အိန္ဒိယနိုင်ငံတွင် မေ ၉ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆိုးရွားနေသော အာမက်ဒါဘတ်မြို့တွင် တင်းကျပ်သော Lockdown စည်းမျဉ်းများအား ချိုးဖောက်ခဲ့သည့် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အချင်းများမှု ဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုနှုန်း တစ်ရှိန်ထိုးမြင့်တက်လာမှုကြောင့် ရုန်းကန်နေရစဉ် လူဦးရေ ၅.၅ သန်းရှိနေသော နိုင်ငံအနောက်ပိုင်းရှိ ထိုမြို့သည် အာဏာပိုင်များအတွက် အဓိက စိုးရိမ်စရာ ဖြစ်လာနေသည်။ နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ နီးပါးရှိပြီး အာမက်ဒါဘတ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၄၃ ဦး ရှိနေသည်။ ထိုမြို့တွင် ဗိုင်းရပ်စ်ကူးစက်မှုအရေအတွက်သည် နိုင်ငံတစ်ဝန်း ကူးစက်မှုစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့် ရှိနေသည်။
အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်း Lockdown စီမံချက်အား မတ် ၂၅ ရက်နောက်ပိုင်း ချမှတ်ခဲ့သော်လည်း အာမက်ဒါဘတ်တွင် ဗိုင်းရပ်စ်ကူးစက်မှု အရှိန်မြင့်တက်လာသောကြောင့် မေ ၈ ရက်တွင် စီမံချက်များအား ပိုမိုတင်းကျပ်ခဲ့သည်။ ပြည်သူ့စစ်အဖွဲ့ဝင် ရာပေါင်းများစွာက လမ်းများပေါ်မှ လူများအား မောင်းထုတ်ခဲ့ကြပြီး ဆိုင်အားလုံးသည်လည်း တစ်ပတ်ထက်မနည်း ပိတ်ထားခဲ့ရသည်။ မေ ၈ ညတွင်မူ အပြင်ထွက်လာကြပြီး ခဲများဖြင့် ပစ်ပေါက်သည့် ဒေသခံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်၍ လူစုခွဲခဲ့ရသည်။ လူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်များ ချထားမှုကို မေ ၉ ရက်တွင် တိုးမြှင့်ခဲ့သည်။
ကပ်ရောဂါအကျပ်အတည်းအား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက အခိုင်အမာ ပြောကြားခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရန်နှင့် ကုမ္ပဏီအချို့အား ပြန်ဖွင့်ရန်အတွက် ကန့်သတ်မှုများကို ဖြေလျှော့ပေးခဲ့သည်။ သို့သော် Lockdown ချထားလျှင်ပင် ကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။ ရောဂါစစ်ဆေးနိုင်မှု အားနည်းခြင်းနှင့် ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုအား ရေတွက်မှု အားနည်းခြင်းတို့ကြောင့် အမှန်တကယ် အရေအတွက်သည် ယင်းထက် ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာပါက ပိတ်ဆို့ကန့်သတ်မှုများကို ယခင်အတိုင်း အသင့်ပြန်လည် ထားရှိနိုင်ရန်နှင့် COVID-19 ကပ်ရောဂါကို သတိဖြင့် ကာကွယ်တားဆီးနေချိန်တွင် နိုင်ငံများအနေဖြင့် Lockdown ချထားမှုများကို ဖြည်းဖြည်းချင်းသာ ဖြေလျှော့ပေးရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁ ရက်တွင် အကြံပြုချက် ထုတ်ပြန်ခဲ့သည်။ အကျဉ်းထောင်များ၊ ရေရှည်ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အဆောက်အအုံများ၊ ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် အဆောင်များအပါအဝင် လူအိုရုံများတွင် နေထိုင်သော ကိုယ်ခံအားနည်းသူများကို ဗိုင်းရပ်စ်အန္တရာယ်မှ ကာကွယ်ပေးထားရမည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်လျှင်ပင် လူ့အဖွဲ့အစည်းများအနေဖြင့် လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ ရောဂါကာကွယ်ရန် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး စီမံလုပ်ဆောင်ခြင်းတို့ကို ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သေးသည်ကို သိရှိနားလည်ရမည်ဖြစ်ကာ သံသယလူနာများကို ရောဂါပိုး စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း WHO ၏ အရေးပေါ် အခြေအနေဆိုင်ရာပညာရှင် ဒေါက်တာ မိုက်ရိုက်ယန်က ပြောကြားခဲ့သည်။
မည်သို့ပင်ဆိုစေ၊ အမှန်တကယ်၌ Lockdown ကိစ္စနှင့်ပတ်သက်၍ မိမိနိုင်ငံ၏ အခြေအနေရပ်အသီးသီးအပေါ် အခြေပြုလျက် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ရေးသာ ပို၍အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









