မန္တလေးမြို့တော်စည်ပင်မှ တတိယအကြိမ်မြောက်ရောင်းချရာတွင် ဝယ်ယူခွင့်ရရှိထားသည့် တန်ဖိုးမျှတတိုက်ခန်းများအတွက် စပေါ်ငွေ ပေးသွင်းမှုကို ပြန်လည်လက်ခံပြီး အခန်းနေရာများ မဲနှိုက်ချထားပေးမည်

မန္တလေးမြို့တော်စည်ပင်မှ တတိယအကြိမ်မြောက်ရောင်းချရာတွင် ဝယ်ယူခွင့်ရရှိထားသည့် တန်ဖိုးမျှတတိုက်ခန်းများအတွက် စပေါ်ငွေ ပေးသွင်းမှုကို ပြန်လည်လက်ခံပြီး အခန်းနေရာများ မဲနှိုက်ချထားပေးမည်
Published 12 May 2020
လဲ့လဲ့အောင်

မန္တလေး မြရည်နန္ဒာရပ်ကွက်တွင် စည်ပင်သာယာရေး ကော်မတီမှတာဝန်ယူ ဆောင်ရွက်ဆောက်လုပ်ထားသည့် မြရည်နန္ဒာတန် ဖိုးမျှတအိမ်ရာတိုက်ခန်းများကို ယခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် ရောင်းချပေးခဲ့ရာ ဝယ်ယူခွင့်အား မဲနှိုက်ချထားပေးခြင်းကို မတ်လဆန်းကဆောင်ရွက်ခဲ့ပြီး COVID-19 ကူးစက်မှုမဖြစ်ပွားရန်အတွက် စပေါ်ငွေ လက်ခံနေစဉ် လုပ်ငန်းရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရပ်ဆိုင်းခဲ့သည် စပေါ်ငွေ လက်ခံခြင်းအား မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ ရောဂါကာကွယ်ရေးလိုအပ်သည့် သတ်မှတ်ချက်များဖြင့်အညီ လူစုလူဝေး မဖြစ်ရန် ထိန်းသိမ်းကာ ပြန်လည်လက်ခံ  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

မဲနှိုက်ချထားမှုအရ ဝယ်ယူခွင့်ရရှိခဲ့သူများအနေဖြင့် စပေါ်ငွေကျပ် သိန်း ၂၀ ပေး သွင်းရမည်ဖြစ်ကာ စပေါ်ငွေပေးသွင်းသူများအား အခန်းနေရာ မဲနှိုက်ချထားပေးခြင်း ဆောက်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စပေါ်ငွေပေးသွင်းရန်ကျန်ရှိသူများ စပေါ်ငွေလက်ခံခြင်းအား မန္တလေးမြို့တော် ခန်းမတွင် မေ ၁၃ ရက်မှ ၂၅ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“တိုက်ခန်း စပေါ်ငွေ ပေးသွင်းပြီးသူ ၁၉၈ ဦးရှိပါတယ်။ ကျန်တဲ့ ၃၈၈ ဦးအတွက် စပေါ်ငွေ လက်ခံခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရတနာပုံဘဏ်က မြို့တော်ခန်းမမှာ မေ ၁၃ ကနေ ၂၅ ရက် အတွင်း လက်ခံပေးသွားမှာပါ။ စပေါ်ငွေ ကျပ်သိန်း ၂၀ ပေးသွင်းပြီးသူတွေကို ဇွန်လဆန်းမှာ တိုက်ခန်းနေရာကို မဲစနစ်နဲ့ချထားပေးမှာပါ” ဟု မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆိုသည်။

တိုက်ခန်းနေရာအတွက် မဲနှိုက်ချထားပေးခြင်းအား ရောင်းချခဲ့သည့် နိုင်ငံဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားနှင့် အများပြည်သူစသည့် အမျိုးအစားများအတိုင်း ဇွန် ၁ ရက်မှ ဇွန် ၄ ရက်အထိ ရက်အလိုက် မဲနှိုက်ချထားပေးမည်ဖြစ်ကာ လူစုလူဝေးမဖြစ်ရန် လူပိုခေါ်ဆောင်ခြင်းမပြုရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။                      

 

Most Read

Most Recent