COVID-19 ကာလ စာသင်ကျောင်းတွေပြန်ဖွင့်တဲ့အခါ ဘာတွေဖြစ်လာမလဲ

COVID-19 ကာလ စာသင်ကျောင်းတွေပြန်ဖွင့်တဲ့အခါ ဘာတွေဖြစ်လာမလဲ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
Published 17 May 2020
မျိုးထက်ပိုင်၊ လွင်မျိုးသူ

ယူနက်စကိုရဲ့ စာရင်းတွေအရ COVID-19 ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကျောင်းသူကျောင်းသားတွေရဲ့ ၉၁ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ၁ ဒသမ ၆ ဘီလျံဟာ ကျောင်းမတက်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ် မေလ နောက်ဆုံးပတ်ဟာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ပါ။ ဒါ့ပြင် ဇွန် ၁ ရက်ဟာလည်း ပညာရေးပြက္ခဒိန်မှာ စာသင်နှစ်တစ်နှစ်ရဲ့ နှစ်အစ ဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ပြန်လည် အသက်ဝင်လာတဲ့နေ့ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ် ဂယက်ရိုက်ခတ်မှုကြောင့် ကျောင်းသူကျောင်းသားတွေဟာ စာသင်ကျောင်းသွားဖို့ အခက်အခဲဖြစ်နေကြပါပြီ။ နှစ်စဉ်နှစ်တိုင်း ဇွန် ၁ ရက်မှာ စာသင်ခန်းထဲ ရောက်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ ဒီနှစ်မှာတော့ စာသင်ခန်းထဲ ရောက်ဖို့မဖြစ်နိုင်တော့ပါဘူး။

လက်ရှိမှာ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁၈၁ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိနေပါပြီ။ ကူးစက်ခံရသူများအနက် ရောဂါပိုးကင်းစင်သူ ၈၄ ဦးရှိပြီးတော့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၇၁ ဦးရှိပါတယ်။

မေ ၁၂ ရက်အထိ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Quarantine နေရာ ၉၇၀၀ ကျော်မှာ အသွားအလာ ကန့်သတ်ပြီးတော့ COVID-19 စောင့်ကြပ်ကြည့်ရှုနေသူ ၅၈၀၀၀ ကျော်အထိ တိုးလာနေတယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းများမှာ တွေ့ရပါတယ်။

ဒါပေမဲ့ မေ ၁၂ ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကာကွယ်ဆေး မပေါ်သေးရင်လည်း စာသင်ကျောင်းတွေကို ပြန်ဖွင့်ရမယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ အပြန်အလှန် ဆွေးနွေးတဲ့အစီအစဉ်မှာ ပြတ်ပြတ်သားသား ပြောသွားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ထဲမှာတော့ “ ကျောင်းတွေက အမြဲပိတ်ထားလို့မရဘူး။ ကျောင်းတွေ ပြန်ဖွင့်ရတော့မယ်။ ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေကို ခေါ်ထားဖို့ရှိရင် ဒီနိုင်ငံက ကျောင်းတွေက တစ်တန်းတစ်တန်းဆိုရင် ကျောင်းသားကျောင်းသူ ဦးရေက များတယ်။ များတဲ့အခါကျတော့ ကပ်ပြီးတော့ ထိုင်ကြတယ်။ ခွဲလိုက်မယ်ဆိုရင် ဘယ်နှတန်းလိုမလဲ။ အရင်တုန်းက တစ်တန်းတည်းလိုတဲ့ ကလေးတွေက ခွဲလိုက်ရင် သုံးခန်းလောက်လိုမှာလား။ အဲဒါဘယ်လောက် မြန်မြန် စီစဉ်နိုင်မလဲ။ ဒီဟာတွေအားလုံး စဉ်းစားရတာပေါ့။ စဉ်းစားတဲ့အခါကျတော့ ရေတိုရေရှည်လည်း စဉ်းစားရတယ်။ ဖြစ်နိုင်ခြေကိုလည်း ထည့်တွက်ရတယ်။ ဒီ Vaccine (ကာကွယ်ဆေး) က မြန်မြန်ရမှာ မဟုတ်ဘူးဆိုရင်လည်း ကျောင်းတွေက ပြန်ဖွင့်ရမှာပဲ။ Vaccine ပေါ်တဲ့အထိ ကျောင်းတွေ စောင့်ရမယ်ဆိုတာကတော့ မလွယ်ဘူး” လို့ ၎င်းက ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဲဒီလိုပြောကြားပြီး နောက်နေ့ မေ ၁၃ ရက်မှာပဲ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာတစ်ခုထဲမှာတော့ နိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းတွေကို ဇူလိုင်လအတွင်းမှာ ဖွင့်မယ်လို့ ဖော်ပြထားပါတယ်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ဥက္ကဋ္ဌကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။

အဲဒါကြောင့် ဇူလိုင်အတွင်းမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေတယ်လို့ အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုပါတယ်။

စာသင်ကျောင်းတွေ ပြန်ဖွင့် မယ်ဆိုပေမဲ့ ယခင်နှစ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ အောင်စာရင်းတွေကတော့ အခုချိန်အထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

နှစ်စဉ် တက္ကသိုလ်ဝင်တန်းမှလွဲပြီး အခြေခံပညာအတန်း အသီးသီးရဲ့ အဖြေလွှာတွေကို မတ်လကုန်နောက်ဆုံးထား စစ်ဆေးကာ သင်္ကြန်ပြီးနောက်မှာ အောင်စာရင်းတွေ ထုတ်ပြန်လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးမလုပ်ရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတဲ့အတွက် အဖြေလွှာ စစ်ဆေးတဲ့ လုပ်ငန်းတွေကို ရပ်နားထားလိုက်ရတဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ ဧပြီ၂၆ ရက်မှာ အောင်စာရင်းတွေ ထုတ်ပြန်နိုင်ခြင်းမရှိပါဘူး။

အဲဒါကြောင့် တက္ကသိုလ်ဝင်တန်းအပါအဝင် အခြေခံပညာ အတန်းအသီးသီးရဲ့ အောင်စာရင်းတွေကို ဇူလိုင် ကျောင်းမဖွင့်မီ ဇွန်လနှောင်းပိုင်းတွင် ထုတ်ပြန်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုပါတယ်။

အခုလိုကျောင်းတွေ ပြန်ဖွင့်တော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “ ကျွန်တော်တို့ ကျန်းမာရေးဘက်က အမြင်ကိုပြောရမယ်ဆိုရင် COVID ကြောင့် Stay Home နေနေရတဲ့အချိန်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ထိခိုက်လာမယ်။ COVID က ရေရှည်မှာ ထိခိုက်လာနိုင် တာတွေရှိတယ်။ အဲဒါကြောင့် ကာကွယ်ရေးကို ရှေ့တန်းတင်ပြီးတော့ လုပ်စရာရှိတာတွေကို လုပ်ကြဖို့လိုတယ်။ အဲဒါကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံတွေ ပြန်လည်ဆောင်ရွက်သလို ပညာရေး ဆောင်ရွက်ဖို့ လိုတယ်။ ဒီကိစ္စက ကျန်းမာရေးတစ်ခုတည်းနဲ့ ကြည့်လို့မရပါဘူး။ နိုင်ငံတော်ရဲ့အနာဂတ်အတွက် ဒါတွေက ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်တာထက်စာရင် မဖြစ်အောင်ကာကွယ်ဖို့ လုပ်ရမယ်။ အိမ်ကစပြီး ထွက်လို့အပြင် ရောက်ပြီဆိုတာနဲ့ Mask တပ်တာ ပိုးသတ်ဆေးဖျန်းတာ။ အထဲမှာ ထိုင်ပြီး သင်ကြားရေးလုပ်တဲ့ အခါမှာ ဆရာ ဆရာမတွေက ကလေးတွေကို ကျောင်းပတ်ဝန်းကျင်မှာလည်း လက်ဆေးလို့ရတဲ့နေရာတွေ ဒါတွေအကုန်လုံးပေါ့။ ကျောင်းပြန်ဆင်းတဲ့အခါကျရင် အိမ်ပြန်ဝင်တဲ့ အခါကျရင် အိမ်မှာ အဘိုးအဘွားတွေရှိတဲ့ အခါကျရင် ကလေးတွေမှာ ဗိုင်းရပ်စ်တွေ ပါမလာဖို့အတွက် လုပ်ရမယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနညှိနှိုင်းပြီးတော့ လုပ်ထုံးလုပ်နည်းတွေ ထွက်လာမှာပေါ့။ အဲဒါလေးတွေ ထွက်လာရင် ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲ။ လုပ်နေကျလုပ်ငန်းဆောင်တာတွေ မပျက်အောင် တစ်ဖက်က အလုပ်ဖြစ်အောင် လုပ်ရမယ်” လို့ မှတ်ချက်ပေးပါတယ်။

 

ကျောင်းတွေဖွင့်ဖို့ ပညာရေးဝန်ကြီးဌာနက ဘာတွေပြင်ဆင်ထားလဲ

ပညာရေးဝန်ကြီးဌာနကတော့ COVID-19 National Response and Recovery Plan For The Edication Sector ကို ရေးဆွဲထားပါတယ်။

အဲဒီအထဲမှာတော့  တုံ့ပြန်မှုအပိုင်းကို မေမှ စက်တင်ဘာအထိ သတ်မှတ်ထားပြီး ပြန်လည်ထူထောင်ရေးကို ၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ အောက်တိုဘာအထိ သတ်မှတ်ထားပါတယ်။

တုံ့ပြန်မှုအပိုင်းမှာတော့ အွန်လိုင်းကနေသင်ကြားမယ့် အစီအစဉ်တွေ၊ ရုပ်မြင်သံကြားကနေ ပို့ချမယ့် အစီအစဉ်တွေပါပြီး ပြန်လည်ထူထောင်ရေး အပိုင်းမှာကတော့ ကျောင်းသူကျောင်းတွေနဲ့ ဆရာဆရာမတွေ ဘေးကင်းလုံခြုံဖို့နဲ့ သင်ယူမှုဝန်းကျင်ကို ဖော်ဆောင်မယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းပေါင်း ၆၀၁၂ ကျောင်း ရှိပါတယ်။  Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင်လအတွင်းမှာ ကျောင်းတွေ ပြန်မှာဖြစ်တဲ့ အတွက်ကြောင့် နေပြည်တော် ကောင်စီ၊ တိုင်းနဲ့ပြည်နယ်တွေမှာ Community Based Facility Quarantine ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ပိုးသတ်ဆေးဖျန်းပြီးတော့ အခြေခံပညာကျောင်းတွေကို ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးရမယ်လို့ ညွှန်ကြားထားပါတယ်။ ဇွန် ၁၅ ရက်နောက်ဆုံးထားပြီး လွှဲပြောင်းပေးရမယ်လို့လည်း ညွှန်ကြားစာထဲမှာ ပါရှိပါတယ်။

အဲဒါကြောင့် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ လက်ရှိ Quarantine ဝင်နေသူတွေက လွဲပြီးတော့ ထပ်ပြီး Quarantine ဝင်ဖို့ ရောက်ရှိလာသူတွေကို သက်ဆိုင်ရာမြို့နယ် အသီးသီးမှာရှိတဲ့ ဝန်ကြီးဌာနပိုင် အဆောက်အအုံတွေနဲ့ အဆင့်မြင့်ပညာဦးစီးဌာနပိုင် တက္ကသိုလ်တွေ၊ ကောလိပ်တွေနဲ့ ဒီဂရီကောလိပ်တွေမှာ နေရာချထားပေးဖို့လည်း ညွှန်ကြားထားပါတယ်။

အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကတော့ ကျောင်းဖွင့်ရင် ကျောင်းသား တစ်ယောက်စီကို Mask နှစ်ခုစီနဲ့ Face Shield တစ်ခုစီပေးမယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေကို Social Distancing အနေနဲ့ နေရာခွဲထိုင်ခိုင်းမယ်လို့လည်း ဆိုပြန်ပါတယ်။

ဒါပြင် စာသင်ခန်းအပြင် အဆင်တွေ၊ အပူချိန်တိုင်း ကိရိယာတွေ၊ ကျောင်းတိုင်းမှာ ကလေးများ ဆပ်ပြာနဲ့ လက်ဆေးနိုင်အတွက် အသုံးအဆောင်တွေကို ပြင်ဆင်ထားတယ်လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။ ကျောင်းအပ်နှံရင်လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖြည့်သွင်းရမှာဖြစ်တယ်လို့ ၎င်းက ထပ်မံပြောဆိုပါတယ်။

“ ကလေးတွေကို တတ်နိုင်သမျှ လုံခြုံဘေးကင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ်။ အလေ့အကျင့်တွေလည်း ရသွားမယ်ထင်တယ်။ အရင်တုန်းက လက်မဆေးတဲ့ကလေးက အခုအကြိမ်ကြိမ်လက်ဆေးဖို့ကို သိလာလိမ့်မယ်။ အရင်တုန်းက Mask မတပ်တဲ့ကလေးတွေက အခု Mask တပ်လာတတ်မယ်။ ဒါလေးတွေက COVID ကာလမှာရတဲ့ အလေ့အကျင့်တွေပေါ့” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ကျောင်းပို့ကျောင်းကြိုလုပ်ရာမှာလည်း သတ်မှတ်ထားတဲ့ တစ်ဦးတည်းသာ လာရောက် ကြို-ပို့ လုပ်ရမှာဖြစ်ပြီး ရောဂါကူးစက်လွယ်တဲ့ သက်ကြီးရွယ်အိုများအား ကျောင်း ကြို-ပို့ မလုပ်ရန်လည်း ညွှန်ကြားမှာဖြစ်တယ်။ နေအိမ်ကတည်းက အပူချိန်မြင့်တက်နေတဲ့ ကျောင်းသူ ကျောင်းသားတွေကိုတော့ ကျောင်းမပို့ဖို့ မိဘတွေကို သတိပေးမယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဒါ့ပြင် Social Distancing အနေနဲ့ စာသင်ခန်းထဲမှာ ကျောင်းသားတွေကို ခပ်ခွာခွာခွဲထိုင်စေမယ်လို့ သိရပါတယ်။ ဒီလိုကျောင်းသားတွေကို ခွာစေထိုင်ခြင်းဟာ စာသင်ခန်းတွေကို ယခင်ကထက် နှစ်ဆ နီးပါးလိုအပ်မှာ ဖြစ်သလို ဆရာဆရာမ ဦးရေကလည်း ပိုလိုအပ်လာမှာပါ။

“ ပြဿနာဖြစ်နေတာကလက်ရှိကို နှစ်သုတ်တက်ပြီး ကျောင်းသားအရေအတွက်များတဲ့ ကျောင်းတွေပေါ့။ အဲဒီကျောင်းတွေက ရန်ကုန်မှာဆိုရင် ကျောင်းပေါင်း ၁၉၀ လောက်ရှိမယ် ထင်တယ်။ လှိုင်သာယာတို့ဘက်မှာပေါ့။ အဲဒီ ကျောင်းတွေဆိုရင် ဘယ်လိုလုပ်ရမလဲ။ အလှည့်နဲ့ပဲ တက်ခိုင်းရမလား ဒါကတော့ စဉ်းစားရမယ်။ နောက်တစ်ခုက အတန်းတွေ ခွဲလိုက်ရင် ဆရာ အရေအတွက်လိုလာမယ်။ ဒါပေမဲ့ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို စဉ်းစားရမှာပေါ့။ နဂိုထက် ဆရာတွေကို နှစ်ဆတိုးခန့်ဖို့လည်း အခြေအနေတွေက သိပ်မလွယ်ဘူး။ အဲဒီတော့ နဂိုက ဆရာတွေက တစ်ရက် ရှစ်ချိန်ရှိတာ လေးချိန် သင်ရတယ်ဆိုရင် အခုတော့ တစ်ရက်ကို ခြောက်ချိန်လောက်တော့ တိုးရင် တိုးလာမှာပေါ့” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းသူကျောင်းသားတွေ ထားဖို့အတွက် ကျောင်းအုပ်ကြီးတွေကို မိမိတို့ကျောင်းအလိုက် ဆရာအင်အား၊ ကျောင်းသား အင်အား၊ စာသင်ခန်း အရေအတွက်၊ စာရေးခုံ၊ ထိုင်ခုံအရေအတွက်တွေကို တွက်ချက်ပြီး နှစ်သုတ်တက်ရန်၊ တန်းကြော အလိုက်တက်ရန် စသဖြင့် ပြင်ဆင်ထားဖို့ စီမံချက်တွေ ရေးဆွဲရန် ညွှန်ကြားထားတယ်လို့လည်း သိရတယ်။

“ မုန့်စားဆင်းချိန်မှာ ကလေးတွေကို ဘယ်လိုနေခိုင်းရမလဲ ဆိုတာတွေ။ ကျောင်းကနေ အိမ်ကို ပြန်တဲ့အချိန်မှာ ဘယ်လိုနေရမလဲ ဆိုတာတွေကို ညွှန်ကြားရမှာပေါ့။ နောက်ပြီး ဆရာဆရာမတွေကို ကျန်းမာရေး စစ်ဆေးတာတွေလုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းနေတာရှိတယ်။ ဒါတွေ အကုန်လုံး အဆင်သင့်ဖြစ်ပြီဆိုမှ ကျောင်းဖွင့်မှာ”  ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

 

မိဘတွေ စိုးရိမ်မှုတွေကရော ဘာတွေရှိနေလဲ

အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အချိန်မှာတော့ ကျောင်းသား မိဘတွေအကြားမှာ ဝေဖန်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိလာပါတယ်။

အငယ်တန်း ကျောင်းသူ ကျောင်းသားတွေရဲ့မိဘတွေက ပိုမိုစိုးရိမ်နေကြတာပါ။ ကျောင်းသား မိဘတွေကို မေးမြန်းရာမှာတော့ အများစုက COVID-19 ကူးစက်ရောဂါ ထိန်းချုပ်သွားနိုင်တဲ့ အချိန်မှသာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ လိုလားနေကြပါတယ်။ တချို့ကျောင်းသားမိဘတွေက ၎င်းတို့ ကလေးတွေကို တစ်နှစ် ကျောင်းနားစေချင်ကြသလို တချို့တော့ လအနည်းငယ် စောင့်စားနေကြမယ်လို့ ဆိုတယ်။

“ တစ်လလောက်ကတော့ စောင့်ကြည့်ရမှာပေါ့။ ဖွင့်ဖွင့်ချင်းကတော့ ဘယ်လိုမှ ကျောင်းထားဖို့ မဖြစ်နိုင်သေးဘူးလေ’ ဟု သာကေတမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဒေါ်ရွှေရည်က ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းတွေပြန်ဖွင့်ရင် ကလေးတွေအတွက် Mask တွေ၊ Face Shield တွေ ပေးမယ်လို့ ဆိုပေမဲ့ကလေးတွေ စနစ်တကျ မကိုင်တတ်မှာလည်း ၎င်းတို့က စိုးရိမ်နေတဲ့ အချက်တွေပဲ ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။

ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်ငယ်ငယ်က “ Mask တွေ ပေးတာက ပေးတာပဲလေ။ ကလေးတွေက ဒါတွေကို စနစ်တကျ ဘယ်လိုကိုင်တွယ်ကြမှာလဲ။ ဆရာမတွေက ခြောက်ပေကွာနေရမယ်ပြောပေမဲ့ ကလေးပီပီဆော့မယ် စကားပြောမယ်တွေ ရှိမယ်လေ။ အဓိက အဆိုးဆုံးကတော့ မုန့်စျေးတန်းပဲ။ အတန်းထဲမှာ ဘယ်နှပေကွာ နေခိုင်းခိုင်း သိတဲ့အတိုင်းပဲ မုန့်စျေးတန်းမှာ အုန်းအုန်းကြွက်ကြွက်ပဲ။ တစ်ကျောင်းလုံးမှာ တစ်ယောက်လောက် ကူးနေပြီ အကုန်လုံး ကူးမှာပဲ” လို့ ၎င်းရဲ့ စိုးရိမ်မှုကို ပြောပါတယ်။

ယခုစာသင်နှစ်အတွက် ၎င်းတို့ရဲ့နေအိမ်တွေမှာပဲ မိဘတွေ ကိုယ်တိုင် သင်ကြားရေးကို တာဝန်ယူပြီး Home-Schooling အဖြစ် တစ်နှစ်တာစာသင်နှစ်ကို ပြန်လည်ကုစားပြီး သင်ကြားပေးမယ့် အစီအစဉ်ကိုလည်း တချို့ကျောင်းသူ မိဘတွေက အရန်အစီအစဉ်အနေနဲ့ စီစဉ်နေကြပါတယ်။

“ အိမ်မှာပဲ စာသင်မယ်။ ကျွန်တော်တို့ကိုယ်တိုင် သင်ရိုးညွှန်းတမ်းတွေထဲကအတိုင်း အိမ်မှာ Home-School လေးလုပ်မယ်။ စာသင်နှစ်တစ်နှစ်အောက်ပြီး အိမ်မှာ ပြန်ကုစားသင်ထားတဲ့ သဘောပေ့ါ။ စိတ်မချရသေးတဲ့ ကာလမှာတော့ ကျောင်းကိုလွှတ်ဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး” လို့ ပဲခူးမြို့ အထက (၃) မှာ သူငယ်တန်းတက်မယ့် ကျောင်းသားတစ်ဦးရဲ့ ဖခင်ဖြစ်သူ ကိုမောင်ဝင်းက အခုလိုပြောပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာ ဇော်မျိုးလှိုင်က “COVID ကာလမှာ ကျောင်းတွေဖွင့်နိုင်အောင် ကျွန်တော်တို့ ကြိုးစားရလိမ့်မယ်။ အများစုကတော့ စိုးရိမ်ကြတာတွေရှိတယ်။ကျွန်တော်တို့က မစိုးရိမ်လို့ပြောနေတာ မဟုတ်ဘူး။ စိုးရိမ်တဲ့ မိဘတွေအတွက် Home School လေး လုပ်လို့ရတယ်။ ကျောင်းခေါ်ချိန် ပြည့်တာ မပြည့်တာတွေကိုတော့ ဒီနှစ်မှာ ခွင့်ပြုရမယ်။ မိဘကတော့ တာဝန်ခံရလိမ့်မယ်။ ကျောင်း မလွှတ်ရဲရင် မိဘကကျောင်းမှာလာပြီး တာဝန်ခံပြီးတော့ သူတို့အစီအစဉ်နဲ့ ဆက်သင်ထားပါ့မယ်။ အခြေအနေကောင်းသွားပြီဆိုမှ ကျောင်းကို ပြန်ပို့ပါ့မယ်ဆိုတဲ့ အစီအစဉ်ကိုလည်း လုပ်ထားရပါလိမ့်မယ်။ ကျောင်းပို့မယ့် မိဘတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဆရာ ဆရာမတွေနဲ့ ပူးပေါင်းချိတ်ဆက်ပြီးတော့ ကြိုးစားပြီး လုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်” လို့ အကြုံပြုထားပါတယ်။

စိုးရိမ်ပူပန်ပြီး ကျောင်းလွှတ်ရန် ဒွိဟဖြစ်နေကြတဲ့ မိဘများရှိသလို တချို့မိဘတွေဟာဆိုရင်တော့ ကလေးတွေ ပညာသင်နှစ် မနောက်ကျစေဖို့ ဇူလိုင်မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ရင် ကျောင်းအပ်ဖို့ ဆုံးဖြတ်ထားတဲ့ မိဘတွေလည်း ရှိနေကြပါတယ်။

 

ဆရာ ဆရာမတွေကရော ဘာတွေပြောနေကြလဲ

မူလတန်းနဲ့ အလယ်တန်း ကိုင်တွယ်သင်ယူရတဲ့ ဆရာ ဆရာမတွေကတော့ ကလေးတွေကို ဘယ်ပုံ ဘယ်နည်းနဲ့ ထိန်းသိမ်းရမယ်ဆိုတာကို တွေးပူနေကြပါတယ်။ ယခင်နှစ်များနဲ့ မတူတဲ့ စာသင်ခန်းတွေရဲ့ အနေအထားတွေနဲ့ သတိထားလိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်တွေကို ကျောင်းသားကျောင်းသူတွေ လိုက်နာနိုင်ပါ့မလားဆိုတဲ့အပေါ်မှာလည်း မေးခွန်းထုတ်နေကြတယ်။

“ ကလေးဆိုတာမျိုးက ထိန်းချုပ်လို့ မရဘူးလေ။ ကလေးတွေကို တုတ်ကိုင်ပြီး အရင်လို အမိန့်အတိုင်း လုပ်ရမယ်ဆိုရင် မဖြစ်နိုင်ပါဘူး” လို့ ခရမ်းမြို့နယ်မှာ တာဝန်ကျနေတဲ့ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

အလားတူ စာသင်ခန်းအတွင်း ရှိနေရမယ့် ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် တစ်ခုရှိလာစေဖို့အတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုတွေ ပြင်ဆင်လုပ်ဆောင်ထားလဲဆိုတဲ့ မေးခွန်းတွေလည်း ဆရာ ဆရာမတွေအကြား ရှိနေပါတယ်။

ကျောင်းတွေမှာ COVID-19 ကာကွယ်ရေးလုပ်ငန်းစဉ်တွေဖြစ် တဲ့ ပိုးသတ်ဆေးဖျန်းတာတွေ Mask တပ်ဆင်တာတွေလုံလောက်တဲ့ Mask တွေပေးဖို့ လက်ဆေးရာမှာ လိုအပ်တဲ့ ဆပ်ပြာတွေကိုပေးဖို့ အစိုးရအနေနဲ့ ဘယ်လောက်အထိိ ထောက်ပံ့မှုပေးနိုင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုပါက ကျန်းမာရေးအရ ပြည့်စုံလုံလောက်တဲ့ အကာအကွယ်ပေးမှုတွေ အထောက်အပံ့ရှိမှုတွေ လိုအပ်နေတယ်လို့ ဆရာ ဆရာမတွေက ထောက်ပြပြောဆိုနေကြပါတယ်။

“ ကျောင်းပြန်ဖွင့်တာကိုတော့ ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာ မရှိဘူး။ COVID ဖြစ်နေတဲ့အတွက်ကြောင့် အစိုးရက စာသင်ခန်းတွေမှာ သင်ကြားရတဲ့ ဆရာတွေရော ကလေးတွေရော အကုန်လုံးအတွက် အဆင်ပြေတဲ့ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်သလားပေါ့။ ကျောင်းသားတွေကျောင်းကို လာရင် Mask တွေကအစ ပိုးသတ်တဲ့ဖို့တွေကိုရော တာဝန်ယူပေးနိုင်မလားပေါ့။ အဝတ်စ Mask တွေကလည်း အဆင်မပြေနိုင်ဘူး။ Mask တွေကိုရော ကလေးတွေအတွက် နေ့တိုင်း ထောက်ပံ့ပေးနိုင်မလား ဆိုတာတွေလည်း ကြည့်ရဦးမယ်။ ဆရာတွေကလည်း Silence Carrier တွေ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ကျောင်းသားတွေကြားထဲမှာလည်း မပါလာနိုင်ဘူး ပြောလို့မရဘူး။ ကျန်းမာရေးအရ ပြည့်စုံလုံလောက်တဲ့ အကာအကွယ်ပေးမှု ဖြစ်ဖို့လိုတယ်” လို့ ခရမ်းမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ အတွင်းရေးမှူး မူလတန်းပြ ကိုနောင်ချိုက အခုလိုပြောပါတယ်။

အထက်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်လှလှမိုးက ဆရာ၊ ဆရာမတွေ မေးခွန်းထုတ်နေကြတာကတော့ Mask တွေ ဝေမယ် စာသင်ခန်းမှာ ကျောင်းသူဦးရေ လျော့ချမယ်ဆိုတာ လုပ်ရုံနဲ့ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလားဆိုတဲ့ အချက်တွေပါပဲလို့ ပြောပါတယ်။

“ ကျွန်မတို့က ဝန်ထမ်းတွေဆိုတော့ ဖွင့်မယ်ဆိုသင်ရမယ်။ မဖွင့်ဘူးဆိုရင်လည်း မသင်ရဘူးပေါ့။ ဒါပေမဲ့ ဒီအခြေအနေကြီးမှာ ဖွင့်မယ်ဆိုဖြစ်လာမယ့် အကျိုးဆက်ကို နိုင်ငံတော်က ဘယ်လိုတာဝန်ယူမလဲ ဆိုတာကိုတော့ သိချင်မိတယ်” လို့ ခရမ်းမြို့နယ်မှာ တာဝန်ကျနေတဲ့ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။

စာသင်ခန်းလုံလောက်မှု မရှိတဲ့ ဒေသတွေက ဆရာ ဆရာမတွေကတော့ ကျောင်းတွေပြန်ဖွင့်တဲ့ အခါမှာ Social Distancing ကို ကျင့်သုံးဖို့အတွက် စာသင်ခန်းတွေ များများဆောက်လုပ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကျောင်းစာသင်ခန်းမ လုံလောက်တာတွေကြောင့် တန်းလျားသဏ္ဍာန်ယာယီ အဆောက်အအုံတွေ ဆောက်လုပ်ပြီးတော့ စာသင်နေကြရပါတယ်။ အချို့သောနေရာတွေမှာ ကျောင်းဆောင်သစ် ဆောက်လုပ်နေရတဲ့အတွက် ကိုယ်ထူကိုယ်ထ ၀ါး၊ ဓနိ၊ မိုး၊ ဓနိကာ ယာယီဆောက်လုပ်ပြီးတော့ စာသင်ကြားနေကြရပါတယ်။ စာသင်ခန်းလုံလောက်မှု မရှိတာကြောင့် နယ်မှာရှိတဲ့ကျောင်းတွေ တော်တော်များများရဲ့စာသင်ခန်း တစ်ခန်းအတွင်းမှာ ကျောင်းသား ဦးရေ ၄ဝအထက် စုပြုံကာ စာသင်ကြားနေကြရတယ်လို့ နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတွေက မှတ်ချက်ပြုကြပါတယ်။

အခုလိုစာသင်ခန်း မလုံလောက်မှုပြဿနာတွေကြားက ဇူလိုင်လ ကျောင်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်အတိုင်း COVID-19 ကို ကာကွယ်ဖို့အတွက် Social Distancing ကို လိုက်နာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ဝေဖန်ကြပါတယ်။ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ ဆုံးဖြတ်ထားရင် စာသင်ခန်းတွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ဝင်မလာစေဖို့အတွက် ကျောင်းဆောင်တွေ များများဆောက်လုပ်ထားမှသာ Social Distancing ကို တိကျစွာ အသုံးပြုပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကို အံတုနိုင်မယ်လို့ ဆရာ ဆရာမအများစုက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းသူကျောင်းသား ၉ ဒသမ ၇ သန်းနီးပါးရှိပြီး ဆရာ ဆရာမဦးရေ လေးသိန်းဝန်းကျင် ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုတွေမှာ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ပေးဆပ်လိုက်ရတဲ့ဘဝတွေဟာ အဆမတန် များပြားလွန်းနေတယ်ဆိုတာကို နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ သတိပြုစေချင်ပါတယ်။

အိမ်ကျဉ်းလေးထဲမှာ မိသားစုတွေ ပြွတ်သိပ်ပြီးနေတဲ့ ကလေးတစ်ကို အိမ်သားတစ်ဦးစီက ဗိုင်းရပ်စ်ကူးစက်ထားရင် အဲဒီကလေးက အစပြုပြီး ထိုကလေးတက်ရောက်နေတဲ့ အတန်း၊ အတန်းမှ တစ်ဆင့် လူရာချီတဲ့ စာသင်ကျောင်း၊ စာသင်ကျောင်းမှ ကလေးတွေကတစ်ဆင့် ၎င်းတို့ရဲ့ မိသားစု၊ မိသားစုမှတစ်ဆင့် ပတ်ဝန်းကျင်ကို ဗိုင်းရပ်စ်ပျံနှံသွားမည့် အရေးကိုလည်း ထည့်သွင်းစဉ်းစားပြီး အစီအမံကောင်းတွေ ချထားပေးဖို့လည်း လိုအပ်နေပါတယ်။

ပညာရေး နှောင့်နှေးမှုမဖြစ်စေဖို့အတွက် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ဆုံးဖြတ်ထားရင်လည်း ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေရဲ့ ဘေးကင်းလုံခြုံရေးအစီအမံများကို နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ အထူးအလေးပေးစဉ်းစား လုပ်ဆောင်ပေးရမှာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ပြင်ဆင်ချိန် တစ်လကျော်ခန့်သာ ရှိပါတော့တယ်။ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကျောင်းစာသင်ခန်းအတွင်း ဝင်မလာစေဖို့ကာကွယ်ရန်အတွက် တစ်လဆိုတာဟာ လုံလောက်တဲ့ အချိန်ကာလတစ်ခုမဟုတ်ဘူးလို့ အများပြည်သူတွေက ထောက်ပြပြောဆိုနေကြပါတယ်။

‘နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ’ ။ ‘အပြင်သွားရင် Mask တပ်ပါ’ ။ ‘တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာနေပါ’ ။ ‘လူငါးဦးအထက် မစုဝေးပါနှင့်’ ဆိုတဲ့ ကျန်းမာရေးညွှန်ကြားချက် ဆောင်ပုဒ်တွေအတိုင်း ကျောင်းစာသင်ခန်းတွေမှာ နေကြရမယ့် ကလေးတွေကို ဆရာ ဆရာမတွေအနေနဲ့ ဘယ်လိုထိန်းကျောင်းရမလဲ ဆိုတာဟာလည်း ဆရာ ဆရာမတွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ မကြာမီကာလမှာ မိဘ ဆရာ ကျောင်းသားတွေဟာ COVID ကာလ ကျောင်းဖွင့်ရက်တွေကို ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ပညာရေးနှောင့်နှေးမှုများ ရပ်တန့်ရန် စာသင်ကျောင်းတွေ မဖြစ်မနေဖွင့်မယ်ဆိုပါက ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေအတွက် ဘေးကင်းလုံခြုံတဲ့ စာသင်ခန်းတွေထဲမှာ ယုံကြည်စိတ်ချစွာ ပညာသင်ကြား သင်ယူခွင့်ရဖို့ ဘယ်လောက်အထိ အာမခံချက်ပေးနိုင်မလဲဆိုတာနဲ့ ဘေးကင်းလုံခြုံတဲ့ ပညာရေးရပ်ဝန်း ဖြစ်ပေါ်လာဖို့ ဘယ်လိုတွေပြင်ဆင်ထားသလဲ ဆိုတာကို နိုင်ငံတော်အကြီးအကဲတွေကို ဒီနေရာကနေ မေးခွန်းထုတ်ချင်ပါတယ်။

Most Read

Most Recent