လူဦးရေတစ်ရပ်၌ အများစုသည် ကူးစက်ရောဂါတစ်ခုကို “ကိုယ်ခံအားရရှိ/ ရောဂါပြီး” သွားသည့်အခါ ယင်းသည် ယင်းရောဂါနှင့် ပတ်သက်၍ ကိုယ်ခံအား မရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း Herd Immunity ကို ဖြစ်စေသည်။ ဥပမာအားဖြင့် လူဦးရေတစ်ရပ်၏ ရာခိုင်နှုန်း ၈၀ သည် ဗိုင်းရပ်စ်တစ်မျိုးကို ကိုယ်ခံအားရရှိသွားပါက လူငါးဦးလျှင် လေးဦးနှုန်းသည် ရောဂါပိုးနှင့် ထိတွေ့သော်လည်း ရောဂါကူးစက်ခံရခြင်း မရှိသောကြောင့် ရောဂါကို ထပ်မံ ပျံ့နှံ့စေတော့မည် မဟုတ်ပေ။ ဤသို့နှင့် ရောဂါကူးစက်ပျံ့နှံ့မှုသည် ထိန်းချုပ်နိုင်မှုအောက်သို့ ရောက်ရှိသွားတော့သည်။ သဘောတရားအရ ရောဂါပိုး၏ ကူးစက်နိုင်စွမ်းပေါ် မူတည်လျက် Herd Immunity ဖြစ်ရန် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှ ၉၀ အတွင်း ကိုယ်ခံအား ရရှိရန် လိုအပ်သည်။
ယင်းနှင့် ပတ်သက်၍ Sussex တက္ကသိုလ် အဏုဇီဝဗေဒဌာန အကြီးတန်းကထိက ဒေါက်တာအက်ဒဝပ်ရိုက်က “လူဦးရေထဲမှာ ကိုယ်ခံအား ရရှိထားပြီး အချိုးအစားက အလုံအလောက်မြင့်မားလို့ရှိရင် အဲဒီလူတွေက လူထုအတွင်း ဗိုင်းရပ်စ်ပိုး သံသရာလည်နေမှုကို ရပ်တန့်နိုင်ပါလိမ့်မယ်။ ဒါကို Herd Immunity လို့ ခေါ်တာပါ။ လူတစ်ယောက် ရောဂါကူးစက်ခံရတဲ့အခါ သူ့အနားတစ်ဝိုက်က လူတွေ ဗိုင်းရပ်စ်အပေါ်ကိုယ်ခံအား ရှိနေသမျှကာလပတ်လုံး အဲဒီဗိုင်းရပ်စ်က မပျံ့နှံ့နိုင်တော့ဘူးလေ” ဟု ဆိုသည်။
USA TODAY အယ်ဒီတာအဖွဲ့က ဟားဗက်တက္ကသိုလ် ကူးစက်ရောဂါဗေဒဌာန ပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နှင့် ဧပြီလ ၈ ရက်က တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း “ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ရာ အရေးပါတဲ့ အချက်တွေက ကိုယ်ခံအားရသွားတဲ့ လူအချိုးအစား ဒါမှမဟုတ် အနည်းဆုံးက တခြားလူတစ်ယောက်ဆီ ရောဂါထပ်မကူးစေတော့တာပဲ။ ကာကွယ်ဆေးထိုးတာက တစ်ဆင့်ဖြစ်ဖြစ် ရောဂါကူးစက်ခံရပြီး ကနေတစ်ဆင့်ပဲဖြစ်ဖြစ် အဲဒီအရေအတွက်ကို ကျွန်တော်တို့ လုံလုံလောက်လောက် များအောင် ရဖို့လိုတယ်” ဟု ပြောကြားခဲ့သည်။
သို့သော် မက်လစ်ဆစ်က “ကျွန်တော်တို့ သိတာထက် လူအုပ်စုလိုက် ကိုယ်ခံအား Herd Immunity ပိုပြီး ရထားပြီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် သဲလွန်စတွေပဲ ရှိပါတယ်။ ခုထိ ခိုင်မာတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဒါရဲ့ တခြားတစ်ဘက်မှာတော့ အဲဒီရောဂါ ကူးစက်ခံရပြီးသူတွေရဲ့ အရေးပါတဲ့ အချိုးအစားထဲက တချို့ဟာ ကိုယ်ခံအား မရဘူးဆိုရင် ရောဂါပြီးနေတဲ့ လူဦးရေအ ချိုးအစားထဲကနေ ဖယ်ထုတ်ရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ တကယ့်တကယ်မှာ (လူတွေ ရောဂါကူး စက်ခံရပြီး ပဋိပစ္စည်းတွေရှိသလား သိရအောင်) သွေးရည်ကြည်ဗေဒ ဆိုင်ရာ လေ့လာချက်တွေ လိုအပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “လူထုကိုယ်ခံအားဆိုတဲ့ဆီကို သွားမယ်ဆိုရင် လူဦးရေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဟာ ရောဂါကူးစက်ခံမှ ရပါလိမ့်မယ်။ စကားကို အလွန်သတိထားပြောတဲ့ အင်ဂျလာမာကယ်က ဂျာမနီလူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ လောက်ကို ရောဂါကူးစက်ခံရနိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ အီတလီမြောက်ပိုင်း ဒါမှမဟုတ် တရုတ်က မြို့ကြီးအချို့မှာ ဖြစ်ပျက်ခဲ့သလို ထိန်းချုပ်လို့မရတဲ့ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာပြီး ကူးစက်မှုက အကြီးအကျယ် ထောင်တက်သွားတာကြောင့် အလွန့်အလွန်ကို နာကျင်ဖွယ်ဖြစ်တဲ့ဆီ သွားမယ်လို့ ကျွန်တော် ထင်ပေမဲ့ ဒီလမ်းကြောင်းအတိုင်းပဲ သွားရပါလိမ့်မယ်။ ဒါမှမဟုတ် ခင်ဗျားအနေနဲ့ ရောဂါကူးစက်မှုကျဆင်းအောင် လုပ်ရမှာဖြစ်ပြီး အရမ်းအရမ်းကို အချိန်ကြာပါလိမ့်မယ်။ ဒီလမ်းကြောင်းကို လျှော့ချဖို့ အရှိန်တားတုံးတစ်ခုကို မျှော်လင့်ရပါမယ်။ အရှိန်တားဖို့ရာ မြင်သာတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ကုထုံးတစ်ရပ် ဒါမှမဟုတ် ထိရောက်တဲ့ ကာကွယ်ဆေးတစ်ရပ် ရှိလာဖို့ပါပဲ။ ဒါက အလှမ်းကွာဝေးနေပေမဲ့လည်း သိပ်တော်တဲ့လူတွေအများကြီးက ဒါနဲ့ပတ်သက်ပြီး သိပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ မကြာမီ သူတို့တိုးတက်မှုတချို့ လုပ်နိုင်ပါစေလို့ပဲ ကျွန်တော်မျှော်လင့်နိုင်၊ ဆုတောင်းနိုင်ပါတော့တယ်” ဟု ပြောကြားခဲ့သည်။
ကူးစက်မြန်ရောဂါတစ်ခုအား ကုလည်းမကုနိုင်၊ ကာလည်း မကာကွယ်နိုင်သည့်အခါ လူဦးရေတစ်ရပ်ထဲမှ အချိုးအစားအများစု သူ့ဘာသာ “ကိုယ်ခံအားရရှိသွား” (ရောဂါပြီးသွား) သည့် အနေအထားရောက်ရှိအောင် မျှော်လင့်ရုံသာရှိသည်။ သို့သော် အရာရာ ချင့်ချိန်ရသည်သာ။ တစ်ချိန်တည်း တစ်ပြိုင်တည်း ရောဂါပြင်းထန်သူအရေအတွက်က ကျန်းမာရေးစနစ်က ကိုင်တွယ်နိုင်သည်ထက် ပို၍များသွားလျှင် ကျန်းမာရေးစနစ် ပြိုလဲသွားကာ လူအသေအပျောက် အလွန်များနိုင်သည်။ တစ်ချိန်တည်း တစ်ပြိုင်တည်း ရောဂါပြင်းထန်သူအရေအတွက် မများစေရန် Lockdown ချရသည်။ Lockdown ဟု ဆိုရာတွင်လည်း လူအများ ငတ်ပြတ်ပြီး တရားဥပဒေစိုးမိုးရေး လုံးဝနီးပါး ပျက်ပြားသွားသည့် အနေအထား၊ စီးပွားရေး လုံးဝနီးပါး ပြိုလဲသွားသည့်အနေအထား မရောက်အောင် သတိပြုရသည်။ တစ်ဖက်ကလည်း လူအများကြီး တစ်ပြိုင်နက်တည်း ရောဂါကူးစက်ခံရသည့်အနေအထား မရောက်အောင် ချိန်ရသည်။
မည်သို့ပင်ဆိုစေ အစိုးရတစ်ရပ်အနေဖြင့် ပညာရှင်များ စုပေါင်းထားသည့် အကြံပေးအဖွဲ့မှနေ၍ အကြံဉာဏ်များ ရယူခြင်းနှင့် သုတေသနများမှနေ၍ အချက်အလက်များ ရယူခြင်းတို့ ပြုလုပ်ကာ ခိုင်မာသည့် အချက်အလက်များအပေါ် အခြေခံသည့် Evidence Based ဖြစ်သော မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေလ ၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









