COVID- 19 တိုက်ဖျက်ရေးနှင့် ကာကွယ်ဆေး

COVID- 19 တိုက်ဖျက်ရေးနှင့် ကာကွယ်ဆေး
Published 5 May 2020

အမေရိကန်က လျစ်လျူရှုခဲ့သည့် ရန်ပုံငွေကောက်ခံမှုအတွက် ပြုလုပ်သည့် ရှည်လျားသည့် ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် ကမ္ဘာ့ခေါင်းဆောင်များက ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးအတွက် ဒေါ်လာ ၈.၁ ဘီလျံ (ယူရိုရ.၄ ဘီလျံ) မတည်မည်ဟု ကတိပြုခဲ့ပြီးနောက် ကာကွယ်ဆေးရှာဖွေရာတွင် ယှဉ်ပြိုင်ခြင်းမပြုဘဲ ပူးပေါင်းဆောင်ရွက်ကြရန် မေ ၄ ရက်တွင် တိုက်တွန်းခဲ့ကြသည်။ COVID- 19 ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခဲ့သူ ၂၄၇၀၀၀ ကျော် အနက် ၁၄၀၀၀၀ သည် ဥရောပမှ ဖြစ်သည်။ ကာကွယ်ဆေးသည် ရောဂါတိုက်ဖျက်ရေးတွင် အကောင်းဆုံး အလားအလာတစ်ခုဖြစ်သည်ဟု ဥရောပကော်မရှင်အကြီးအကဲနှင့် ဗီဒီယိုကွန်ဖရင့်၏ အစီအစဉ်မှူးဖြစ်သည့် အာဆူလာဗွန်ဒါလေယန်းက ပြောကြားခဲ့သည်။

ရန်ပုံငွေရှာဖွေမှုသည် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု၏ အားကောင်းမှုကို ပြသမှုတစ်ခုဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏အကြီးအကဲ တက်ဒရိုအက်ဟာနွမ်ဂေဘရီယေဆပ်က အမွှမ်းတင်ခဲ့သည်။ ဂျပန်၊ ကနေဒါတို့နှင့်အတူ ဥရောပအင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံ ၄၀ ခန့်က ရန်ပုံငွေအတွက် ကတိပြုခဲ့သော်လည်း ယင်းရန်ပုံငွေတွင် အမေရိကန်အာဏာပိုင်များ ပါဝင်ခဲ့ခြင်းမရှိသဖြင့် ရန်ပုံငွေပွဲကို အားလျော့စေခဲ့သည်။ WHO ၏ ကပ်ရောဂါကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် WHO နှင့် ပဋိပက္ခဖြစ်ခဲ့မှုနှင့်အတူ ယင်းရန်ပုံငွေအစီအစဉ်တွင် အမေရိကန် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် လျော့ပါးခဲ့ရခြင်းဖြစ်သည်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် ငွေကြေးအမြောက်အမြား လိုအပ်မည်ဖြစ်ပြီး ယူရို ၃၈ ဘီလျံခန့် လိုအပ်ကြောင်း သတိပေးခဲ့သည်။ ကုလသမဂ္ဂနှင့်အတူ စုစုပေါင်းနိုင်ငံ ၄၀၊ Bill and Melinda Gates ဖောင်ဒေးရှင်းနှင့် သုတေသနအဖွဲ့များက ရန်ပုံငွေ ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံရန် ကြိုးပမ်းနေသည့် ထရန့်က အမေရိကန်တွင် နှစ်ကုန်မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိ နိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်ရန် နှစ်နှင့်ချီ ကြာရှည်နိုင်ခြေရှိသည်ဟု ဂျာမနီနိုင်ငံ၏ ကျန်းမာရေးဝန်ကြီး ယန်ဆဖန်းက သတိပေးခဲ့မှုနှင့်အတူ ထရန့်၏ခန့်မှန်းချက်များကို လေးပုံတစ်ပုံခန့်က အယုံအကြည်ကင်းမဲ့ခဲ့သည်။ COVID- 19 ကပ်ရောဂါဖြစ်ပွားမှု လျော့ပါးစေရန်နှင့် အဆုံးသတ်စေရန်အတွက် အရင်းအမြစ်များ စုစည်းရန် အခြားနိုင်ငံများက ကြိုးပမ်းအားထုတ်မှုကို အမေရိကန်က ကြိုဆိုကြောင်း ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ သို့သော် ထရန့်၏ “အမေရိက ပထမမူဝါဒ” ချဉ်းကပ်မှုသည် ကာကွယ်ဆေးရှာဖွေရန်အတွက် တန်ပြန်အကျိုးပြုသော အတ္တလန္တိတ် ဖြတ်ကျော်ပြိုင်ပွဲတစ်ခုဖြစ်ရန် ဦးတည်လာမည်ကို အခြားခေါင်းဆောင်များက စိုးရိမ်ပူပန်ခဲ့ကြသည်။

နိုင်ငံသားအားလုံးအတွက် မထိုးဖောက်နိုင်သော အကာအကွယ်တစ်ခုကို တည်ထောင်ရန် ကမ္ဘာ့နိုင်ငံများက လက်တွဲလုပ်ဆောင်ရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကပြောကြားခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ဘောရစ်ဂျွန်ဆင်၏ တိုက်တွန်းစကားကို သံယောင်လိုက်ခဲ့ပြီး အကျပ်အတည်းကို ကျော်လွှားရန် နိုင်ငံတကာအဝန်းအဝိုင်းက စည်းလုံးညီညွတ်ကြရန် တိုက်တွန်းခဲ့သည်။ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်ကလည်း ကာကွယ်ဆေးသည် အရေးပါကြောင်း၊ ကာကွယ်ဆေး ထုတ်ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသည့် ရောဂါကို တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်သည် ကာကွယ်ဆေးစစ်ပွဲတွင် အနိုင်ရရန်အတွက် တိုက်ပွဲအတွင်း ၎င်း၏ တပ်ဖွဲ့ဝင်အားလုံးကို ထည့်သွင်းရန် အသင့်ဖြစ်နေကြောင်း အကြံပေးအဖွဲ့ Delors Institute မှ ကျွမ်းကျင်ပညာရှင် အစ္စဘယ်လီမာချိုက်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ၊ ကာကွယ်ဆေးသည်သာ COVID- 19 ရောဂါတိုက်ဖျက်ရေးအတွက် အကြီးမားဆုံးနှင့် တစ်ခုတည်းဟုဆိုနိုင်သော မျှော်လင့်ချက်ဖြစ်နိုင်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (မေလ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

 

Most Read

Most Recent