သီရိလင်္ကာနိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၁၇၅ ပါး/ဦးအား မေ ၁၆ ရက်တွင် ပြန်လည်ပင့်ဆောင်ခေါ်ယူရန် စီစဉ်

သီရိလင်္ကာနိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၁၇၅ ပါး/ဦးအား မေ ၁၆ ရက်တွင် ပြန်လည်ပင့်ဆောင်ခေါ်ယူရန် စီစဉ်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် Quatantine ထားရှိရန် လျာထားသော ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဌာနပိုင် အဆောက်အအုံများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တွေ့ရစဉ်
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် Quatantine ထားရှိရန် လျာထားသော ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဌာနပိုင် အဆောက်အအုံများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို တွေ့ရစဉ်
Published 13 May 2020
ဆန်းထူးအောင်

သီရိလင်္ကာနိုင်ငံမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၁၇၅ပါး/ဦးအား မေ ၁၆ ရက်တွင် ပြန်လည်ပင့်ဆောင် ခေါ်ယူရန် စီစဉ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ရေးအတွက် Quarantine ထားရှိရန် လျာထားသော ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဌာနပိုင် အဆောက်အအုံများနှင့် စပ်လျဉ်း၍ Video Conferencing စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) လောကနတ်ခန်းမ၌ ကျင်းပရာ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ပြန့်ပွားလျက် ရှိသောကြောင့် နိုင်ငံအားလုံးတွင် ရောဂါအန္တရာယ် ကြီးမားစွာ ခံစားနေရပြီး ကမ္ဘာ့နိုင်ငံ အများစုတွင် Lockdown အစီအစဉ်ကို ချမှတ်တင်းကျပ် ထားသောကြောင့် လုပ်ငန်းအသီးသီး၏ ယန္တရားများ အတိုင်းအတာ ကြီးမားစွာ ရပ်ဆိုင်းသွားခဲ့ပါကြောင်း၊ ပြည်ပနိုင်ငံများသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်များဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အချို့မှာ ဆက်လက်ရပ်တည်ရန် ခက်ခဲလာသောကြောင့် ၎င်းတို့၏ဆန္ဒအရ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူပေးလျက်ရှိရာ အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိက အစီအစဉ်ဖြင့် ပညာသင်ကြားနေကြသော ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၂၅၈ ပါး/ဦးတို့ကို ဧပြီ ၂၂  ရက်တွင် လည်းကောင်း၊ ကိုရီးယားနိုင်ငံရောက် ရဟန်း/လူပုဂ္ဂိုလ် ၉၆ ပါး/ဦး (ရဟန်းတစ်ပါးအပါ) ကို ဧပြီ ၃၀ ရက်တွင်လည်းကောင်း လေကြောင်းခရီးဖြင့် ပြန်လည် ပင့်ဆောင် ခေါ်ယူနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

အလားတူ သီရိလင်္ကာနိုင်ငံတို့မှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ် ၁၇၅ ပါး/ဦး (မော်လဒိုက်မှ လူပုဂ္ဂိုလ် ၁၄ ဦး အပါအဝင်) တို့ကို မေ ၁၆ ရက်တွင် ပြန်လည်ပင့်ဆောင် ခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်များက လည်းကောင်း၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး) မှ သင်ကြားစီမံ ဆရာတော်များက လည်းကောင်း၊ စာသင်တိုက်များရှိ နာယကဆရာတော်များ ကလည်းကောင်း၊ COVID-19 ကပ်ရောဂါ ကင်းဝေးစေရန် ရတနသုတ်၊ မေတ္တာသုတ်၊ ပဋ္ဌာန်းဒေသနာတော်များကို သတ်မှတ်အချိန်များတွင် ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဧပြီ ၁ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၀ ပါးတို့က ဝေဟင်မှ လေယာဉ်ဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံအောင် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ မေတ္တာ ပို့သခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာကြသူများအတွက် Community Based Facility Quarantine စခန်းအဖြစ် အသုံးပြုနိုင်သော ဘာသာရေး အဆောက်အအုံများ၊ ရုံးဌာန အဆောက်အအုံများ၊ တက္ကသိုလ် ကျောင်းဆောင်များကို ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် Community Based Facility Quarantine ထားရှိနိုင်မည့် ဘာသာရေး အဆောက်အအုံ အရေအတွက်မှာ စုစုပေါင်း ၁၉၁ နေရာ ဖြစ်ပါကြောင်း၊ အဆိုပါ နေရာများတွင် Quarantine ထားရှိနိုင်သော လျာထားဦးရေမှာ ၉၁၇၈ ဦးခန့်ဖြစ်ပြီး လက်ရှိစခန်း ဝင်ရောက်နေသည့် အရေအတွက်မှာ ၁၄၀၄ ပါး/ဦး ဖြစ်ပါကြောင်း၊ အဆိုပါ စခန်းများတွင် အခြေခံ လိုအပ်ချက်ဖြစ်သည့် အိပ်ရာ၊ နေရာ၊ ရေ၊ မီး၊ မိလ္လာတို့ကို စီစဉ်ပေးလျက်ရှိပြီး စားသောက်‌ရေး လိုအပ်ချက်ကို ဘာသာရေး/လူမှုရေး အဖွဲ့အစည်းများမှ တစ်ဆင့် အလှူရှင် မေတ္တာရပ်ခံ၍ အဆင်ပြေအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ကလည်း တိုင်းဒေသကြီး/ပြည်နယ်များရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းကွမ်း ကိစ္စ အဆင်ပြေ စေရန်အတွက် ကျောင်းပေါင်း ၆၀၂၄ ကျောင်းနှင့် သံဃာ ၃၄၉၄၄ ပါးတို့အတွက် ဆွမ်းစရိတ်ငွေကျပ် ၃၅၅၄၅၀၀၀၀ ကို တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများက သက်ဆိုင်ရာ ဆရာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent