Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ကန်ရေခန်းခြောက်ပြီး သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာသို့ ရေလှူဒါန်း

Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ကန်ရေခန်းခြောက်ပြီး သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာသို့ ရေလှူဒါန်း
  Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာတွင် ရေလှူဒါန်းနေစဉ်
Eleven Media Group နှင့် စေတနာရှင်များပူးပေါင်း၍ ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာတွင် ရေလှူဒါန်းနေစဉ်
Published 12 May 2020
   သက်ထိန်ဝင်း

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ သောက်သုံးရေ လိုအပ်နေသည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာသို့ မေ ၁၂ ရက်က သောက်သုံးရေဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည်။

မေ ၁၂ ရက်က သောက်သုံးရေဂါလန် ၃၀၀၀ လှူဒါန်းပေးခဲ့သည့် ရေစကြိုမြို့နယ် မြစ်လှချောင်ကျေးရွာမှာ ကန်ရေခန်းခြောက်ပြီးနောက် ရေငန်သာထွက်ရှိသည့် စက်ရေတွင်းကိုသာ အားထားသုံးစွဲနေပြီး သောက်ရေနှင့် ချက်ပြုတ်ရေခက်ခဲနေသည့် ကျေးရွာဖြစ်သည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ တစ်အိမ်လျှင် သောက်သုံးရေဂါလန် ၃၀ လှူဒါန်းပေးမှုကြောင့် မြစ်လှချောင်ကျေးရွာမှာ ချက်ပြုတ်ရေနှင့် သောက်သုံးရေ ငါးရက်စာခန့် ဖူလုံစေခဲ့ပြီး ယခုနှစ်အတွင်း တတိယအကြိမ် လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“မိုးမကောင်းလို့ ရွာမှာ သောက်သုံးရေ ခက်ခဲနေတာကြာပါပြီ။ ခုလိုအလှူရှင်တွေ လာလှူတဲ့ရေကို အားထားပြီး သုံးနေရတာပါ။ ဒီလိုသုံးတဲ့နေရာမှာလည်း လာလှူတဲ့ ရေချိုကို ရွာစက်တွင်းက ရေငန်နဲ့ရောပြီးသုံးမှ တစ်ပတ်စာလောက် လောက်ပါတယ်။ ရွာအနေနဲ့ ရေချိုရဖို့ ခက်တော့ လာလှူတဲ့ ရေကိုပဲ မျှတသုံးစွဲရတာ။ ငါးရက်ကိုတစ်ကြိမ်လောက် ရေချိုရရင်ကို အဆင်ပြေပါတယ်။ ချိုးရေကတော့ ရွာစက်တွင်းကထွက်တဲ့ ရေငန်နဲ့ အဆင်ပြေပါတယ်” ဟု မြစ်လှချောင်ကျေးရွာမှ ကိုလူချောက ဆိုသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလဖြစ်သည့်အတွက် ရေလှူဒါန်းရာတွင် လူစုလူဝေး မဖြစ်ပေါ်အောင် ကျေးရွာအား မြောက်၊ တောင်၊ အလယ် သုံးပိုင်းခွဲ၍  ရေသည်ယာဉ်ဖြင့် သောက်သုံးရေခပ်ယူစေရန် စီမံပေးခဲ့ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံရေ ဂါလန် ၃၀၀ လှူဒါန်းပေးခဲ့ သိသည်။

“ရွာမှာ စက်ရေတွင်း နှစ်တွင်းရှိတယ်။ တစ်တွင်းက ပျက်လို့ သုံးမရဘူး။ ရေထွက်တဲ့ တစ်တွင်းကလည်း သုံးရေပဲရတယ်။ သောက်ရေ ချက်ရေမရဘူး။ ရေထည့်ပြီး နာရီပိုင်းကြာရင် ရေတွေက အပေါ်ယံ ဖွေးကုန်တယ်။ ရေငန်ပဲထွက်တယ်။ ထမင်းချက်မယ်ဆိုလည်း ထမင်းတွေ ၀ါပြီးသိုးကုန်တာ။ ရေရှည်အထားမခံဘူး။ သောက်ရေနဲ့ ချက်ပြုတ်ဖို့က ကန်ရေပဲ အားထားသုံးရတာ။ လက်ရှိကတော့ ကန်ရေခန်းပြီး ရေချိုမရှိတော့ဘူး။ အဲဒါကြောင့် လက်ရှိမှာ ရေချိုရေလှူကားတွေဆီ အကူအညီတောင်း ဖြေရှင်းနေရတာ” ဟု ရေစကြို မြို့နယ် မြစ်လှချောင်ကျေးရွာမှ ကိုကျော်ဟိန်းက ဆိုသည်။

ပခုက္ကူခရိုင်တွင်း စက်ရေတွင်း ရေငန်သာထွက်ရှိပြီး သောက်သုံးရေအတွက် ကန်ရေအားထားသုံးစွဲရသည့် ကျေးရွာများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မိုးကာလတွင် မိုးရေ လုံလောက်စွာ မရရှိသည့်အတွက် ယခုနှစ် အစောပိုင်းမှာပင် ရေရှားပါးမှု ကြုံတွေ့လာရ ခြင်းဖြစ်သည်။

လာမည့် မေ ၁၃ ရက်တွင် အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ Eleven Media Group သို့ ပံ့ပိုးသည့်ရေဂါလန် ၃၀၀၀ ဆန့် ရေသယ်ယာဉ်ဖြင့် မြိုင်မြို့နယ် အိုးပြွန် ကျေးရွာ၊ မေ ၁၄ ရက်တွင် ကျောက်ထပ်နှင့် ဥက္ကံကျေးရွာတို့အား သောက်သုံးရေ ဆက်လက် လှူဒါန်းပေးမည်ဖြစ်သည်။

Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်မှစတင်ကာ မကွေးတိုင်းအတွင်း သောက်သုံးရေ ရှားပါးသည့် ကျေးရွာများအား စက်ရေတွင်း တူးဖော်လှူဒါန်းမှု စတင်လုပ်ဆောင်ခဲ့ပြီး ယခုလက် ခုပ်ပင်ကျေးရွာ စက်ရေတွင်းမှာ တွင်း ၂၀ မြောက်ဖြစ်သည်။

အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ပံ့ပိုးသည့် ရေသယ်ယာဉ်နှစ်စီးဖြင့် Eleven Media Group နှင့် စေတနာရှင်များ ပူးပေါင်း၍ ယခုနှစ် ဇန်နဝါရီလမှ မေလထိ ရေဂါလန် ခြောက်သိန်းကျော်အား ရေလိုအပ်သော ကျေးရွာများသို့ ဖြန့်ဝေလှူဒါန်းပေး ထားသည်။          

           

Most Read

Most Recent