COVID-19 ရောဂါဖြစ်ပွားစဉ် ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

COVID-19 ရောဂါဖြစ်ပွားစဉ် ကာလအတွင်း အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
 အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း တစ်နေရာကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
အောင်မင်္ဂလာအဝေးပြေး ကားဝင်းအတွင်း တစ်နေရာကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 12 May 2020
အိသဥ္ဇာကျော်

COVID-19 ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အများပြည်သူသုံးယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

အများပြည်သူသုံး ယာဉ်ကြီး၊ ယာဉ်ငယ်နှင့် အဝေးပြေးဂိတ်များတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအနက် အထွေထွေလိုက်နာရမည့်အချက်များမှာ ယာဉ်လိုင်းပိုင်ရှင်၊ ယာဉ်ဝန်ထမ်း၊ ခရီးသွားပြည်သူ မည်သူမဆို ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အားအင်ကုန်ခမ်းခြင်း စသည့် သံသယဖြစ်ဖွယ်လက္ခဏာများ ခံစားနေရခြင်း၊ ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများဖြင့် ဆေးကုသမှုခံယူနေရသူများ( ဥပမာ- Immuno suppressive drugs သောက်သုံးနေရခြင်း သို့မဟုတ် ကင်ဆာရောဂါ ကုထုံးများခံယူနေရခြင်း)၊ COVId- 19 ဓာတ်ခွဲအတည်ပြုလူနာနှင့် လွန်ခဲ့သော ၁၄ ရက် အတွင်း ထိတွေ့မှုရှိခဲ့ခြင်း၊ တစ်အိမ်တည်း အတူနေ တစ်ဦးဦးကို COVID- 19 ရောဂါ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရခြင်း သို့မဟုတ် အသွားအလာကန့်သတ်ခံရခြင်း၊ အချိန်တိုင်းတွင် ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေ သေချာတပ်ဆင်၍ အသုံးပြုရန်၊ ရုတ်တရက် နှာချေ၊ ချောင်းဆိုးပါက လက်မောင်း၊ တံတောင်ကွေးတို့ဖြင့် ဖုံးအုပ်၍ ဆိုးရန်၊ ဆပ်ပြာနှင့်ရေကို အသုံးပြု၍ လက်ကို စက္ကန့် ၂၀ ကြာအောင် မကြာခဏစနစ်တ ကျဆေးကြောရန် သို့မဟုတ် အနည်းဆုံး Alcohol 60% ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုရန်၊ အထူးသဖြင့် (အစာစားခြင်း ၊ ရေသောက်ခြင်းမပြုမီ၊ ငွေ၊ ယာဉ်အတွင်းရှိ တန်းများ၊ လက်ကိုင်ကွင်းများ၊ ခါးပတ်များ စသည်တို့ကို ကိုင်တွယ်ထိတွေ့ပြီး သည့်အခါတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း၊ အပြင်မှ ပြန်လာသည့်အခါတိုင်း) လက်ဆေးရန်၊ အပြင်မှ မိမိနေအိမ်သို့ ပြန်ရောက်သည်နှင့် အဝတ်အစားများကို  ချက်ချင်းလဲလှယ်ရမည်ဖြစ်ပြီး အဆိုပါအဝတ်များကို ဆပ်ပြာဖြင့် မိနစ် ၃၀ စိမ်၍ ချက်ချင်းလျှော်ဖွပ်ရန်နှင့် အပြင်မှ ပြန်ရောက်သည့်အခါတိုင်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးပေး၍ ရေချိုး၊ ကိုယ်လက်သန့်စင်ခြင်းကို ဆောင်ရွက်ရန်၊ အဝတ်အစား မလဲမီနှင့် ကိုယ်လက်သန့်စင်ခြင်း မပြုမီ အိမ်သားများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် စသည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။

ခရီးသွားပြည်သူများအနေဖြင့် အထွေထွေလိုက်နာရမည့် အချက်များအပြင် အချက် ခုနစ်ချက်ကိုလည်း ထပ်ဆောင်းလိုက်နာရန် အသိပေးထားပြီး ယင်းအချက်များမှာ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်နေထိုင်ရန်၊ ဝန်ထမ်းအများစု အလုပ်တက်/ ဆင်း အများဆုံး ပြုလုပ်သည့်အချိန်ဖြစ်သော မနက်စောစောပိုင်း (နံနက် ၈ နာရီမှ ၁၀ နာရီ ကြား) နှင့် ညနေပိုင်း ( ညနေ ၄ နာရီမှ ၆ နာရီကြား) အချိန်ကို တတ်နိုင်သမျှရှောင်၍ သွားလာသင့်ကြောင်း၊ ကားမှတ်တိုင်တွင် စောင့်ဆိုင်းသည့်အချိန်တွင်လည်း တစ်ဦးနှင့်တစ်ဦး အနည်းဆုံးခြောက်ပေခန့်ခွာ၍ တတ်နိုင်သမျှ  စုပြုံစောင့်ဆိုင်းခြင်းမပြုရန်၊ ယာဉ်ပေါ်သို့ မတက်မီနှင့် ယာဉ်ပေါ်မှ ဆင်းသည့်အချိန်တိုင်းတွင် လက်ဆေးနိုင်ရန်အနည်းဆုံး Alcohol 690% ပါဝင်သော လက်သန့်စင်ဆေးရည်ကို မိမိနှင့်အတူ တစ်ပါတည်းဆောင်ထားသင့်ကြောင်း၊ မိမိတို့ စွန့်ပစ်ရမည့်အမှိုက်များ (ဥပမာ- တစ်ရှူးများ၊ ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ရေသန့်ဘူးခွံ) များကို ကားပေါ်တွင် စွန့်ပစ်ခြင်း၊ ချန်ထားခဲ့ခြင်းများမပြုလုပ်ဘဲ မိမိတို့နှင့်အတူ ယူဆောင်သွားပြီး အဖုံးပါသော အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ရန်၊ ထိုင်ခုံများသည် ရှေ့နောက်ဖြစ်လျှင် ရှေ့နောက် တစ်တန်းတည်းမထိုင်ရန် (ဥပမာ-ရှေ့ခုံတွင်ထိုင်သူသည် ထိုင်ခုံ၏ညာ အစွန်တွင် ထိုင်လျှင် နောက်ခုံတွင် ထိုင်သူသည် ထိုင်ခုံ၏ ဘယ်အစွန်၌ ထိုင်ရမည်)၊ ရထားနှင့် ကားပေါ်ရှိ ထိုင်ခုံများသည် မျက်နှာချင်းဆိုင် နှစ်ယောက်ထိုင်ခုံများဖြစ်ပါက နှစ်ယောက်မထိုင်ဘဲ တစ်ယောက်ချင်းစီသာ ညာအစွန်တွင် ကပ်၍ထိုင်ပါ သို့မဟုတ် ထိုင်ခုံ၏ ဘယ်အစွန်၊ ညာအစွန်တွင် ကပ်၍ထိုင်ပါ။ မျက်နှာချင်းဆိုင် အများထိုင် ခုံတန်းရှည်များ ဖြစ်ပါက ပူးကပ်၍ မထိုင်ဘဲ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာထိုင်ရန်နှင့် တစ်ဖက်ခုံတန်းတွင် ထိုင်သူနှင့် မျက်နှာချင်းဆိုင်တည့်တည့် မဖြစ်စေရန် ဂရုပြုရန် စသည့်အချက်များကို ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ယာဉ်ဝန်ထမ်းများ၊ Taxi ယာဉ်မောင်းများ၊ ယာဉ်လိုင်းပိုင်ရှင်များ၊ အဝေးပြေးယာဉ်ဂိတ်များ၊ ယာဉ်ရပ်နားစခန်းများ၊ အများသုံးယာဉ်များကို ပိုးသတ်သန့်စင်ခြင်း၊ ပိုးသတ်သန့်စင်ဆေးရည် ဖျော်စပ်ခြင်းဆိုင်ရာ အချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲက အသိပေး နှိုးဆော်ထားပြီးဖြစ်သည်။     

 

Most Read

Most Recent