ကျပ် ၈၇ ဘီလျံကျော်ပဲ လျှော့ချနိုင်တဲ့ ဖြည့်စွက်ခွင့်ပြုငွေ၊ အခြေခံလူတန်းစားတွေကို ထောက်ပ့ံဦးမယ့် ငွေကြေးနဲ့ ဘာစီမံကိန်းမှ မအောင်မြင်ဘူးဆိုတဲ့ ရန်ကုန်

ကျပ် ၈၇ ဘီလျံကျော်ပဲ လျှော့ချနိုင်တဲ့ ဖြည့်စွက်ခွင့်ပြုငွေ၊ အခြေခံလူတန်းစားတွေကို ထောက်ပ့ံဦးမယ့် ငွေကြေးနဲ့ ဘာစီမံကိန်းမှ မအောင်မြင်ဘူးဆိုတဲ့ ရန်ကုန်
ပြည်သူများအား ပထမအကြိမ်စားနပ်ရိက္ခာထောက်ပ့ံစဉ်က လုပ်ဆောင်ခဲ့သည့်မြင်ကွင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
ပြည်သူများအား ပထမအကြိမ်စားနပ်ရိက္ခာထောက်ပ့ံစဉ်က လုပ်ဆောင်ခဲ့သည့်မြင်ကွင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)
Published 31 May 2020
ဖြိုးဝေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက သဇင်မြိုင်ရဲကင်းစခန်းကို AA အဖွဲ့က မေ ၂၉ ရက် နံနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေးငယ်တစ်ဦးပါဝင်တဲ့ မိသားစုဝင် သုံးဦး ပျောက်ဆုံးနေရတဲ့ ဖြစ်စဉ်ဟာ စစ်ဘက်အဖွဲ့အစည်းတွေ မဟုတ်တဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း တာဝန်ရှိသူတွေကို တိုက်ခိုက်တာဖြစ်နေတဲ့အပြင် ကလေးသူငယ်တွေကိုပါ ချမ်းသာမပေးခဲ့တာကတော့ ရုပ်ဆိုးလှသလို ဒီလိုမျိုးလုပ်ဆောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ၂၀၂၀ ပြည့်နှစ်ထဲမှာ ဖော်ဆောင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးပန်းတိုင်က ဝေးသထက်ဝေးလာပြီလား တွေးပူစရာပါ။

ဒီလိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးလည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “AA အကြမ်းဖက် သောင်းကျန်းသူတွေအနေနဲ့ စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ Law Enforcement ဖြစ်တဲ့ ရဲစခန်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အစဉ်တစိုက် တိုက်ခိုက်ခဲ့တယ်။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒီလိုမျိုး ဂယက်တွေ ရှိနေခဲ့သလို တစ်ဖက်မှာဆိုရင် လွှတ်တော်တွင်း ပွတ်တိုက်မှုအဖြစ် ပြည်သူတွေအတွက် လိုအပ်တဲ့အဆိုတွေဖြစ်တဲ့ ကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူတွေ နေ့စဉ်ဘဝ စိတ်ဖိစီးမှာစိုးလို့ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရေးရပ်ဆိုင်းဖို့အဆို၊ COVID-19 ကပ်ရောဂါကြောင့် ပြည်သူတွေ အလုပ်လက်မဲ့နဲ့ စားဝတ်နေရေးထိခိုက်မှု၊ လူမှုစီးပွားဘဝထိခိုက်လာမှုတွေကို ကော်မတီတွေ တာဝန်ရှိသူတွေစုပေါင်းပြီး ကာကွယ်ပေးနိုင်မဲ့ မဟာဗျုဟာတစ်ရပ်ချမှတ်ရေးအဆို စတဲ့ အဆိုများစွာကို ဆွေးနွေးဖို့ ခွင့်မပြုတဲ့ အချက်တွေကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ အဆိုလွှာတင်သွင်းခဲ့တဲ့ ဖြစ်စဉ်ဟာ ပါတီတစ်ခုအင်အားကြီးမားနေတဲ့ လွှတ်တော်မှာ ထူးခြားမှုမရှိနိုင်ဘူး ဆိုပေမဲ့ နိုင်ငံ့အတွက် အရေးကြီးတဲ့အဆိုတွေကို ဆွေးနွေးခွင့်မပြုတဲ့ ဖြစ်စဉ်တွေဟာ ဒီမိုကရေစီနည်းလမ်းအရ၊ အစိုးရကို ထိန်းကျောင်းပေးရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြိုးပမ်းမှုကို ငြင်းပယ်ခဲ့တဲ့ပုံစံဖြစ်လို့ စောင့်ကြည့်ချင်စရာ ပွတ်တိုက်မှု ရလဒ်တွေရှိခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ကျပ် ၈၇ ဘီလျံကျော်ပဲ လျှော့ချနိုင်တဲ့ ဖြည့်စွက်ခွင့်ပြုငွေ၊ အခြေခံလူတန်းစားတွေကို ထောက်ပ့ံဦးမယ့် ငွေကြေးနဲ့ ဘာစီမံကိန်းမှ မအောင်မြင်ဘူးဆိုတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်မှုတွေအကြောင်း တင်ပြချင်ပါတယ်။

 

ကျပ် ၈၇ ဘီလျံကျော်ပဲ လျှော့ချနိုင်တဲ့ စံချိန်တင် ဖြည့်စွက်ခွင့်ပြုငွေ

ဘဏ္ဍာနှစ်ကိုးနှစ်အတွင်းမှာ အများဆုံးအဖြစ် စံချိန်တင်ဖြည့်စွက် ခွင့်ပြုငွေကို လက်ရှိဘဏ္ဍာနှစ်အသုံးပြုဖို့ တောင်းခံခဲ့ပါတယ်။ ဒီလိုမျိုး စံချိန်တင် တောင်းခံခဲ့ပေမဲ့ အရင်အကြိမ်တောင်းခံမှုတွေလိုပဲ ထိရောက်တဲ့ ဘတ်ဂျက်ဖြတ်တောက်မှုတော့ မလုပ်ဆောင်နိုင်ခဲ့ဘဲ ကျပ် ၈၇ ဘီလျံကျော်ပဲ လျှော့ချနိုင်ခဲ့ပါတယ်။

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဖြည့်စွက်ခွင့်ပြုငွေ ထပ်တောင်းခံတဲ့ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေမှာ ဘာတစ်ခုမှ စီမံကိန်းပြင်ဆင်မှု မပါဝင်တာ၊ မိုးကာလဖြစ်နေပြီး လက်ရှိဘဏ္ဍာနှစ်အတွက် သုံးစွဲဖို့ အချိန်လေးလပဲကျန်နေတာ၊ COVID-19 ကြောင့် လုပ်ငန်းတွေ ပုံမှန်ပြန်မလည်ပတ်နိုင်ချိန်မှာ ကျပ် ၂၆၆၀ ဘီလျံကျော် တောင်းခံမှုကနေ ကျပ် ၈၇ ဘီလျံကျော်လောက်ပဲ ဖြတ်တောက်နိုင်ခဲ့တာက ကောင်းမွန်တဲ့ ကြိုးပမ်းမှုလို့ ဆိုနိုင်မှာမဟုတ်ပါဘူး။ ပိုဆိုးတာက ဘတ်ဂျက်မှာဆို ဒီဇယ်ခတွေ ပေါက်စျေးထက်ပို တောင်းခဲ့တယ်ဆိုတာမျိုး၊ ဗိုလ်ချုပ် ရုပ်ရှင်အတွက် ပြည်သူ့ဘဏ္ဍာကနေ တောင်းခံတာမျိုး၊ ICJ စရိတ်အတွက် ကျပ် သန်းရာထောင်ချီတောင်းခံခဲ့တာမျိုးတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့လို့ လက်ရှိတောင်းခံတဲ့ ဖြည့်စွက်ခွင့်ပြုငွေတွေကို ထိထိရောက်ရောက် မဖြတ်တောက်နိုင်မှုဟာ ပြည်သူတွေရဲ့ ဘဝအပေါ် ဖိစီးစေတဲ့ ဘတ်ဂျက်လိုငွေ မြင့်တက်မှုဂယက်တွေပဲ ဖြစ်စေပါလိမ့်မယ်။ ဘာဖြစ်လို့ ဒီလိုမျိုးပြောရသလဲဆိုရင် NLD အစိုးရ ဘဏ္ဍာနှစ်သုံးနှစ်အတွင်းမှာ ကျပ် ၆၃၆၅ ဘီလျံကျော်တောင်းခံခဲ့ပြီး တောင်းခံခဲ့သလို အမှန်တကယ် သုံးစွဲနိုင်မှုမရှိတာကြောင့် ပြန်အပ်ခဲ့တာက ကျပ် ၆၄၃၆ ဘီလျံကျော်ပါ။ ဒီအခြေအနေတွေကို ယှဉ်ကြည့်မယ်ဆိုရင် လက်ရှိဘဏ္ဍာနှစ်တောင်းခံခဲ့တဲ့ ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၅၇၄ ဘီလျံဟာ ဘဏ္ဍာနှစ်ကုန်မှာ အများအပြားပြန်အပ်ဦးမယ်လို့ ယူဆစရာဖြစ်နေပါတယ်။

 

အခြေခံလူတန်းစားတွေကို ထောက်ပ့ံဦးမယ့်ငွေကြေး

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုတွေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ လူတန်းစားအိမ်ထောင်စုတွေကို အခြေခံစားကုန် ငါးမျိုးအတွက် ထောက်ပံ့ပေးမှု ကျပ် ၄၉ ဒသမ ၄ဘီလျံရှိပြီး ဆက်လက်ထောက်ပံ့မယ်လို့ စီမံ၊ ဘဏ္ဍာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ထောက်ပ့ံမယ့်ပမာဏဟာ ပထမအကြိမ် ထောက်ပ့ံမှုထက်နှစ်ဆ ကျပ် လေးသောင်းဝန်းကျင် ဖြစ်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားပြီး ပထမတစ်ကြိမ်လို အငြင်းပွားမှုတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ် ဆိုပါတယ်။

ဒီနေရာမှာ အငြင်းပွားစရာဖြစ်နေတာက အိမ်ထောင်စုပေါင်းဘယ်လောက်ပဲ ထောက်ပ့ံမှာဖြစ်တယ်ဆိုတဲ့ တွက်ချက်မှုမပါဘဲ စာရင်းတွေ ကောက်ခံခိုင်းနေတာဖြစ်လို့ ပထမတစ်ကြိမ်လိုပဲ ရှုပ်ထွေးမှုတွေဖြစ်နိုင်တာ၊ စာရင်းကောက်ခံသွားပြီးမှ မရလာရင် ပြဿနာပိုရှုပ်နိုင်တာ၊ ပေးတဲ့အချိန်က တိုလွန်းပြီး Pay တွေကနေ ငွေကြေးထောက်ပ့ံမှာဖြစ်တဲ့အတွက် မှားယွင်းတိမ်းစောင်းလို့မရတဲ့ အခြေအနေတွေကို မြင်နေရသလို အောက်ခြေလူထုကြားမှာလည်း ဒီလိုရှုပ်ထွေးမှုတွေကြောင့် ပေးလာတာ မယူတော့ဘူးလို့ တင်ပြတာတွေကလည်း လူမှုကွန်ရက်တွေမှာ မြင်နေကြားနေရပြန်ပါတယ်။ သေချာတာကတော့ စနစ်တကျလုပ်ဆောင်မှုမရှိ၊ ပြည်သူတွေရဲ့ ကျပ်တည်းမှုအဆင့်မသိ၊ ခိုင်မာတဲ့လမ်းညွှန်ချက်မရှိဘဲ ငွေကြေးထောက်ပ့ံမှုတွေ ဘယ်လိုလုပ်လုပ်၊ တခြားထောက်ပ့ံမှု ဘာပဲလုပ်လုပ် ကောင်းမွန်မှန်ကန်တယ်ဆိုတဲ့ ရလဒ်နဲ့ စနစ်တကျ လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ ချီးကျုးသံကြားရမှာမဟုတ်ဘဲ စာရင်းပေးပြီးမှ မရသူတွေရဲ့ မကျေမနပ်သံတွေကပဲ ပိုဆူလာဦးမယ့် အခြေအနေပါ။

 

ဘာစီမံကိန်းမှ မအောင်မြင်ဘူးဆိုတဲ့ ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လေးနှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက်တွေမှာဆိုရင် အောင်မြင်တဲ့စီမံကိန်းက လက်ညှိုးထိုးပြစရာမရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုကိုးကျွန်းမဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောဆိုလိုက်ပါတယ်။

“ အစိုးရအဖွဲ့ဆောင်ရွက်တာတွေက လေးနှစ်ကျော်လာခဲ့ပြီ။ ငါးနှစ်ထဲရောက်လာပြီဖြစ်သော်လည်း လက်ညှိုးထိုးပြစရာ စီမံကိန်းတွေ မတွေ့သေးဘူးဆိုတာပါ။ အတွင်းမြို့ပတ်လမ်းကို ဆောင်ရွက်ဖို့ဆိုပြီး လာရှင်းပြသွားတာရှိတယ်။ အခုထိ လုပ်ငန်းမစနိုင်သေးဘူး။ အလားတူ ကော့မှူးမြို့နယ်မှာ ဘက်စုံသုံး ဆိပ်ကမ်းတစ်ခုအတွက် လေ့လာချက်တွေ လုပ်ပြီးပြီ။ ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိတာကို တွေ့ရတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်မှုဇုန် ၂၉ ဇုန် ရှိပါတယ်။ ဒီ၂၉ ဇုန်က မပြည့်စုံတာတွေ အများကြီးပါ။ စက်မှုဇုန်တိုင်းကလည်း မဆောက်နိုင်ဘဲကျန်နေတဲ့ ကွက်လပ်တွေအများကြီးပါ။ အဲဒီစက်မှုဇုန်တွေကို ပြည့်စုံအောင်မဆောက်ဘဲနဲ့ ရန်ကုန်ဧရိယာပြင်ပ ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ တည်ဆောက်ဖို့ မြေနေရာတွေ လျာထားတယ်။ လှည်းကူးနဲ့ ထန်းတပင်ဆို ခေါ်တောင်ခေါ်ထားပြီးပြီ။ အခုလိုဆောင်ရွက်တဲ့အပေါ်မှာလည်း ယနေ့အထိ ပီပီပြင်ပြင်မဖြစ်ဘဲနဲ့ စက်မှုဇုန်တွေဟာ မြေအရောင်းအဝယ်ပဲဖြစ်နေတာကို သွားတွေ့နေရတယ်။ မကြာခင်မှာ ရွေးကောက်ပွဲ စတော့မယ်။ ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအနေနဲ့ ပြနိုင်တဲ့စီမံကိန်း၊ စီမံချက်တွေ မရှိသေးဘူး။ နောက်အစိုးရတွေက အပြောင်းအလဲရှိနေဦးမှာပဲ။ စီမံကိန်း၊ စီမံချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း သတိထားပြီးဆောင်ရွက်ပေးဖို့ ဒါလေး ထောက်ပြဆွေးနွေးတာပါ” လို့ ဦးတင်ဝင်းက ဆိုပါတယ်။

ဒါ့အပြင် မထသကနေ YRTA ကို ပြောင်းလဲရာမှာ လွှတ်တော်က သိရှိခဲ့မှုမရှိတာ၊ ကျောင်းကားဝယ်ယူရာမှာလည်း ကမ္ဘောဇဘဏ်ကနေ ကျပ် ၅ ဒသမ ၅ ဘီလျံချေးပြီးဝယ်တာကို စာရင်းစစ်ချုပ် အစီရင်ခံစာရမှ သိခဲ့ရတဲ့အပြင် ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ မေးမြန်းမှုအရ ကျောင်းကား ၁၀၇ စီးပဲ ပြေးဆွဲနိုင်ပြီး ၉၃ စီးက ရပ်နားထားရလို့ ဘဏ္ဍာရေးအရပြန်ကြည့်မယ်ဆို ဆုံးရှုံးတဲ့ အနေအထားဖြစ်နေတာနဲ့ NYDC နဲ့ CCCC အကြား မြို့သစ်စီမံကိန်း လုပ်ဆောင်ရာမှာ လွှတ်တော်ကို တင်ပြအသိပေးမှုမရှိတာတွေနဲ့  ဒီနေ့ဒီအချိန်အထိ လွှတ်တော်ကို ဘာစီမံကိန်းမှ တင်ပြခဲ့တာမရှိဘူးလို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဆိုပါတယ်။

“ NYDC က ယနေ့အချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ ဟိုတစ်လောက CCCC နဲ့ စာချုပ်ချုပ်ဆိုလိုက်တာကို ကြားလိုက်တယ်။ ကျွန်တော့်အနေနဲ့က လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာအတိုင်း ပြောခြင်းဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာအရဆိုရင် မြို့သစ်စီမံကိန်းကို အကောင်အထည် မဖော်နိုင်ဘဲနဲ့ အုပ်ချုပ်မှုစရိတ် ကျပ် ၇၈၉ ဒသမ ၃၂၅ သန်း အသုံးပြုထားတာ တွေ့ရတယ်။ အမြတ်မရဘဲ။ အဲဒီတော့ ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့ ခေါ်ယူဆွေးနွေးတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဘာပြောလဲဆိုရင် CCCC နဲ့ ပဏာမစာချုပ် ချုပ်ဆိုပြီး ဆောင်ရွက်နေတာကို သိရပါတယ်” လို့ ဦးတင်ဝင်းက ပြောကြားပါတယ်။

အစိုးရဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထိန်းကျောင်း ဝေဖန်မှုအပေါ်မှာ ပြုပြင်ပြောင်းလဲရတာဖြစ်သလို လွှတ်တော်က ခွင့်ပြုမှ အတည်ပြုချက်ရမှ လုပ်ငန်းတွေ ဆောင်ရွက်တာကလည်း ကောင်းမွန်တဲ့ လုပ်ဆောင်မှု ဖြစ်စေမှာပါ။ တစ်ဖက်မှာလည်း လွှတ်တော်ကို တင်ပြမထားတဲ့ စီမံကိန်းတွေ လာပြီးတင်ပြဖို့ လိုသလို လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းပြောကြားထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လေးနှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက်တွေမှာဆိုရင် အောင်မြင်တဲ့စီမံကိန်း လက်ညှိုးထိုးပြစရာမရှိဘူးလို့ ပြောကြားခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ ဇွန် ၂ ရက်မှာ ကျင်းပမဲ့ လွှတ်တော်မှာ ဘာများတု့ံပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent