မြန်မာနိုင်ငံတွင် ယမန်နေ့မနက်ပိုင်းအထိ စာရင်းများအရ COVID-19 ကူးစက်ခံရသူ ၁၆၁ ဦးရှိပြီး ခြောက်ဦးသေဆုံးထားသည်။ လက်ရှိအချိန်အထိလည်း အခြားနိုင်ငံများနည်းတူ ကပ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အပူတပြင်း လုပ်ဆောင်နေကြရသည်။ ဒေသအနှံ့ ရောဂါပိုး မပြန့်ပွားရေး ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်နေရဆဲဖြစ်သည်။ ယင်းအပြင် မေ ၁ ရက်မှစ၍ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာကြသော ရွှေ့ပြောင်းအလုပ်သမားများ အုံနှင့်ကျင်းနှင့် ပြန်လည်ဝင်ရောက်နေသကဲ့သို့ တရုတ်ဘက်မှလည်း မြန်မာများ နယ်စပ်ဝင်ထွက်ပေါက်များမှ ပြန်လည်ဝင်ရောက်လာကြခြင်းကြောင့် ရောဂါတားဆီး ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်စရာများဖြစ်နေသည်။ ယင်းအတွက် အစိုးရက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသည်ဟုဆိုသော်လည်း လိုအပ်ချက်များ၊ အားနည်း ချက်များလည်း ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ အထူးသဖြင့် အာဏာပိုင်တို့၏ ရောဂါကာကွယ် တားဆီးကုသရေးအတွက် အစီအမံများကို ထိရောက်ရန်နှင့် ပြည်သူတို့၏ ပူပင်စိုးရိမ်စိတ်များကို လျော့ပါးစေရန် မှန်ကန်သည့်အချက်အလက်နှင့် စီစဉ်ဆောင်ရွက်မှုများကို ချပြနိုင်ရန်လည်းလိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကရင်၊ မွန်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ COVID-19 နှင့် ပတ်သက်၍ Video Conferencing တွင် မွန်ဝန်ကြီးချုပ်၏ တင်ပြချက် မြေပြင်အခြေအနေနှင့်ကွဲလွဲမှုအပေါ် ဝေဖန်ခံနေရသည်။ မွန်ဝန်ကြီးချုပ်က သထုံခရိုင် ပြည်သူ့ဆေးရုံနှင့် ရေးမြို့နယ်ပြည်သူ့ ဆေးရုံတို့၌ အသက်ရှူစက် နှစ်ခုစီရှိဟု ပြောကြားခဲ့သော်လည်း လက်တွေ့ မြေပြင်အခြေအနေတွင် ရေးမြို့နယ် ပြည်သူ့ဆေးရုံ၌ အသက်ရှူစက် Ventilator မရှိသည့်အပြင် သထုံခရိုင်ပြည်သူ့ဆေးရုံတွင်လည်း Portable Ventilator စက်တစ်လုံးသာရှိသည်ဟု နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။ ကပ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ကုသရေးအတွက် အရေးကြီးသော အခြေအနေတွင် ယင်းသို့ကွဲလွဲမှုမှာ မဖြစ်သင့်ကြောင်း မြေပြင်အခြေအနေမှန်ကို တာဝန်ရှိသူများက တိကျစွာ သိရှိနားလည်ရန်လိုပြီး ပြည်သူကိုလည်း မှန်ကန်သည့် အချက်အလက်များ ချပြရှင်းလင်းနိုင်ရန် အရေးကြီးသည်။ အကျပ်အတည်းကာလတွင် အခြေအနေနှင့် အချိန်အခါပေါ်လိုက်၍ လူထုသိသင့်သည့် အကြောင်းအရာများ လိုအပ်ချက်များကို မှန်ကန်စွာ ချပြဆောင်ရွက်နိုင်မှုသည် များစွာရေးကြီးသည်။ သို့မှသာ ပြည်သူတို့၏ စိုးရိမ်စိတ်များကို လျော့ကျစေပြီး အစိုးရ၏ ညွှန်ကြားချက်များအပေါ် ယုံယုံကြည်ကြည် လိုက်နာဆောင်ရွက် နိုင်မည်ဖြစ်သည်။
တစ်ကမ္ဘာလုံးက စိုးရွံ့စွာတွက်ချက်မျှော်မှန်းထားသည့်အတိုင်းပင် COVID- 19 သည် မြန်မာအပါအဝင် အားလုံးကို ပြင်းထန်စွာ ခြိမ်းခြောက်နေပေသည်။ ထိုအခြေအနေတွင် တာဝန်ရှိသည့် အစိုးရအနေဖြင့် ၎င်းတို့၏ အစီအမံများကို အောက်ခြေပြည်သူတို့ထံ အလျင်အမြန် စီးဆင်းနိုင်ရန်နှင့် ဆောင်ရွက်ချက်တိုင်းတွင် အကျိုးသက်ရောက်မှုရှိစေရန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝေဖန်မှုများနှင့် ရင်ဆိုင်ရနိုင်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ ရောဂါကာကွယ်မှုနှင့် ယင်းသို့ကာကွယ်ရာတွင် လုပ်ဆောင်ရမည့် အချက်အလက်များ နိုင်ငံသားတို့၏ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်ရေးအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်အပေါ် အများသိရှိရန်နှင့် အများနားရှင်းစေရန် ထိရောက်သော ထုတ်ပြန်နိုင်စွမ်းတွင် အားနည်းချက် ရှိနေသည်ဟု ပါရှိသည်။ မှန်ကန်သောသတင်းများ၊ အများပြည်သူအတွက် ထိရောက်သော လုပ်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး လုပ်ဆောင်နိုင်စွမ်းသည် လက်ရှိကာလတွင် ပို၍အရေးကြီးနေပေသည်။ ပြည်သူအကျပ်အတည်း ဖြစ်နေချိန်တွင် အစိုးရက အချိန်မလပ် ပြန်ကြားပေးနိုင်ရမည်။ လူထုသိချင်သော မေးခွန်းများကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေကြားပေးနိုင်ရမည်။ ထိုသို့ ဖြေကြားရာတွင် ပွင့်လင်းမြင်သာ၍ မှန်ကန်သောအချက်အလက်၊ ယုတ္တိရှိသော အကြောင်းအရာနှင့် ထိရောက်အကျိုးရှိသော အခြေအနေများကို ချပြရှင်းလင်းနိုင်ရမည်။ ထိုသို့ဆိုလျှင် လူအများကြားပျံ့နှံ့နေသော မှန်ကန်မှုမရှိသည့် သတင်းများ၊ ကောလာဟလများသည် ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ အစိုးရ၏ ထုတ်ပြန်ကြေညာချက်များ၊ ဥပဒေများ၊ ညွှန်ကြားချက်များကို ပြည်သူက အလေးဂရုပြုနိုင်ရန် လိုအပ်သကဲ့သို့ အာဏာပိုင်တို့ အနေဖြင့် စီမံခန့်ခွဲမှုကိုလုပ်ဆောင်ရာ၌ မြေပြင်အခြေအနေအမှန်နှင့် တိကျသည့် အချက်အလက်များအပေါ် အခြေပြုနိုင်မှုသည် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေလ ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









