မြဝတီမြို့တွင် BGF တပ်ဖွဲ့ ဗိုလ်မှူးဟောင်းတစ်ဦး နေအိမ်အား ကားစီးလာသည့် သေနတ်သမားများက ချောင်းမြောင်း ပစ်ခတ်

မြဝတီမြို့တွင် BGF တပ်ဖွဲ့ ဗိုလ်မှူးဟောင်းတစ်ဦး နေအိမ်အား ကားစီးလာသည့် သေနတ်သမားများက ချောင်းမြောင်း ပစ်ခတ်
Published 13 May 2020
ကိုရွှေသိန်း (မြဝတီ)

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းနှင့် အနန္တဂုဏ်ရည်လမ်းထောင့်၊ မင်းပဒုမ္မာဝင်းရှိ BGF တပ်ဖွဲ့ ဗိုလ်မှူးဟောင်းတစ်ဦး၏ နေအိမ်အား ကားစီးလာသည့် သေနတ်သမားများ ချောင်းမြောင်း ပစ်ခတ်သည့် ဖြစ်ရပ် မေလ ၁၂ ရက်ည ၉ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၄)ရပ်ကွက်၊ အာရှလမ်းနှင့် အနန္တဂုဏ်ရည်လမ်းထောင့်၊ မင်းပဒုမ္မာဝင်း ဦးစောတင်မြင့် (၆၂) နှစ် (ဘ) ဦးမွန်ရှင်း၏ နေအိမ်ခြံဘေးသို့ Double Cap ယာဉ်တစ်စီး (စိစစ်ဆဲ) ရောက်ရှိလာပြီး ကားပေါ်မှ ဆင်းလာသည့် လူတစ်ဦးက ၉.မမ  ပစ္စတိုသေနတ်ဖြင့် ၂ ချက်ပစ်ပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

“ပစ်ပြီးတော့ ကားပေါ်တက် ထွက်သွားတာ၊ မြို့ပြင်ဘက်ခေါင်းလှည့်ပြီး ကျွန်တော် ထွက်လာမလား စောင့်နေတယ်၊ အရှည်ပါရင်လည်း ပါမှာပေါ့၊ ကျွန်တော် အပြင်ဘယ်ထွက်မလဲ၊ အရူးမှ မဟုတ်တာ၊ ကျွန်တော့် အိမ်ထဲဝင်လာ၊ တံခါးချက်ချင်းဖွင့်ပေးတယ်၊ ကျွန်တော့်မှာ ဓားပဲရှိတယ်ဆိုတော့ လိုက်လို့မှမရတာ၊ ကျွန်တော်မီးပါ ပြန်ဖွင့်ပေးတယ်။ လူအားလုံး ၈ ယောက်လောက်ရှိတယ်၊ ပြဿနာ ဖြစ်လာရင်တော့ ရင်ဆိုင်ရမှာပေါ့” ဟု ပစ်ခတ်ခံခဲ့ရသူ စောတင်မြင့်က ပြောကြားသည်။

အဆိုပါ နေအိမ်တွင် ဦးစောတင်မြင့်နှင့် အတူရှိနေသည့် ယောက္ဖဖြစ်သူ ကိုဘတိုက “သူတို့က မြို့ထဲဘက်ကလာတာ။ ကားကနောက်ဖွင့်ကား၊ တစ်ချက်ပစ်သံကြားတော့ ထကြည့်တယ်။ ကျွန်တော်က အိမ်ထဲမှာ၊ နောက်တစ်ခေါက်ပစ်တော့ ခေါင်းငုံ့နေလိုက်တယ်။ ကားပေါ်မှာတော့ လူဆယ်ဦးခန့် ရှိမယ်ထင်တယ်။ အရပ်ဝတ်နဲ့ပါပဲ။ မြို့ထဲဘက်ကလာပြီး မြို့ထဲဘက်ကို ပြန်မောင်းသွားတာ တွေ့ရပါတယ်” ဟုဆိုသည်။

BGF ဗိုလ်မှူးဟောင်းတစ်ဦး၏ နေအိမ်တွင် ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ် လုပ်ကြံခြင်း ခံရခြင်းဖြစ်ပြီး၊ ယခင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခွဲ ခန့်ကလည်း မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယခင် BGF တပ်ဖွဲ ့၏ ဗိုလ်မှူးဟောင်း တစ်ဦးဖြစ်သူ ဦးစောတင်မြင့်၏ နေအိမ်တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၇ နာရီ ခွဲအချိန်ခန့်က မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကာ ဦးစောတင်မြင့်နှင့် နောက်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မိုင်းပေါက်ကွဲစဉ်ကလည်း အိမ်ရှင်ဖြစ်သူ BGF ဗိုလ်မှူးဟောင်း စောတင်မြင့်သည် အိမ်ရှေ့တွင် တွေ့ရသော အထုပ်ကိုကိုင်ပြီး လွှင့်ပစ်ရာမှ ပထမတစ်လုံး ပေါက်ကွဲပြီးနောက် စက္ကန့်ပိုင်း အကြာတွင် နောက်တစ်လုံး ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့သည်။

အာရှလမ်းမကြီးဘေးရှိ မင်းပဒုံမာဝင်း နေအိမ်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းအရ မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊ တပ်မတော် ရှေ့တန်ရုံးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။