ်ရန်တော့ လိုအပ်ပါတယ်။ ကိုယ်တိုင်ယူစနစ်ဖြင့်ရောင်းချတဲ့ အစားအစာရောင်းချခြင်းကို ဝန်ဆောင်မှုပေးခြင်းအား ဆိုင်ဝန်ထမ်းကသာ ပြုလုပ်ပေးရမယ်ဆိုတဲ့ KFC ကြက်ကြော်ဆိုင်လိုမျိုး ကိုယ်တိုင်ယူစနစ်ဖြင့် ရောင်းချတဲ့ဆိုင်တွေအတွက် သတ်မှတ်ထားတဲ့အချက်တွေလည်း ပါဝင်တဲ့အပြင် အစားအစာများ ဆိုင်ထိုင်စားသောက်ရန် အသုံးပြုမယ့် ပန်းကန်၊ ဇွန်းတွေဟာဆိုရင် တစ်ခါသုံးပစ္စည်း ဒါမှမဟုတ် ပိုးသတ်ထားတဲ့ ပန်းကန်၊ ဇွန်းတွေ ဖြစ်ဖို့လိုတဲ့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
ဒါတွေအပြင် ငွေရှင်းကောင်တာမှ ငွေလက်ခံသည့် စနစ်ကို အသုံးပြုနေတဲ့ လက်ဖက်ရည်ဆိုင်လိုမျိုး ဆိုင်တွေမှာ စားသုံးသူနှင့် တိုက်ရိုက်ထိတွေ့မှု မရှိစေရန်အတွက် ကောင်တာရှေ့တွင် မှန်ကာ ထားရမယ်ဆိုတဲ့ အချက်တွေ၊ COVID-19 ရောဂါကာကွယ်ရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာပေး ပိုစတာ၊ ဗီနိုင်းတွေကို အများမြင်နိုင်တဲ့ နေရာတွေမှာ ချိတ်ဆွဲထားရမယ်ဆိုတွေအချက်နဲ့ အစားအသောက် Menu ကို ချိတ်ဆွဲထားခြင်း သို့မဟုတ် စားပွဲမှန်အောက်၌သာ ထားစေခြင်းလို အချက်တွေလည်း ပါဝင်ပါတယ်။ ရောဂါပြန့်ပွားမှုနှုန်း အများဆုံးဖြစ်တဲ့ ရန်ကုန်မှာ ရောဂါဖြစ်ပွား တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတဲ့အတွက် အစိုးရဘက်က လိုအပ်တဲ့ ရောဂါကာကွယ်စေရန် လုပ်ဆောင်ရမယ့် အချက်တွေကို ထုတ်ပြန်ပြီး ဆိုင်ထိုင်စားသုံးသူများကို ရောင်းချမယ့်ဆိုင်တွေရဲ့ အပြင်အဆင်အတွက် သတ်မှတ်ချက်တွေ ထုတ်ပြန်ထားခဲ့ပါတယ်။
မပြီးဆုံးသေးတဲ့ သို့မဟုတ် အဆုံးသတ်ရန် ခန့်မှန်းထားတဲ့ အချိန်တွေများစွာ လိုအပ်နေသေးပြီး လက်ရှိတွင်လည်း ကမ္ဘာနှင့်တစ်ဝန်းမှာ အန္တရာယ်ကြီးမားနေဆဲဖြစ်တဲ့ COIVD-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်မြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တွေလိုမျိုး ဆိုင်တွေဟာ ပိတ်ထားခဲ့ရတာ နှစ်လတာမျှ ရှိနေခဲ့ပါတယ်။ ဒီအချိန်ကာလတွေအတွင်းမှာ အချို့သော ဆိုင်ဝန်ထမ်း လူဦးရေများပြားတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေဟာလည်း ဆိုင်ပိတ်ထားရတဲ့ အချိန်ကြာလာတာနှင့်အမျှ ဝန်ထမ်းလခရော ဆိုင်ခန်းခပါ ပေးချေနေရတဲ့အတွက် အခက်အခဲ တွေကြုံတွေ့လာနေရပြီး အဲဒီအခက်အခဲတွေဟာ ဝန်ထမ်းတွေအပေါ်တွင် သက်ရောက်သွားစေမည့် အခြေအနေများ ဖြစ်ပေါ်လာခြင်းလို အခြေအနေတွေရှိနေတာကြောင့် အစိုးရက ရန်ကုန်မြို့၌ ဆိုင်ထိုင်စားသောက်ခွင့်ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲတာနဲ့တစ်ပြိုင်နက် သူတို့ကို မှီခိုနေတဲ့ ဝန်ထမ်းတွေလည်း အခက်အခဲ ဖြစ်လာတယ်။ အချို့လက်ဖက်ရည်ဆိုင်တွေမှာဆို လူ သုံးလေးဆယ်လောက် ဝန်ထမ်းတွေရှိတယ်။ နှစ်လတာ ကာလအတွင်းကို ဝင်လာပြီဖြစ်တယ်။ ပထမတစ်လတော့ လစာပေးပြီး ပိုင်ရှင်တွေက ဆက်ထားတယ်။ ဒုတိယလကျတော့ ဆိုင်လခ ဆယ့်ငါးသိန်း၊ သိန်း နှစ်ဆယ်ပေးနေရတယ်။ ဝန်ထမ်း လခနဲ့ဆို တစ်လ သိန်းလေးငါးဆယ်လောက်ထိနေတဲ့အတွက် ဝန်ထမ်းတွေဘက်က စိုးရိမ်ရတယ်” ဟု မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။
ဒါ့အပြင် အခုလိုမျိုး ဆိုင်ထိုင်စားသောက်ခွင့်ကို အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုလိုက်တာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ လက်ဖက်ရည်ဆိုင် အတော်များများနဲ့ လမ်းဘေး ထမင်းဆိုင်လေးတွေ၊ အထမ်းနဲ့ လိုက်လံရောင်းချတဲ့ စျေးသည်တွေကိုပါ ပြန်လည်ဖွင့်လှစ် ရောင်းချလာတာကို တွေ့ရပြီး အစိုးရအတွက်တော့ ဒီအခြေအနေဟာ COVID-19 ကာလ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းမှုတစ်ခု ယူဆထားပုံရတာကို သိရပါတယ်။
“ မူလအတိုင်းရောက်ဖို့ကတော့ မလွယ်ဘူး။ အရင်ကာလက နိုင်ငံတော်၏အပင်တိုင်ခံ လုပ်တဲ့ အစည်းအဝေးက ကန့်သတ်ကာလမှာ ကြုံတွေ့ရတဲ့ အခက်အခဲကိုမေးတာ။ အခုကတော့ အနာဂတ်ကို သွားမယ့်ဟာအတွက်ကို အစည်းအဝေးလုပ်တာ။ ကန့်သတ်ချက်တွေ လုပ်လိုက်တဲ့အတွက် စီးပွားရေးပိုင်းကို အဓိကထား ဆွေးနွေးတာ” ဟု ဦးအောင်လှိုင်ဝင်းက မေ ၁၃ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ Video Conferencing အစည်းအဝေးရဲ့ အဓိကအကြောင်းရင်းကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
ပြန်လည်ဖွင့်လှစ်လာတဲ့ ဆိုင်တွေမှာ သတ်မှတ်စည်းကမ်းတွေအတိုင်း လိုက်နာရဲ့လား
ရန်ကုန်မှာ ဆိုင်ထိုင်စားသောက်ဖို့အတွက် လိုက်နာရမယ့်အချက်တွေထဲမှာ ရောင်းချမယ့် စားသောက်ဆိုင်မှာရှိတဲ့ ဝန်ထမ်းများ၊ တာဝန်ရှိသူများ လိုက်နာရမယ့် အချက် ၁၁ ချက်လည်း ရှိနေပါသေးတယ်။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကြည့်မယ်ဆိုရင်တော့ ပကတိ အခြေအနေတွေနဲ့ စာရွက်ပါ လိုက်နာရမယ့် အချက်တွေအကြား ပကတိအခြေအနေမှာတော့ ကွဲလွဲချက်တွေများစွာ ရှိနေခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပြန်လည်ဖွင့်လှစ်လာတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ COVID-19 သံသယလက္ခဏာများ ရှိမရှိ လုပ်ငန်းလမ်းညွှန်အတိုင်း စနစ်တကျ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားစေကာ ဝန်ထမ်းအချင်းချင်းနှင့် လာရောက်စားသုံးသူများကို စစ်ဆေးပေးစေရန်အတွက် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း တကယ်တမ်းမှာတော့ လက်ဖက်ရည်ဆိုင်အချို့က ဝန်ထမ်းတွေဟာ သိရှိထားခြင်းတောင် မရှိသေးပါဘူး။ စားသုံးသူတွေကို ကိုယ်အပူချိန်တိုင်းပြီးမှ ဝင်ရောက်စေတာကိုလည်း များများစားစား တွေ့ရှိရခြင်းတော့ မရှိသေးပါဘူး။
“ စည်ပင်က စည်းကမ်းတွေဆိုပြီး စာရွက်သုံးရွက် လာပေးသွားတာပဲ။ ဒီမှာတော့ ရှေ့မှာလက်ဆေးဖို့အတွက် ပြင်ထားပေးတယ်။ ဆိုင်ကတော့ ည ၁၀ နာရီထိ ဖွင့်တယ်။ လူကတော့ အရင်ကလောက်တော့ မလာသေးဘူး။ နံနက်ပိုင်းနဲ့ ညနေပိုင်းတွေတော့ လူများတယ်။ စည်ပင်က ကျန်တာတော့ ဘာမှ မမှာသွားသေးပါဘူး။ ဖွင့်လို့ရတယ်။ လိုက်နာရမယ့် စည်းကမ်းတွေ ပေးသွားတယ်” ဟု အင်းစိန်မြို့နယ်အတွင်းက COVID-19 ရောဂါတွေ့ရှိမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေထဲက တစ်ခုရဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
နာမည်ကြီး လက်ဖက်ရည်ဆိုင်အချို့မှာတော့ အပူချိန်တိုင်းတာမှုပြီးမှ ဝင်ခွင့်ပြုတာတွေ ပြုလုပ်နေပေမယ့် လိုက်နာဆောင်ရွက်ရမယ့် အချက်တွေထဲမှာပါတဲ့ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာကာ၊ ခါးစည်းရှေ့ကာ၊ လက်အိတ်ဝတ်ဆင်တွေကို ဝန်ထမ်းတွေ ဝတ်ဆင်ထားရမယ်ဆိုတဲ့ အချက်ကတော့ လက်ဖက်ရည်ဆိုင်တွေက ဝန်ထမ်းတွေအနေနဲ့ လိုက်နာဖို့ အားနည်းနေသေးတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ရောဂါပိုးတွေ့ရှိမှု ဖြစ်ပွားခဲ့ဖူးတဲ့နေရာ အနီးတစ်ဝိုက်က စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကတော့ ဆိုင်ထိုင်စားသောက်ခွင့်ပြုသည့် ညွှန်ကြားချက်ကြောင့် ပြန်လည်ဖွင့်လှစ်လာကြပေမဲ့ ဆက်လက်၍ ဖွင့်လှစ်ရာတွင် လိုက်နာရမည့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များအကြောင်း သေသေချာချာ နားလည်ခြင်း မရှိသေးဘူးလို့ ဆိုရမယ့် အခြေအနေတွေကို မြင်တွေ့ရပါတယ်။
“ ကျွန်တော်တို့ ဆိုင်တွေ ပြန်ဖွင့်လို့ရပြီဆိုတော့ ဖွင့်ဖို့လုပ်တော့ စည်ပင်က လူတွေလာပြီးတော့ ခုံတွေမှာ အကာအရံတွေ ဘယ်လိုကာရမယ်။ လက်ဆေးဖို့တွေလုပ်ရမယ်ဆိုပြီး လာလုပ်ပြတယ်။ ပြီးတော့ ဗီနိုင်းတွေ ပိုစတာတွေ လာကပ်ပေးသွားတယ်။ အဲဒါတွေတော့ လုပ်ပေးသွားတယ်။ ကျွန်တော်တို့ အခုကတော့ ဖွင့်တာ တစ်ပတ်ကျော်လောက်တော့ ရှိပြီပေါ့။ အခုက စမ်းသပ်ဖွင့်နေရတဲ့ အချိန်ပါပဲ။ လူကတော့ သိပ်မလာသေးဘူး” ဟု အင်းစိန်မြို့နယ်အတွင်းမှာရှိတဲ့ ယခင်က စားသုံးသူများပြားခဲ့တဲ့ လက်ဖက်ရည်ဆိုင်တစ်ခုမှ ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုင်ထိုင်စားသောက်ခွင့်ပြုဖို့အတွက် လိုက်နာရမယ့် ညွှန်ကြားချက်တစ်ချက်ချင်းစီဟာ ကပ်ရောဂါကာလအတွင်း ရောဂါကာကွယ်ရေးအတွက် ဂရုစိုက်လိုက်နာရမယ့် အချက်တွေ ဖြစ်နေပေမဲ့ ပြန်လည်ဖွင့်လှစ်လာတဲ့ ဆိုင်တွေကတော့ ဒီအချက်တွေကို တိတိကျကျလိုက်နာဖို့ အားနည်းနေသေးပြီး ဒါဟာ တစ်ကမ္ဘာလုံးမှာ အန္တရာယ် အချက်ပေး ခေါင်းလောင်းသံတွေ ဆူညံနေဆဲဖြစ်တဲ့ COVID-19 ရောဂါကို ထိန်းချုပ်ရတဲ့ နေရာမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ကြုံတွေ့လာရနိုင်ခြေတွေ ရှိနေပါတယ်။ ဒါတွေအပြင် လက်ရှိကာလမှာ ရန်ကုန်မြို့ အနှံ့ပြန်လည်မြင်တွေ့လာရပြီဖြစ်တဲ့ လမ်းဘေးက ထမင်းဆိုင်ငယ်လေးတွေမှာတော့ လာရောက် ဝယ်ယူစားသုံးသူ အများအပြား ရှိလာနေပါပြီ။ ဒါပေမဲ့ အဲဒီဆိုင်ငယ်လေးတွေဆီကို သက်ဆိုင်ရာက မည်သို့မည်ပုံ ပြန်လည်ဖွင့်လှစ်ရောင်းချရန် လာရောက်ညွှန်ကြားခြင်းမျိုး မရှိသေးတာကို သိရပြီး အချို့ဆိုင်တွေကတော့ အရေးယူမှုတွေ မဖြစ်လာဖို့ ယခင်အချိန်တွေကလို သက်ဆိုင်ရာကို ရှောင်ရှား ရောင်းချနေတာတွေလည်း ရှိနေဆဲဖြစ်နေတာကို တွေ့ရပါတယ်။
“ အစ်မတို့ဆီကို လာပြောတာ မျိုးတွေမရှိသေးဘူး။ ဆိုင်ဖွင့်ဖို့ ဘာတွေလိုတာလဲ ဆိုတာတွေကိုပေါ့။ လာပြောတာကတော့ ဘယ်နေ့ကျရင် ဆိုင်ထိုင်စားတာတွေကို ခွင့်ပြုမယ်ဆိုတာပေါ့။ သူတို့ပြောတာတော့ ဒီလကုန်လို့ ပြောတာပဲ။ အခုကတော့ ပါဆယ်ပဲ ရောင်းနေရသေးတယ်။ အဲဒီတော့ ထင်သလောက် မရောင်းရသေးပါဘူး” ဟု သာကေတမြို့နယ်အတွင်း ထမင်းဆိုင်ဖွင့်လှစ် ရောင်းချနေသူတစ်ဦးက ပြောပြပါတယ်။
အစိုးရအနေနဲ့ ကပ်ရောဂါကာလအတွင်း စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာမှုကို ဖြေရှင်းတဲ့အနေနဲ့ ရောဂါဖြစ်ပွားမှု ကျဆင်းလာတဲ့အချိန်မှာ ဆိုင်ထိုင်စားသောက်ခွင့်တွေကို ရန်ကုန်မြို့မှာ ပြန်လည်ခွင့်ပြုခဲ့တာကြောင့် နှစ်လလောက် ပိတ်ထားခဲ့ရတဲ့ လက်ဖက်ရည်ဆိုင်တွေ၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမှုကြောင့် စားသုံးသူနည်းပါးသွားတဲ့ အခြေအနေတွေကို ကြုံတွေ့နေရတဲ့ စားသောက်ဆိုင်တွေအတွက် အတော်အတန်အဆင်ပြေ ပြေလည်လာခဲ့ပေမယ့် တစ်ဖက်မှာလည်း ကပ်ရောဂါကြီးက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ဖြေလျှော့မှုတွေ ပြုလုပ်တဲ့ နေရာမှာ ရောဂါကာကွယ်ရေးအတွက် လိုက်နာရမယ့် ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ဖို့ကတော့ လိုအပ်ချက်များစွာ ရှိနေခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်၌ “ ညွှန်ကြားချက်နဲ့အညီ စားသောက်ဆိုင်တွေ ပြန်ဖွင့်ကြတဲ့ဆိုတဲ့ ကိစ္စမှာ ဆိုင်ခန်းနဲ့ ရောင်းတဲ့ စားသောက်ဆိုင်တွေက စီမံလို့ စစ်ဆေးလို့ အဆင်ပြေသေးတယ်။ ပြဿနာက လမ်းဘေးက အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ လမ်းကြားတွေထဲက လက်ဖက်ရည်ဆိုင်တွေက စီမံဖို့မလွယ်။ တချို့လမ်းဘေးဆိုင်တွေက ညစျေးနေရာချတုန်းက သတ်မှတ်ထားတဲ့ နေရာရှိပြီးသား၊ သွားမရောင်းကြပဲ ပိုနေမြဲ ကျားနေမြဲ ဒီနေရာပဲ ရောင်းမယ်ဆိုပြီး မသွားကြတဲ့ လူတွေရှိသလို (စည်ပင်နဲ့ တူတူပုန်းတမ်း ကစားနေကြဆိုင်တွေ)၊ ဆိုင်အသစ် အသစ်တွေကလည်း နေ့စဉ်နှင့်အမျှ တိုး၊ ဒီနေရာမှာ စည်ပင်က ပုံမှန် လာမဖမ်းနိုင်ပါဘူးကွာဆိုတဲ့ Information နဲ့အတူ အခြေချ လာသူတွေ။ စည်ပင်အနေနဲ့ကလည်း တရားဝင်ဆိုင်တွေကိုပဲ ပန်းဖလက်ဝေတာတို့၊ ညွှန်ကြားချက်နဲ့ အညီစတာတွေကို ပြောဖို့တာဝန်ရှိပြီး အဲ့ဒီလိုဆိုင်တွေကျတော့ စည်ပင်က Awareness လုပ်ပြီး Mask တပ်ဖို့ လူစုလူဝေး မဖြစ်အောင် ထိုင်ဖို့ စသဖြင့် သွားပြောရင် တရားဝင်သလို ဖြစ်သလို ဖြစ်သွားမှာစိုးလို့ ပြောဖို့ခက်နေတဲ့ အခြေအနေ။ ဒါဆို တရားဝင်နေရာမှာပဲ ရောင်းကြဖို့စီမံလေ ဆိုတော့လည်း သူတို့ စားဝတ်နေရေး အဆင်မပြေသလို ဖြစ်သွားမှာစိုးလို့ COVID-19 ကာလမို့လို့၊ စည်ပင်က လူအင်အား အဆင်မပြေလို့ စသဖြင့် စဉ်းစားရပြန်ရော။ ကဲ..အဲဒီတော့ ဘယ်လိုလုပ်ရမှာလဲ” ဟူ၍ ရေးသားထားခဲ့ပါတယ်။
ဆိုင်ထိုင်စားသောက်ခွင့်အတွက် လိုက်နာရမှာတွေကို ဘယ်သူတွေက ထုတ်ပြန်ခဲ့တာလဲ။ စစ်ဆေးမှုတွေပြုလုပ်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိနေလဲ။
ဆိုင်ထိုင်စားသောက် ခွင့်ပြုခြင်းအတွက် ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် ညွန်ကြားချက်တွေဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်ဝန်တို့ ဆွေးနွေးတိုင်ပင်၍ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီညွှန်ကြားတွေ ထုတ်ပြန်ရန် တိုင်ပင်နေတဲ့ အချိန်ကပင် ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးပါက စည်းကမ်းမလိုက်နာတဲ့ ဆိုင်တွေကို လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်းနဲ့ အရေးယူမှုတွေအနေနဲ့ ပထမအကြိမ်တွင် သတိပေးခြင်း သို့မဟုတ် ဒဏ်ငွေဖြင့် အရေးယူရန်၊ ဒုတိယအကြိမ် မလိုက်နာပါက ရက်အကန့်အသတ်ဖြင့် ဆိုင်ပိတ်သွားရန်များကို ပြုလုပ်သွားရန် ရှိနေခဲ့တယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားထားတာ ရှိပါတယ်။
