မီတာခကင်းလွတ်ခွင့်အတွက် ညီမျှတဲ့အခွင့်အရေးမရတဲ့ တနင်္သာရီ၊ ဒေါ်လာနှစ်ဘီလျံကျော်သုံးစွဲမယ့် စီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ်နဲ့ ငွေကြေးခဝါချမှု အမည်ပျက်စာရင်းသွင်းခံရနိုင်တဲ့ မြန်မာ

မီတာခကင်းလွတ်ခွင့်အတွက် ညီမျှတဲ့အခွင့်အရေးမရတဲ့ တနင်္သာရီ၊ ဒေါ်လာနှစ်ဘီလျံကျော်သုံးစွဲမယ့် စီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ်နဲ့ ငွေကြေးခဝါချမှု အမည်ပျက်စာရင်းသွင်းခံရနိုင်တဲ့ မြန်မာ
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ထားဝယ်ခွဲရုံ (တနင်္သာရီတိုင်းဒေသကြီး) ကို တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ထားဝယ်ခွဲရုံ (တနင်္သာရီတိုင်းဒေသကြီး) ကို တွေ့ရစဉ်
Published 10 May 2020
ဖြိုးဝေ

COVID-19 ကူးစက်ကပ်ရောဂါ စဖြစ်တဲ့အချိန်မှာ ပြတ်လပ်သွားတဲ့ Mask တွေ လုံလောက်ဖို့အတွက် အီရန်က နိုင်ငံ့ခေါင်းဆောင်တွေဟာ Nano-fiber filtered masks, N95 Mask နဲ့ Surgical Mask စတဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်စွမ်းမြင့်တဲ့ ပြည်သူ့အတွက် ဘေးကင်းတဲ့ Mask တွေ တစ်နေ့ လေးသန်း ထုတ်နိုင်တဲ့စက်ရုံကို ၂၅ ရက်နဲ့ပြီးအောင် တည်ဆောက်ထုတ်လုပ်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံပိုင်စက်ရုံတွေက ဘေးကင်းလုံခြုံမှုအနည်းဆုံးအဖြစ် အဝတ် Mask တွေ ထုတ်ရောင်းနေရုံတင်မက အဝတ် Mask ပြိုင်ပွဲပါ ကျင်းပနေတာဟာ စိတ်မသက်သာစရာပါ။

အီရန်လို အမေရိကန်နဲ့ စစ်ရေးအရ တင်းမာနေတဲ့နိုင်ငံ၊ ပိတ်ဆို့ ခံနေရတဲ့နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တွေက တိုင်းပြည်အတွက် အမှန်ဆုံးနဲ့ အမြန်ဆုံးလုပ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ COVID-19 အတည်ပြုလူနာက ၁၇၇ ဦး ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပိုပြီးဆိုးတာက အဲဒီလို အတည်ပြုလူနာတွေရဲ့ ထက်ဝက်ကျော်က ရောဂါလက္ခဏာမပြဘဲ ပိုးတွေ့နေတာဖြစ်လို့ စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်ပြီး အလုပ်လုပ်ရသူများတဲ့ မြန်မာနိုင်ငံသားတွေအတွက်တော့ စိတ်ပူပန်စရာ အခြေအနေကို ညွှန်းဆိုခဲ့ပါတယ်။

အဲဒီအချိန်မှာ မြန်မာနိုင်ငံထက် စီမံခန့်ခွဲမှု ပိုမိုကောင်းမွန်တဲ့ လာအိုနိုင်ငံကတော့ အတည်ပြုလူနာ ၁၉ ယောက်နဲ့ လူနာသစ်ထပ် မတိုးတာက မေ ၉ ရက်မှာ ၂၆ ရက်မြောက်ဖြစ်ခဲ့ပြီဖြစ်လို့ သူ့နိုင်ငံမှာ လက်ရှိ ကူးစက်ခံလူနာတွေသာ ရောဂါပျောက်ကင်းသွားမယ်ဆိုရင် COVID-19 ရောဂါ ကင်းစင်တဲ့နိုင်ငံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ နိုင်ငံ့အတွက် အမှန်ဆုံးလုပ်ရပ်တွေကို လုပ်ပြနေတဲ့၊ လုပ်ပေးနေတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရှိသလို စွမ်းဆောင်ရည်နိမ့်ပါးတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း ကမ္ဘာက မြင်နေရတဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်အဖြစ် မီတာခကင်း လွတ်ခွင့်တွေအတွက် ညီမျှတဲ့အခွင့်အရေးမရတဲ့ တနင်္သာရီ၊ ဒေါ်လာ နှစ်ဘီလျံကျော် သုံးစွဲရမယ့် စီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ်နဲ့ ငွေကြေးခဝါချမှု အမည်ပျက်စာရင်းမှာ ထည့်သွင်းခံရတော့မယ့် မြန်မာနိုင်ငံအကြောင်း တင်ပြချင်ပါတယ်။

မီတာခကင်းလွတ်ခွင့်အတွက် ညီမျှတဲ့ အခွင့်အရေးမရတဲ့ တနင်္သာရီ

ပြည်ထောင်စုအစိုးရကနေပြီး လုပ်ပေးတဲ့ COVID-19 ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ဧပြီလအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ အခမဲ့ အစီအစဉ်အတွက် တနင်္သာရီတိုင်းအစိုးရက ကျပ် ၅ ဒသမ ၈ ဘီလျံ တောင်းခံမှုအပေါ် ပ့ံပိုးပေးနိုင်မှုမရှိကြောင်း အကြောင်းပြန်ကြားခဲ့သလို နောက်ထပ် ၇၅ ယူနစ်အခမဲ့အစီအစဉ်အတွက်လည်း တိုင်းအစိုးရက သက်သာခွင့်ဆောင်ရွက်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။

“ ပထမအကြိမ် ယူနစ် ၁၅၀ အခမဲ့ ပေးမဲ့ဟာအတွက် ပြည်ထောင်စုအစိုးရကနေပြီးတော့ ဧပြီ ၃၀ ရက်မှာ ကျွန်တော်တို့ဆီ အကြောင်းပြန်ကြားပြီးပါပြီ။ သူတို့ ပ့ံပိုးပေးနိုင်မှု မရှိပါဆိုပြီး ကျွန်တော်တို့ဆီ ပြန်ကြားပြီးပါပြီ။ ဒါပေမဲ့လည်း ကျွန်တော်တို့ကနေပြီးတော့ တိုင်းအစိုးရ ဘတ်ဂျက်နဲ့ပဲ ပြည်သူလူထုကို မီတာတစ်လုံး ၅၀၀၀ နှုန်းနဲ ့ထောက်ပ့ံသွားမှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ် ပြည်ထောင်စုလျှပ်စစ်/စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၇၅ ယူနစ်ကင်းလွတ်ခွင့်ကျတော့ ကျွန်တော်တို့ တိုင်းအနေနဲ့ သက်သာခွင့်အတွက် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုလျှပ်စစ်/စွမ်းအင်ဝန်ကြီးဌာနမှာကျတော့ သူတို့ရဲ့ဝင်ငွေကို ခုနှိမ်ပြီး ပေးချေရတယ်။ ကျွန်တော်တို့ တိုင်းဘတ်ဂျက်ကတော့ စိုက်ထုတ်သုံးစွဲရတဲ့အတွက် အများကြီးအခက်အခဲရှိတယ်။ ဒါကြောင့် ဒုတိယအကြိမ်အတွက်ကျတော့ ကူညီနိုင်မှာ မဟုတ်ပါဘူး” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုပါတယ်။

COVID-19 ကာလမှာ ပြည်သူတွေတိုင်းက ကျပ်တည်းနေတာဖြစ်ပြီး နိုင်ငံသားအားလုံးကို ကင်းလွတ်ခွင့်ပေးမယ်၊ ထောက်ပ့ံမယ်ဆို ရချင်တဲ့သူတွေချည်းပါ။ ဟိုတိုင်းကတော့ မပါဘူး။ ဒီတိုင်းကတော့ မရဘူးဆိုတာမျိုးတွေဟာ နိုင်ငံသားအခွင့်အရေး တစ်ပြေးညီမရတာကို ပြနေသလို ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေကိုလည်း ပြဆိုပါတယ်။ ဒီအချက်တွေအပြင် COVID-19 ကြောင့် ထိခိုက်သွားရတဲ့ နိုင်ငံသားအားလုံးကို လွှမ်းခြုံနိုင်တဲ့အစီအစဉ် ချမှတ်နိုင်မှုမရှိတာလည်း တွေ့ရပါတယ်။

 

ဒေါ်လာနှစ်ဘီလျံကျော် သုံးစွဲရမယ်ဆိုတဲ့ စီးပွားရေးကုစားမှုအစီအစဉ်

COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် လက်တွေ့အကောင်အထည်ဖော်ရာမှာ ဘဏ္ဍာငွေ ဒေါ်လာနှစ်ဘီလျံကျော် သုံးစွဲရမှာဖြစ်တယ်လို့  ဖွံ့ဖြိုးမှုဆိုင်ရာ စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားတယ်လို့ MIFER ရဲ့ သတင်းတွေအရ သိရပါတယ်။

