လပွတ္တာမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ခါချဉ်ကွင်း ကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်နှင့် ပရဟိတ အဖွဲ့များ ပူးပေါင်းကာ သောက်သုံးရေ သွားရောက်လှူဒါန်း

လပွတ္တာမြို့နယ်အတွင်း သောက်သုံးရေ ရှားပါးပြတ်လပ်နေသည့် ခါချဉ်ကွင်း ကျေးရွာသို့ Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှု အစီအစဉ်နှင့် ပရဟိတ အဖွဲ့များ ပူးပေါင်းကာ သောက်သုံးရေ သွားရောက်လှူဒါန်း
Published 13 May 2020
မင်းသူဝင်းထွဋ်

Eleven Media Group နှင့် စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် မိတ်ဖက်ပရဟိတအဖွဲ့များထံ သောက်သုံးရေရှားပါးပြတ်လပ်နေကြောင်း လာရောက်အကူညီတောင်းခံခဲ့သည့် လပွတ္တာမြို့နယ် အမတ်ကျေးရွာအုပ်စု ခါချဉ်ကွင်းကျေးရွာသို့ မေလ ၁၃ ရက်က စက်လှေများဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

လပွတ္တာမြို့ပေါ်တွင် အနည်းငယ်ကျန်ရှိနေသေးသော မိုးရေလှောင်ကန်များမှ သောက်သုံးရေများကို မော်တော်ယာဉ်များဖြင့် သယ်ယူပြီးနောက် စက်လှေများဖြင့် တဆင့် ထပ်မံသယ်ယူကာ ကန်ရေများလုံးဝခမ်းခြောက်နေပြီး သောက်သုံးရေမရှိတော့သည့် ခါချဉ်ကွင်းကျေးရွာသို့ Eleven Media Group နှင့်စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်နှင့် လပွတ္တာမြို့ပေါ်ရှိ မိတ်ဖက် ပရဟိတအဖွဲ့များဖြစ်သော ကရုဏာမျက်ဝန်းပရဟိတအဖွဲ့၊ နှလုံးသားလှလူငယ်များ ပရဟိတအဖွဲ့တို့နှင့် ပူးပေါင်းကာ အလှူရှင်ဖြစ်သည့် မညိုဇင်လှိုင်မြင့်၏ ပံ့ပိုးကူညီမှုဖြင့် သောက်သုံးရေဂါလံပေါင်း ၄ဝဝဝကို သွားရောက်လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။

“ဦးဇင်းတို့ဆီကို လုံးဝသောက်ဖို့ ရေမရှိတော့ဘူးဆိုပြီး လာအကူညီတောင်းတယ်၊ လပွတ္တာမြို့ပေါ်မှာလဲ သောက်ရေက ကောင်းကောင်းမရတော့ဘူးလေ မိုးရေလှောင်ကန်တွေက သိပ်မကျန်တော့ဘူး၊ အဲ့ကန်တွေကပဲ ရေကိုယူပြီးတော့ စက်လှေတွေနဲ့ သွားပို့ဆောင်လှူဒါန်းပေးရပါတယ်၊ သူတို့ဆီမှာ ရေကတော်တော်ဆိုးတယ် တစ်အိမ်ထောင်ကို နွံ့ပုတ်ရေ နှစ်ဂါလံလောက်ရဖို့အရေး သုံးရက်လောက် အကြည်ခံတာတောင် အဆင်မပြေဘူး သောက်မရဘူး၊ မိုးကအခုထိ မလာသေးတော့ အကူညီတောင်းတာတွေက အရမ်းများလာနေတယ် ဦးဇင်းတို့လဲ နိုင်သလောက်တော့ နေ့တိုင်းပို့ဆောင်ပေးနေပါတယ်”ဟု Eleven Media Group နှင့်စေတနာရှင်အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်အား ဦးဆောင်သွားရောက်လှူဒါန်းပေးသူ ဆရာတော် ရှင်ပညာလောကမှ မိန့်ကြားသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ လပွတ္တာမြို့နယ်တွင် ကုန်းကြီးကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ ရွေးစုစည်းကျေးရွာ၊ ကံဆိပ်ကျေးရွာ၊ စလူဆိပ်ကျေးရွာ၊ ပြင်ကနုကုန်းကျေးရွာ ငပုတောမြို့နယ်တွင်၊ မကျီးချိုင်ကျေးရွာ၊ ကုန်းသာယာကျေးရွာ၊ ဘိုကလေးမြို့နယ်တွင် ချောင်းဗြဲကြီးကျေးရွာ၊ သမစိတ္တကျေးရွာ၊ ခြောက်ဂငယ်ကျေးရွာ၊ လိပ်သောင်ရေကျော်ကျေးရွာ၊ လမုအုပ်ကလေးကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လမုတပင်ကျေးရွာ၊ သစ်နီဇွဲကျေးရွာ၊ ကန်စုကျေးရွာ၊ ငပုတောမြို့နယ်တွင် ဘီလူးချောင်း ကျေးရွာတို့တွင် မြေသားနှင့် ကျောက်သားရေလှောင်ကန်များ တူးဖော်လှူဒါန်းပေးထားခဲ့ပြီး သာပေါင်းမြို့နယ်တွင် မြတောင်ညိုဒေသတွင် စက်ရေတွင်း တစ်တွင်းအား တူးဖော်လှူဒါန်းပေးထား နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင်လဲ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းပေးနေမှုသာ မကဘဲ ကံဆိပ်ကျေးရွာနှင့် ကန့်ဘလာကျေးရွာတို့တွင် ကျေးရွာအတွင်း နေအိမ်များအရောက် ရေပိုက်များသွယ်ယူပေးကာ သောက်သုံးရေဖြန့်ဖြူးပေးခြင်းများကိုပါ လှူဒါန်းပေးထားကြောင်း သိရသည်။

 

 

 

Most Read

Most Recent