ဒါပေမဲ့ အခြေခံစားသောက်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်လာတာ တစ်ပတ်ကျော်လောက်ရှိလာခဲ့တဲ့ အချိန်အထိ ဒီဆိုင်တွေမှာ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားတဲ့လိုက်နာ ဆောင်ရွက်ရမယ့် အချက်တွေကို တိတိကျကျ အကောင်အထည်ဖော်ထားခြင်း ရှိ မရှိ ကို ပြန်လည်စစ်ဆေးတဲ့နေရာမှာတော့ အားနည်းချက်များစွာနဲ့ လိုအပ်ချက်တွေလည်း များစွာရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဘက်ကတော့ စားသောက်ဆိုင်တွေအတွက် လိုင်စင်ထုတ်ပေးထားပေမယ့် COVID-19 ကာလဖြစ်နေခြင်းကြောင့် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး စိစစ်စစ်ဆေးရန်အတွက် တာဝန်ရှိမရှိကိုမူ တိကျစွာ ဖြေရှင်းပေးထားခဲ့တာတော့ မရှိသေးပါဘူး။
“ စည်ပင်သာယာက စားသောက်ဆိုင်တွေ လိုင်စင်ပေးတာ ဟုတ်တယ်။ ဒီကိုဗစ်ကာလမှာ ကိုဗစ်ဥပဒေနဲ့ လုပ်တာဆိုတော့ စည်ပင်ဥပဒေမှာ မပါဘူး။ ကိုဗစ်ကော်မတီတွေပဲ မေးရင်ကောင်းမယ်” ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်က The Daily Eleven သတင်းစာရဲ့ သတ်မှတ်စည်းကမ်းတွေကို လိုက်နာခြင်း မရှိတဲ့ စားသောက်ဆိုင်တွေအပေါ် စိစစ်အရေးယူရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားခြင်းအကြောင်းအား မေးမြန်းခဲ့မှုကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီလိုမျိုး စစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်ဘက်ကလည်း ရေရေရာရာ မရှိတဲ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီဘက်ကလည်း ဒီစစ်ဆေးမှုတွေကို ပြုလုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်နဲ့သာ သက်ဆိုင်တယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပြီး ဒီနှစ်ခုကို ကြည့်ရင် စိစစ်ကြပ်မတ်မှုတွေမှာ လိုအပ်ချက်မည်မျှ ရှိနေသလဲဆိုတာကို သိနိုင်ပါတယ်။
“ အဲဒါ ကျွန်တော်မသိဘူး။ စည်ပင်နဲ့ဆိုင်တာ။ စည်ပင်ကပဲ ကိုင်တွယ်တာ။ အဲဒီစားသောက်ဆိုင်တွေက သူတို့ ကိုင်တာလေ။ လောလောဆယ်က ဆိုင်တွေက တော်တော်များများ ပြန်ဖွင့်နေပြီလေ။ ကော်မတီအနေနဲ့က အဲဒါနဲ့ပတ်သက်ပြီး မပြောသေးဘူး။ ကျန်းမာရေးနဲ့အညီဆိုရင်တော့ ဖွင့်လို့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောခဲ့ပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရောဂါဖြစ်ပွားနှုန်း ကျဆင်းလာတဲ့ အချိန်မှာ ဖြေလျော့မှုတွေ လုပ်ဆောင်လာရာမှာ ယခုလက်ရှိဖြစ်နေတဲ့ လက်ဖက်ရည်ဆိုင်တွေလို အခြေခံစားသောက်ဆိုင်တွေမှာ အကန့်အသတ်ဖြင့် ဆိုင်ထိုင်စားသောက်ခွင့်ပြုလိုက်တဲ့ ဖြေလျော့မှုအတွက် ကြိုတင်ပြီး သတ်မှတ်စည်းကမ်းချက်များစွာကို စီစဉ်ထုတ်ပြန်ပေးခဲ့ပေမဲ့ သူတို့ထုတ်ပြန်ထားတဲ့ အချက်တွေကို တကယ်တမ်း လက်တွေ့မှာ စိစစ်စစ်ဆေးဖို့နေရာမှာတော့ တစ်ဖက်နှင့် တစ်ဖက်လွှဲချနေတဲ့ ဖြေကြားမှု မျိုးတွေဖြင့်သာ တုံ့ပြန်ဖြေကြားခဲ့ကြပါတယ်။ ဒါကြောင့် တကယ်တမ်းပြန်လည်ဖွင့်လှစ်လာတဲ့ ဆိုင်တွေမှာ ရောင်းချသူရော စားသုံးသူတွေကပါ သတ်မှတ်စည်းကမ်းတွေကို တိတိကျကျ မလိုက်နာတာတွေ ဖြစ်ပေါ်နေခဲ့တာကို တွေ့ရပါတယ်။
လက်ရှိမှာ ရန်ကုန်မြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ COVID-19 ရောဂါပိုးတွေ့ရှိမှုတွေမှာ ပြည်တွင်းတွေ့ရှိမှုတွေ နည်းပါးကျဆင်းလာခဲ့ပြီး ပြည်ပမှ ပြန်လာသူတွေမှာသာ ပိုးတွေ့မှုတွေ ဖြစ်ပေါ်နေခြင်းကြောင့် ရောဂါထိန်းချုပ်နိုင်တဲ့ နေရာမှာ အခြေအနေအတော်ကြီး ကောင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီကပ်ရောဂါကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့က အချိန်အများကြီး လိုအပ်နေသေးတာဖြစ်တဲ့အတွက် သတိဆိုတာ ပိုသည်ဟူ၍ မရှိပါဘူး။ သတိကြီးကြီးထားပြီး ဆောင်ရွက်နေခဲ့တဲ့ စင်ကာပူနိုင်ငံလို နိုင်ငံမျိုးမှာတောင် လူစုလူဝေးဖြင့် နေထိုင်တဲ့ ရွှေ့ပြောင်းနေထိုင်တဲ့ အလုပ်သမားတွေစီမှာ ရောဂါကူးစက်မှု တွေ့ရှိခဲ့တာကနေပြီး ရောဂါတွေ့ရှိသူအရေအတွက်ဟာ တစ်ရှိန်ထိုးမြင့်တက်သွားခဲ့တာမျိုးတွေ ရှိနေခဲ့တဲ့အတွက် ဒီကပ်ရောဂါဟာ ပေါ့ဆလို့ လုံးဝမရတဲ့ အခြေအနေပါ။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဖြေလျော့မှုတွေ ပြုလုပ်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ ထုတ်ပြန်တာမျိုးအပြင် လိုက်နာခြင်း ရှိ မရှိ စစ်ဆေးတာမျိုးတွေကို တစ်ဖက်နဲ့ တစ်ဖက်မလွှဲချဘဲ အကောင်အထည်ဆောင်ရွက်ရန် လိုအပ်နေပါတယ်။ ပြည်သူတွေစီကို နားလည်လွယ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး လိုက်နာမှု ရှိ မရှိ ကိုလည်း ဖိဖိစီးစီးဆောင်ရွက်ရန်လည်း လိုအပ်လျက်နေပါတယ်။ လိုက်နာရမယ့် စည်းကမ်းတွေကိုသာ ထုတ်ပြန်ပြီး လိုက်နာခြင်း ရှိ မရှိ မစိစစ် မကြပ်မတ်နိုင်ရင်တော့ ကပ်ရောဂါရဲ့ ဒုတိယလှိုင်းဒဏ်အတွက် ရင်လေးစရာအခြေအနေတွေ ဖြစ်ပေါ်လာနိုင်ဖွယ်လည်း ရှိနေပါတော့တယ်။