Stimulas Package အဖြစ် ကမ္ဘာ့နိုင်ငံတိုင်းက ဘီလျံရာနဲ့ချီသုံးစွဲမယ်လို့ ကြေညာနေချိန်မှာ အချိန်တိုနဲ့ ထိရောက်အောင် လုပ်ဆောင်ပြနေတဲ့အချိန်မှာ မြန်မာနိုင်ငံကနေ ထုတ်ပြန်ထားတဲ့ ၂၀၂၀ ပြည့်နှစ်အကုန်အထိ လုပ်ဆောင်မယ်ဆိုတဲ့ COVID-19 Economic Relief Plan ဟာ ပြည့်စုံလုံလောက်မှုမရှိသလို ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် လက်တွေ့ အကောင်အထည်ဖော်ရာမှာ ဘဏ္ဍာငွေ ဒေါ်လာနှစ်ဘီလျံကျော် သုံးစွဲရမယ်လို့ ခန့်မှန်းချက် ထွက်ပေါ်လာတာဟာ မှန်ကန်တဲ့ ခန့်မှန်းချက်ဖြစ်နိုင်သလို မြန်မြန်ဆန်ဆန် ဘယ်လိုလုပ်မလဲဆိုတာလည်း တွေးစရာပါ။

တစ်ဖက်မှာဆိုရင်လည်း သုံးစွဲရမယ့် ဒေါ်လာနှစ်ဘီလျံကျော်ကို ဘယ်လိုပုံစံနဲ့ရှာမလဲ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ လုပ်ဆောင်မှု နှေးကွေးနေတာနဲ့ တုံ့ပြန်မှုက မမြန်ဆန်တာကြောင့် ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးဟာ ADB ကနေ ဒေါ်လာ သန်း ၅၀၀ ချေးငွေရနေချိန်မှာ မြန်မာနိုင်ငံကတော့ ကမ္ဘာ့ဘဏ်ရဲ့ ADB က ချေးငွေရတဲ့ ဒေါ်လာ သန်း ၅၀ ပဲ ရှိနေပါသေးတယ်။

COVID-19 Economic Relief Plan မှာ အနည်းဆုံးဒေါ်လာ ဘီလျံ ၅၀ ကနေ ဘီလျံ ၂၀၀ အထိ ချေးယူနိုင်မယ်လို့ မျှော်လင့်ထားပေမဲ့လည်း တကယ်တမ်းမှာတော့ ဒီပမာဏဟာ မလွယ်ကူလှတဲ့အပြင် ပြည်တွင်းပြည်ပ ကြွေးမြီတွေလည်း စံချိန်တင်မြင့်တက်သွားမှာဖြစ်လို့ လိုနိုင်တဲ့ ဒေါ်လာနှစ်ဘီလျံကျော်ကို ပိုက်ဆံရိုက်ထုတ်တာ မဟုတ်သော ပိုလျှံဘတ်ဂျက်တွေကနေ လွှဲပြောင်းသုံးတာမျိုးနဲ့ပဲ ရှာဖွေသင့်တာပါ။ ဝန်ကြီးဌာနတွေဟာ အမှန်တကယ် လုပ်နိုင်စွမ်းမရှိဘဲ ရွေးကောက်ပွဲနှစ်မှာ မဲရဖို့အခွင့်သာစေတဲ့ လူထုကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေရေး ရေးဆွဲထားတဲ့ စီမံကိန်းတွေဟာ ကူးစက်ကပ်ရောဂါကာလမှာ တကယ်လုပ်လို့ မရတော့တာတွေ ရှိနိုင်သလို လက်ရှိအချိန်အထိ စီမံကိန်းထက်ဝက်တောင် မပြီးသေးတာတွေလည်း မြင်နေရတာဖြစ်လို့ အဲဒီလို လုပ်ပေးနိုင်စွမ်းမရှိသေးတဲ့ ဘတ်ဂျက်တွေကို စီးပွားရေးနိုးထဖို့ ခေါင်းစဉ်ပြောင်းသုံးစွဲတာမျိုးကလည်း မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်လာနိုင်မယ် ယူဆပါတယ်။ သေချာတာကတော့ အလှမ်းကျယ် အလယ်လပ်လို့မရဘူးဆိုတာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒီရောဂါကြီးထဖြစ်ချိန်မှာ စစ်တမ်းတွေ ထကောက်နေရတဲ့ နိုင်ငံတစ်ခုမှာ ကြိုတင်ပြင်ဆင်နိုင်မှု နည်းပါးတယ်ဆိုတာ ဖြစ်ကိုဖြစ်မဲ့ အခြေအနေပါလို့ ပြောရမှာဖြစ်ပေမယ့် ကိုယ့်လက်ထဲ တကယ်ရှိနေတဲ့ ငွေကြေးတွေကို မသုံးစွဲဘဲ မလုပ်နိုင်တဲ့ စီမံကိန်းတွေအတွက် ချန်နေမယ့်အစား တကယ်လုပ်ဆောင်သင့်တာက ဘတ်ဂျက်ပြုပြင်ရေးဆွဲပြီး ဝန်ကြီးဌာနတိုင်းမှာ စီးပွားရေးပြန်လည်နိုးထစေဖို့ စီမံကိန်းတွေ လုပ်သင့်တဲ့အချိန်အခါပါ။ ဒီလိုလုပ်ရာမှာလည်း အဂတိမပါဖို့နဲ့ ခြစားမှုမရှိဖို့ကလည်း အရေးကြီးတယ်ဆိုတာ သတိချပ်စေချင်ပါသေးတယ်။

 

ငွေကြေးခဝါချမှု အမည်ပျက်စာရင်း သွင်းခံရမယ့်မြန်မာ

ငွေကြေးခဝါချမှု အန္တရာယ်ပေးနိုင်တဲ့ နိုင်ငံတွေကို စောင့်ကြည့်မှု အရှိန်မြှင့်ဖို့အတွက် ရည်ရွယ်နေတဲ့ ဥရောပကော်မရှင်က မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၂၂ နိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်ရမယ့် နိုင်ငံများစာရင်းမှာ ထည့်သွင်းထားတယ်လို့ ရိုက်တာက ရရှိခဲ့တဲ့ ကြေညာချက်မူကြမ်းမှာ ဖော်ပြခဲ့ပါတယ်။

အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုနဲ့ ငွေကြေးခဝါချမှုကို တိုက်ဖျက်ဖို့ ပျက်ကွက်မှုတွေအတွက် မြန်မာ၊ ပနားမား၊ ဘဟားမားစ်၊ မော်ရစ်သျှ၊ ဘာဘေဒို၊ ဘော့ဆွာနာ၊ ကမ္ဘောဒီးယား၊ ဂါနာ၊ ဂျမေကာ၊ မွန်ဂိုလီးယား၊ နီကာရာဂွာနဲ့ ဇင်ဘာဘွေတို့ကို ဥရောပသမဂ္ဂရဲ့ ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်နေတဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းဖို့ ကြေညာချက်မူကြမ်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ AA ကို ငွေကြေးထောက်ပ့ံနေသူလို့ ယူဆရသူတွေကို စင်ကာပူနိုင်ငံက ပြန်ပို့မှ တရားစွဲဆိုနိုင်ခဲ့တာတွေ၊ စီမံ/ဘဏ္ဍာ/စက်မှုဝန်ကြီး ဦးစိုးဝင်းရဲ့ ပြောဆိုမှုအရ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လုပ်ကိုင်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေ၊ INGO ၊ NGO နဲ့ CSO တွေကို Source of Fund ငွေကြေး ဘယ်လိုရောက်လာသလဲဆိုတာ မှတ်တမ်း တင်ထားလား။ ပြီးတော့ သူတို့ဘယ်လိုသုံးသလဲဆိုတာကို လုပ်သလား။ ဘယ်လို စေ့စေ့စပ်စပ် လုပ်သလဲဆိုတာတွေနဲ့ ပတ်သက်ပြီး တိတိကျကျ မလုပ်နိုင်ခဲ့တာကြောင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနဲ့ ငွေကြေးခဝါချမှုကို တိုက်ဖျက်ဖို့ ပျက်ကွက်မှုတွေကြောင့် စောင့်ကြည့်ခံရစာရင်းထဲ ထည့်သွင်းဖို့ ဆုံးဖြတ်ခံရသလား တွေးစရာဖြစ်စေပါတယ်။

အခြားတစ်ဖက်မှာဆို လက်ရှိဘဏ္ဍာနှစ်ထဲမှာ ပေးအပ်လိုက်တဲ့ အခွန်လွတ်ငြိမ်းခွင့် Tax Amnesty ကလည်း မြန်မာနိုင်ငံကို အကြမ်းဖက်မှု ငွေကြေးထောက်ပံ့တာနဲ့ ငွေကြေးခဝါချမှုကို တိုက်ဖျက်ဖို့ ပျက်ကွက်မှုတွေ ရှိခဲ့တယ်လို့ ယူဆစရာတွေ ဖြစ်ခဲ့သလားတွေးစရာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှုနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးဆဲ ငွေကြေးခဝါချမှုတွေက ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး ကျပ် ၇၉ ဒသမ ၄၀ ဘီလျံကိုလည်း ယာယီ သိမ်းဆည်းထားတာကြောင့် လက်ရှိအချိန်အထိတော့ ငွေကြေးခဝါချမှု ဂယက်တွေနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပ့ံမှုတွေ စီးဆင်းနေဆဲ သဘောတွေ တွေ့နေရလို့ အကြမ်းဖက်မှုတွေ ဆက်မဖြစ်ဖို့အတွက် ငွေကြေးခဝါချမှုလမ်းကြောင်းတွေကို မြန်ဆန်ထိရောက်စွာ တိုက်ဖျက်ပေးပါလို့ တောင်းဆိုရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent