တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမှုလေးမှုအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမှုလေးမှုအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမိန့်ချမှတ်အပြီး တရားရုံးမှ ပြန်ထွက်လာစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမိန့်ချမှတ်အပြီး တရားရုံးမှ ပြန်ထွက်လာစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
Published 22 May 2020
ဇော်မင်းနိုင်၊ ဖြိုးဇင် (ထားဝယ်)

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အမှုလေးမှုအတွက် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့ပြီး အမှုမှ သက်သေခံပစ္စည်းများကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုလေးမှုဖြင့် အရေးယူခံထားရ သည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား ၎င်း၏ အမှုတွဲများဖြစ်သည့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦး အောင်မြတ်နှင့် အထွေထွေမန်နေဂျာဦးသူရအုံတို့ကို မေ ၂၂ ရက်တွင် ထားဝယ်အကျဉ်းထောင်မှတစ်ဆင့် တနင်္သာရီတိုင်းတရား လွှတ်တော်သို့ လုံခြုံရေးအပြည့်ဖြင့်ခေါ်ဆောင်လာခဲ့သည်။

အပြီးသတ်အမိန့်ချသည့် တရားခွင်သို့ တရားစွဲခံရသူများ၏ မိသားစုများအပြင် NLD ပါတီဝင်များလည်း လာရောက်ခဲ့သည် ကို တွေ့ရသည်။

ပုံစာ - သရက်ချောင်းငါးလေလံဈေး

အပြီးသတ် အမိန့်ချမည့် တရားခွင်စတင်ချိန်၌ တရားသူကြီးက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား စွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၁၉ နှင့် ၂/၂၀၁၉ အမှုများအတွက် ထောင်ဒဏ် ၁၀ စီ၊ရာဇဝတ်ကြီးအမှုအမှတ် ၃/ ၂၀၁၉ နှင့် ၄/၂၀၁၉ အမှုများအတွက် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် တပေါင်း တည်း ကျခံစေရန်အမိန့်ချမှတ်ခဲ့သဖြင့် အမှုလေးမှု အတွက် စုစုပေါင်းထောင်ဒဏ်အနှစ် ၃၀ ကျ ခံခဲ့ရခြင်းဖြစ်သည်။

ပုံစာ - ထားဝယ်လေယာဉ်ကွင်း

ထို့ပြင် ဒေါက်တာလဲ့လဲ့မော်နှင့်အတူ ရာဇဝတ်ကြီး အမှုအမှတ် ၃/၂၀၁၉နှင့် ၄/ ၂၀၁၉ အမှုများ၌  အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့်စွဲဆိုခြင်းခံရသည့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့မှာ အဂတိလိုက်စားမှုကျူး လွန်ရန် အားပေးကူညီခြင်းနှင့် ပူးပေါင်းပါ ဝင်ကြောင်း အကြောင်းပေါ်ပေါက်နေသဖြင့် ယင်းအမှုနှစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ် စီကျခံရန်အမိန့်ချခဲ့သော်လည်း ယင်းအမှု နှစ်ခုအတွက် ပြစ်ဒဏ်ကိုတပေါင်းတည်းကျ ခံစေရန်တရားသူကြီးက အမိန့်ချမှတ်ခဲ့သ ဖြင့် ဦးသိန်းထွေးနှင့်ဦးအောင်မြတ်တို့မှာ ထောင်ဒဏ် ၁၀ နှစ်စီကျခံရမည်ဖြစ်သည်။

ပုံစာ - GGS ကုမ္ပဏီ၏ ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း

ရာဇဝတ်ကြီးအမှုအမှတ် ၄/၂၀၁၉ တွင် ထပ်မံတရားစွဲဆိုခံထားရသည့် GGS ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးသူရအုံကို လည်း ပြစ်မှုထင်ရှားသည့်အတွက် တရားသူ ကြီးက ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ချမှတ်ခံရသူများအနေဖြင့် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ရှိသည် ဟုတရားသူကြီးက တရားခွင်တွင် ပြောကြား ခဲ့သည်။

ထို့ပြင် ရာဇဝတ်ကြီးအမှုအမှတ် ၄/ ၂၀၁၉ တွင် သက်သေခံပစ္စည်းအဖြစ် သိမ်း ဆည်းထားသည့် သရက်ချောင်းမြို့နယ်မြို့မ ရပ် မြိတ်-ထားဝယ်ကားလမ်းဘေးရှိ RC နှစ်ထပ်တိုက်နှင့် မြေကိုပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ကြောင်း အမိန့်ချမှတ် ခဲ့သည်ဟု တနသာင်္ရီတိုင်းဒေသကြီးတရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ် အေးအေးသန်းက ပြောကြားသည်။

“ တိုင်းဒေသကြီးတရားလွှတ်တော်က ချမှတ်တဲ့အမိန့်တွေနဲ့ ပတ်သက်ပြီးတော့ တ ရားခံတွေအနေနဲ့ ကာလစည်းကမ်းသတ်ဥပဒေအပိုဒ် ၁၅၅ အရ ရက်ပေါင်း ၉၀ အတွင်း မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံဝင်ရောက်နိုင်ပါတယ်” ဟု တနသာင်္ရီ တိုင်းဒေသကြီး တရားလွှတ်တော် တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ပြောကြားသည်။

တရားခွင်ကြားနာမှုတွင် တနင်္သာရီ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူ ကြီး ဦးခင်မောင်မောင်က အမိန့်ချမှတ်ရာ တွင် အမှုများနှင့်ပတ်သက်၍ သက်သေခံ ချက်များအရ အဂတိလိုက်စားမှုကျူးလွန် ကြောင်း သုံးသပ်ရရှိပြီး ပြစ်မှုထင်ရှားသည် ဟုယူဆသည့်အကြောင်း ပေါ်ပေါက်နေ ကြောင်း၊ တရားခံဒေါက်တာလဲ့လဲ့မော်မှာ မိန်းမသားဖြစ်ခြင်း၊ ကင်ဆာရောဂါဝေဒနာအတွက် ဆေးကုသမှုခံယူနေရသူဖြစ်ခြင်းတို့ ကြောင့်ယင်းအချက်များကို ထည့်သွင်းစဉ်းစား၍ ထောင်ဒဏ်များကျခံရန်နှင့် ပြစ်ဒဏ်အတွင်းမှ လျော့ရက်များ ထုတ်နှုတ်ကျခံစေ ရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသည်။

အပြီးသတ်အမိန့်ချမှတ်ရာတွင် တရားသူကြီးက အမှုတစ်ခုချင်းစီအလိုက် ပေါ် ပေါက်လာသည့် သက်သေခံချက်များ၊ ပြစ်ဒဏ်များကို တရားသူကြီးက ဖတ်ကြားအမိန့် ချခဲ့သည်။

တရားခွင် မြင်ကွင်းအရ တရားသူကြီးက ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၁၉ အ တွက်အမိန့်ချမှတ်ပြီးချိန်တွင် ဒေါက်တာလဲ့ လဲ့မော်မှာ မတ်တပ်ရပ်၍အမိန့်ချမှတ်သည် ကိုနာခံနေရာမှ ခြေထောက်နာကျင်သော ကြောင့်ထိုင်၍ နာခံခွင့်ပြုရန် တရားသူကြီးထံ တင်ပြခဲ့ရာတရားသူကြီးက ခွင့်ပြုခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်မှာ ၎င်းအားနေရာချထားပေးသည့် ခုံတန်း၌ထိုင်နေစဉ် မျက်စိမှိတ်ကာ အမိန့်ချမှတ်မှုများကို နားထောင်နေသည်ကို တွေ့ရသည်။

အမှုတွဲ လေးခုစလုံးအတွက် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နှစ်နာရီခန့် အကြာ အမိန့်ချမှတ်ခဲ့ပြီးနောက် တရားခံမိ သားစုဝင်များနှင့် ခေတ္တတွေ့ဆုံခွင့်ပေးခဲ့ကာ မွန်းတည့် ၁၂ နာရီကျော်တွင် ထားဝယ်အ ကျဉ်းထောင်သို ့ရဲတပ်ဖွဲ့ယာဉ်တန်းဖြင့် ပြန်လည်ခေါ်ဆောင်သွားခဲ့သည်ကို တွေ့ရသည်။

ဒေါက်တာလဲ့လဲ့မော်နှင့်GGS ကုမ္ပဏီ တာဝန်ရှိသူများဘက်မှ လိုက်ပါဆောင်ရွက် ခဲ့သည့် အကျိုးဆောင်ရှေ့နေများကမူ အမှု နှင့် ပတ်သက်၍ပြောစရာမရှိကြောင်း၊ ဆက် လက်လုပ်ဆောင်မည့်အပေါ် ညွှန်ကြားချက် မရသေးကြောင်းနှင့် အမှုသည်၏ဆန္ဒပေါ် မူတည်ကြောင်း ထားဝယ်အခြေစိုက် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

ပြစ်ဒဏ်ချမှတ်ခံရသည့် ဒေါက်တာလဲ့ လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်းကမူ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့သည်နှင့်ပတ်သက်၍တစုံတရာ မှတ်ချက်မပေးလိုသည့်အပြင် ပြောစရာမရှိကြောင်း၊ ဥပဒေအရ အထက်အဆင့်သို့ တက်ရောက်မည့်အနေအထားရှိကြောင်းသာ မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည် ဖြေကြားခဲ့သည်။

ပုံစာ - သရက်ချောင်းမြို့ရှိ နေအိမ်

အမှုတွင် GGS ကုမ္ပဏီထံ ရောင်းချထားသည့် သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော်၏ မိသားစုပိုင်နေအိမ်ကို ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ပြီဖြစ်သော် လည်း အမှုစတင်စွဲဆိုစဉ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ချိတ်ပိတ်ခဲ့သည့် သရက်ချောင်းမြို့ရှိ GGS ကုမ္ပဏီမှ အကောင်အထည်ဖော်နေသော ငါးလေလံဈေး စီမံကိန်းဧရိယာနှင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ကုမ္ပဏီတာဝန်ရှိသူ သုံးဦး၏ငွေစာရင်းများ၊ ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဒေါက်တာလဲ့လဲ့မော်ခင်ပွန်းအမည်ဖြင့် ဝယ်ယူထားသည့် မြေကွက်နှစ်ကွက်နှင့်ပတ်သက်၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကိုမူ အသေးစိတ် မသိရှိရသေးပေ။

အမှုနှင့် ပတ်သက်ပြီး ဒေါက်တာလဲ့လဲ့ မော်နှင့် ကုမ္ပဏီတာဝန်ရှိသူ သုံးဦးတို့အား ၂၀၁၉ ခုနှစ် မတ် ၁ဝရက်တွင် စတင်ဖမ်းဆီး ခဲ့ရာ ၁၄ လခန့်အကြာ ၆၃ ကြိမ်မြောက်ရုံး ချိန်းဖြစ်သည့် ၂၀၂၀ ပြည့်နှစ် မေ၂၂ ရက် တွင် အပြီးသတ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ် သည်။

အမှုတွဲ လေးခုအတွက်ရုံးချိန်း ၆၂ ချိန်း စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၇၈ ဦး၊ တရားခံပြသက်သေ ၁၇ ဦးနှင့်ပြန်ခေါ်သက် သေ ၂၈ ဦးကိုစစ်ဆေးခဲ့ကာ သက်သေခံစာ ရွက်စာတမ်းအနေဖြင့် တရားလိုဘက်မှ  ၄၀၅ စောင်နှင့်တရားခံဘက်မှ ၅၇ စောင် တင်သွင်းခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်ကို စွဲဆိုခဲ့သည့် ရာဇဝတ်ကြီးအမှုအမှတ် ၁/၂၀၁၉ မှာ ၂၀၁၈-၁၉ မီနီဘတ်ဂျက်ငွေလုံးငွေရင်းအသုံးစာရိတ်အတွင်းမှ အစိုးရအဖွဲ့၏ ညွှန် ကြားချက်များနှင့်အညီ လိုက်နာမှုမရှိဘဲ လမ်းဦးစီးဌာနသို့ လုပ်ငန်း ၁၁ ခုအတွက် တစ်လုံးတစ်ခဲတည်း ကျပ် ၁ ဒသမ ၉ ဘီလျံ ခန့် ထုတ်ယူခွင့်ပြုခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလခန့်တွင် တိုင်းဒေသကြီး လမ်းဦစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမင်းထွဋ်အား ဒေါက်တာလဲ့လဲ့မော်၏ခင်ပွန်း ဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသော ထားဝယ်မြို့ဆေး ရုံလမ်းနှင့် ဂေါ်သဇင်လမ်းထောင့်ရှိ မြေ ကွက်နှစ်ကွက်ကို အုတ်တံတိုင်းနှင့် ရေမြောင်း လုပ်ကိုင်ပေးရန် စေခိုင်းခဲ့ရာ  ကျပ်သိန်း ၁၄၀ ကျော်ကုန်ကျခဲ့ပြီး ထိုငွေကို မပေးချေဘဲ သူမအား စုံစမ်းစစ်ဆေးသည့်အခါမှ ပြန်လည်ပေးချေကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထိုက်သင့်သည့်တန်ဖိုးပေးချေ ခြင်းမရှိဘဲ ဝန်ဆောင်မှုပေးစေခြင်းဖြင့်တံစိုးလက်ဆောင်အဖြစ် ရယူခဲ့သဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်ကြီးအမှု ၂/ ၂၀၁၉ မှာ တိုင်း ဒေသကြီးအစိုးရအဖွဲ့က F-22 Sunny Construction Co.Ltd ကို ထိုက်သင့်သည့် တန်ဖိုးငွေမပေးဘဲလုပ်ငန်း သုံးခုကို ပေးစေခိုင်းခဲ့သည်။ ယင်းသို့ စေခိုင်းပြီးမကြာမီတွင် ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ကျပ်သိန်း၄ဝဝဝဖြင့် တင်ဒါမခေါ်ယူခင် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ တိုက် ရိုက်ခွင့်ပြုအခွင့်အရေး ပေးခဲ့သဖြင့် တရားစွဲ ဆိုခံရသည့် အမှုဖြစ်သည်။

ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၁၉မှာ   တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် GGS ကုမ္ပဏီတို့အကြား လျှပ်စစ်ဖြန့်ဖြူးရေးသဘောတူစာချုပ်အရ ကုမ္ပဏီမှ လိုက်နာရန်ပျက် ကွက်ခြင်းအပေါ် အရေးယူမှုမရှိခြင်းနှင့် ကုမ္ပဏီမှ ပြည်ထောင်စုအစိုးရသို့ သဘာဝ ဓာတ်ငွေ့ပေးသွင်းငွေ ကျပ်သန်းပေါင်း ရှစ် ထောင်ကျော်ကိုပေးသွင်းခြင်းမရှိရာ ဘဏ္ဍာ ငွေများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသဖြင့် လုပ် ငန်းစဉ်တွင်ပါဝင်သည့် ဒေါက်တာလဲ့လဲ့မော်၊ GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦး အောင်မြတ်တို့ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးပုဒ်မ ၅၅/၆၃ ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ရာဇဝတ်ကြီးအမှုအမှတ် ၄/၂၀၁၉မှာ  ကာလတန်ဖိုး ကျပ်သိန်းသုံးရာကျော်သာရှိ သည့် ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင်ဆိုင် သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်းဘေးရှိ နှစ်ထပ်နေအိမ် နှင့် ၀ိုင်းမြေကို GGS ကုမ္ပဏီသို့ ကျပ်သိန်း နှစ်ထောင်ဖြင့် ရောင်းချခဲ့သည်။

ယင်းနောက် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံစျေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ် လုပ်ဖြန့်ဖြူးခြင်း၊ ပုလောမြို့ မြို့တော် ခန်းမတည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် ကာလတန်ဖိုးထက် အဆမတန်စျေးနှုန်းဖြင့်ရောင်းချပြီး ဝယ်ယူသူများ ကို လုပ်ပိုင်ခွင့်များချပေး၍အဂတိလိုက်စားခဲ့သဖြင့် ဒေါက်တာလဲ့လဲ့မော်၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အမှုဖွင့်စွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာလဲ့လဲ့မော်ကို စွဲဆိုခဲ့သည့် ပုဒ်မများမှာ ထောင်ဒဏ်အများဆုံး ၁၅ နှစ် အထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်။

 

 

Most Read

Most Recent