ဇွန်လ ၁ ရက်နေ့ ရောက်ပြီဆိုတော့ ငါးမဖမ်းရ ရာသီရောက်ပါပြီ။ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသားပေါက်သည့် အချိန်ဖြစ်တဲ့အတွက် ငါးဖမ်းလှေကြီးတွေအားလုံး ဆိပ်ကမ်းကို ပြန်လည်ဝင်ရောက်ကြပါပြီ။ ငါးဖမ်းလှေကြီးတွေက ရေလုပ်သားတွေဟာ အလုပ်နားပြီး ဇာတိမြေကို ပြန်တဲ့အချိန်ဖြစ်ပါတယ်။ ငါးသားပေါက်ရာသီကို ဇွန်လ ၁ ရက်နေ့မှစတင်ပြီး သြဂုတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ထားတာကြောင့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများက Close Season ပါ။ ငါးသားပေါက်ရာသီ၊ ငါးမဖမ်းရရာသီ၊ Close Season စသည်ဖြင့် အမည်အမျိုးမျိုးခေါ်ဝေါ်နေကြပေမဲ့ ဒီရာသီမှာ ပင်လယ်ပြင်အတွင်း ငါးလုံးဝဖမ်းလို့မရတော့ပါဘူး။ ယခင်နှစ်များက ငါးဖမ်းလှေကြီးတွေကို ရာခိုင်နှုန်းအလိုက် ဖမ်းဆီးခွင့်ပေးထားခဲ့တယ်။ ဥပမာ ၅၀ ရာခိုင်နှုန်းပိတ်ရင် လှေနှစ်စင်းရှိတဲ့ သူက တစ်စင်းကို ပင်လယ်ပြင်အတွင်း ငါးဖမ်းခွင့်ရကြတယ်။ ပင်လယ်ထဲမှာက တရားမဝင်ငါးဖမ်းလှေတွေ၊ အမည်တူပွားထားတဲ့ (ကလုံး) တွေက အများအပြား ရှိနေတဲ့အတွက် ငါးသားပေါက်ရာသီမှာ ငါးတွေက မျိုးပွားဖို့ ဆိုမထားနဲ့။ ငါးတွေရည်းစားထားတဲ့အချိန်ကို မရလိုက်ကြဘူး။ တရားမဝင် ငါးဖမ်းလှေမျိုးစုံနဲ့ တရားဝင်လှေတွေက သူတို့ ဖမ်းချင်တဲ့နေရာ၊ ကန့်သတ်ရေပြင်တွေ၊ ငါးသားပေါက်တဲ့ ကျွန်းတွေအနားအထိ တရွတ်တိုက်ဝင်ဆွဲကြတယ်။ ရေငန်ပိုင် ဦးရှင်ကြီးကို ပသပေးထားရင် ကြိုက်တဲ့နေရာကိ ုငါးဝင်ဖမ်းလို့ရတယ်။ ဒီလိုနဲ့ လုပ်ငန်းရှင်ကြီးတွေနဲ့ ရေငန်ပိုင်ဦးရှင်ကြီးတွေပဲ ချမ်းသာသွားပြီး တိုင်းပြည်နှင့် ပြည်သူတွေက ဆင်းရဲပြီးရင်း ဆင်းရဲလာသလို ရေသယံဇာတတွေကလည်း မျိုးတုံးပြီး ရင်းမျိုးတုံးလာတော့တယ်။ နောက်ဆုံးမှာ ပင်လယ်ပြင်အတွင်း ငါးသားပေါက်ရာသီမှာ ရာနှုန်းပြည့် ငါးဖမ်းခွင့်ပိတ်လိုက်ရတဲ ့အနေထားဖြစ်သွားတယ်။ ပြီးခဲ့တဲ့နှစ်က ငါးဖမ်းလှေကြီးတွေမှာ VMS (Vessel Monitoring System) ကို တပ်ဆင်ပြီးထိန်းချုပ်ခဲ့ပေမဲ့ ထိရောက်မှု နည်းပါးသလို ငါးသားပေါက်ရာသီမှာလည်း ငါးခိုးဖမ်းတဲ့လှေတချို့ ရှိခဲ့တဲ့အတွက် တပ်မတော် (ရေ) က ဖမ်းဆီးအရေးယူခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှာ စတင်တဲ့ ငါးသားပေါက်ရာသီမှာလည်း ငါးဖမ်းဆီးခွင့် ရာနှုန်းပြည့်ပိတ်လိုက်တဲ့အတွက် ရေလုပ်ငန်းနဲ့ အဓိက လည်ပတ်နေတဲ့ တနင်္သာရီတိုင်းဒေသကြီးက ငါးဖမ်းလှေတွေအားလုံး ဆိပ်ကမ်းကိုပြန်ဝင်လာကြပါပြီ။ ဒီနှစ်မှာ COVID-19 နှိပ်စက်လို့ ရေလုပ်ငန်းတွေလည်း အတော်အထိနာခဲ့ကြတယ်။
“ COVID-19 စဖြစ်တော့ တရုတ်စျေးကွက်ကို သွားနေတဲ့ ရေထွက်ကုန်တွေ ရပ်ကုန်တယ်။ ထိုင်း တစ်နိုင်ငံပဲကျန်တယ်။ ဒါပေမဲ့ တစ်ရာတန်ရေထွက်ကုန်တစ်ခုကို ထိုင်းက ၄၀ နှင့် ၆၀ ကြားလောက်ပဲ ပေးတော့တယ်။ လှေပိုင်ရှင်တွေ အကျိုးအမြတ်မရတော့ဘူး။ တကယ်လို့ ဒီအချိန်မှာ ကျွန်တော်တို့ လုပ်ငန်းနား လိုက်မယ်ဆိုရင် အလုပ်လက်မဲ့တွေ ပိုများသွားလိမ့်မယ်။ စျေးကွက်လည်း ပျက်သွားလိမ့်မယ်။ လောင်စာဆီစျေးနှုန်း ကျနေတဲ့အတွက် အဲဒီအချိန်မှာ နည်းနည်းတောင့်ခံလို့ရခဲ့တယ်။ အခုငါးဖမ်းရာသီပိတ်ပြီ။ လှေတွေလည်းနားကြပြီ။ လှေပိုင်ရှင်တွေက အကျိုးအမြတ်မရထားတော ့လောင်စာဆီ၊ ရေခဲဖိုးတွေ အကြွေးတင်နေကြတယ်။ လှေတွေကို လွန်းကျင်းတင်ရတော့မယ်။ အကြွေး သံသရာလည်နေကြပြီ။ အဲဒီအကျိုးဆက်က ဘယ်မှာသွားဖြစ်မလဲဆိုတော့ လာမယ့်ငါးဖမ်းရာသီကျရင် ဖြစ်လိမ့်မယ်။ ငါးဖမ်းရာသီ ပြန်ဖွင့်ရင် ရေလုပ်ငန်းအတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်” လို့ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစန်းမောင်က ပြောကြားခဲ့ပါတယ်။
တိုင်းအတွင်းမှာ ကမ်းဝေးနဲ့ ဒေသခံကမ်းဝေးလှေကြီးပေါင်း တစ်ထောင်ကျော်ရှိတဲ့အတွက် အဲဒီလှေတွေက ရေလုပ်သား သောင်းနှင့်ချီပြီး အလုပ်လက်မဲ့ ထပ်တိုးလာပါပြီ။ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ထီးခီး-ကန်ချနဘူရီ နယ်စပ်ဂိတ်၊ မောတောင်-ဆင်းခွန် နယ်စပ်ဂိတ်တွေကို ပိတ်ထားတယ်။ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်မှာ လူဝင်လူထွက် ပိတ်ထားပေမဲ့ ကုန်သွယ်မှုပြုလုပ်နိုင်ဖို့ စဖန်ပလား တံတားတချို့ကို ဖွင့်ပေးထားခဲ့တယ်။ ကော့သောင်း-ရနောင်း (စပန် ပလား) တံတားတွေက တနင်္သာရီတိုင်းဒေသကြီးရဲ့ အသက်ကယ်ဆေးလို ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ယခင်ကတည်းက ရနောင်းကိုပဲ အားကိုးနေရတယ်။ ထိုင်းနိုင်ငံကလည်း ရေထွက်ကုန်သုံးပုံတစ်ပုံကို ရနောင်းကရတဲ့ ကုန်တွေကိုပဲ အားကိုးနေရတယ်။ ရနောင်းကို ဝင်တဲ့ရေထွက်ကုန်ရဲ့ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက မြိတ်ကျွန်းစုက ဖြစ်တယ်။ တစ်နှစ်ကို အဲဒီကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံနီးပါးလောက် တွက်ခြေကိုက်နေတယ်လို့ ထိုင်းငါးဦးစီးညွှန်ချုပ်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မြိတ်ကျွန်းစုမပြောနဲ့။ တစ်နိုင်ငံလုံးကနေရတဲ့ ရေထွက်ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ တစ်ဘီလျံတောင်မပြည့်။ ကျန်တဲ့ ဘီလျံနဲ့ချီတဲ့ ပမာဏတွေက ဘယ်လိုသွားသလဲ။ ဘယ်ရောက်ကုန်သလဲဆိုတာ အခုအထိ အစိုးရအဆက်ဆက်ဆက် အဖြေရှာခြင်းမရှိသလို ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးဖို့ ကုစားပေးခြင်းလည်း မရှိခဲ့ဘူး။ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ငါးစျေးကွက်ကို ဘယ်လိုပြန်ယူကြမလဲ။ မြိတ်ကျွန်းစုအတွင်းမှာ ငါးစျေးကွက်ကြီး ရှိနေဖို့ ဘယ်လိုလုပ်မလဲ။ တန်ဖိုးမြှင့် ထုတ်ကုန်တွေ ဖန်တီးပြီး နိုင်ငံတကာစျေးကွက်ကို ဘယ်လိုထိုးဖောက်ပေးမလဲ။ အစိုးရက ဒါကို မလုပ်နိုင်ခဲ့။ ရနောင်းကို သွားနေတဲ့ ကုန်ကြမ်းအဆင့် ရေထွက်ကုန်တွေကရတဲ့ တရားဝင်အခွန် နှစ်ကျပ်တစ်မတ် လေးနှင့်ပဲ အသက်ဆက်နေတယ်။
“ ကျွန်မတို့ တိုင်းဒေသကြီးက တော့ရေလုပ်ငန်းရှင်တွေရဲ့ ကြိုးစား အားထုတ်မှု၊ ရေထွက်ကုန်တင်ပို့မှုတွေနဲ့ GDP က ကျဆင်းသွားခြင်း မရှိပါဘူး။ တခြားတိုင်းဒေသကြီးတွေလိုမဟုတ်ဘဲ တနင်္သာရီတိုင်းဒေသကြီးက ပုံမှန်အနေအထားလို လည်ပတ်နေနိုင်တယ်” လို့ တနင်္သာရီတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုက ပြီးခဲ့တဲ့ မေ ၂၆ ရက်က ဟင်းစားငါးလှူဒါန်းပွဲမှာ ပြောသွားခဲ့တာပါ။
ထိုင်းကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ COVID-19 Season မရောက်ခင်ကတည်းက ပြည်တော်ပြန်လာနေကြတာ အများကြီးပါ။ ထိုင်းနိုင်ငံတစ်ဝန်း ပိတ်လိုက်တဲ့စက်ရုံတွေက ပြည်တော်ပြန်တွေထဲမှာ ရေလုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ သူတွေ အများကြီးပါလာတယ်။ ကပ်ရောဂါကြောင့် ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေ ယခုအထိ ကော့သောင်းမြို့ကို ဝင်လာနေဆဲပါ။ ငါးဖမ်းရာသီပိတ်ပြီးတဲ့အချိန်မှာ ရေထွက်ကုန်တွေ မရတော့တဲ့အတွက် ထိုင်းနိုင်ငံက စက်ရုံတွေအများကြီး ထပ်ပိတ်ဦးမှာပါ။ ပြည်တွင်းမှာကလည်း မိုးရာသီဆိုရင် ကင်းမွန်လှေတွေလည်း ရာသီပိတ်မယ်။ ငါးဖမ်းလှေကြီးတွေလည်း လုပ်ငန်းရပ်နားကြမယ်။ တောင်သူလယ်သမားတွေလည်း စပါးစိုက်၊ ဥယျာဉ်စိုက်တဲ့ အချိန်အခါဖြစ်လို့ ဝင်ငွေမရှိတော့ဘူး။ သွေးလွန်တုပ်ကွေးအချိန်အခါလည်း ဖြစ်တယ်။ အလုပ်လက်မဲ့ ပြဿနာတွေက ဒီထက်ကြီးထွားလာမယ့်အချိန်အခါပါ။ ရေလုပ်ငန်းအတွက် အဓိကအရေးကြီးတဲ့အချက်က ပြည်တွင်းမှာ ငါးစျေးကွက်ရှိနေပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေနဲ့ နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်ထားနိုင်ဖို့ပဲဖြစ်တယ်။
“ မြိတ်မြို့မှာ ငါးလှေတွေ အလွယ်တကူ ဆိပ်ကမ်းကပ်ပြီး ရေထွက်ကုန်တွေ တင်ချမယ်။ အမိုးအကာအောက်မှာ ငါးတွေကို လတ်လတ်ဆတ်ဆတ် ထုပ်ပိုးလို့ရအောင် တံတားအနည်းဆုံး ၁၀ ခုလောက် လိုအပ်နေတယ်။ ဒီလိုမျိုး လုပ်လာနိုင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာဖို့ ရှိတယ်။ မောတောင်နယ်စပ်လမ်းကြီးလည်း ဖောက်လုပ်ထားပြီးဖြစ်တဲ့အတွက် အလားအလာရှိနေပါပြီ။ ပြည်တွင်းအင်အားနဲ့ ငါးစျေးကွက်ကြီးကို လုပ်ဆောင်နိုင်ပါတယ်” လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာလည်း ငါးစျေးကွက်ကြီး မြန်မာနိုင်ငံကို ပြန်ရောက်ဖို့ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီး လည်ပတ်နိုင်ရန် ရင်းနှီးမြှုပ်နှံငွေဒေါ်လာသန်း ၂၀ ငွေလွှဲနိုင်အောင် လုပ်ဆောင်ဖို့ တိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး တင်ပြနေသည်မှာ နှစ်ကြိမ်အထိ ရှိနေပြီဖြစ်သော်လည်း အစိုးရဘက်မှဘာမှ လုပ်ပေးလာခြင်းမရှိသေးသလို လွှတ်တော်အတွင်း အဆိုနှစ်ကြိမ်တင်သည့်အပေါ် မြိတ်မြို့မှ နိုင်ငံရေးသုခမိန်ကြီးများက ကိုယ်စားလှယ်များကို ထောက်ပြ ဝေဖန်မှုများလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံကို ပြန်လာနေကြတဲ့ ပြည်တော်ပြန်များထဲမှာ ရေထွက်ပစ္စည်း ထုပ်ပိုးမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်အတွေ့အကြုံရှိကြတဲ့သူတွေ အများအပြား ပါဝင်လာနေပါတယ်။ မိမိတို့နိုင်ငံအတွင်းကို ပြန်ရောက်နေတဲ့ အချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေးပြီး ရေလုပ်ငန်းကဏ္ဍအတွက် အခွင့်ကောင်း ပေးသင့်ပါတယ်။ အစိုးရအနေနဲ့ ရေလုပ်ငန်းရှင်များနဲ့ တိုင်ပင်ပြီး ငါးစျေးကွက်ကြီးကို မြန်မာနိုင်ငံကို ပြန်ရောက်အောင်လုပ်ပေးဖို့ နိုင်ငံတကာစျေးကွက်ကို ရရှိအောင်လုပ်ဖို့ အချိန်ကျပါပြီ။ COVID-19 Season, Close Season ထဲမှာ ရေလုပ်ငန်း နာလန်ပြန်ထနိုင်ဖို့ အပြင်းအထန် ကုစားရတော့မယ့် အချိန်အခါရောက်ရှိပြီဖြစ်တယ်လို့ တင်ပြလိုက်ရပါတယ်။










