မေ ၃ ရက်တွင် ၂၇ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ယူနက်စကိုက ဦးဆောင်ကာ ကမ္ဘာတစ်ဝန်းတွင် ကျင်းပခဲ့သည်။ COVID- 19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် Social Distancing ကို ကျင့်သုံးနေရသောကြောင့် အများစုသည် အွန်လိုင်းဒီဘိတ်များ၊ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲများ ပုံစံသာ ပြုလုပ်ခဲ့ကြသည်။ ယူနက်စကိုက ပို၍ပို၍ ရှုပ်ထွေးလာသော မီဒီယာအခင်းအကျင်းတစ်ရပ်၌ “အကြောက်တရား သို့မဟုတ် ဘက်လိုက်မှုမရှိသော ဂျာနယ်လစ်ဇင်” ဟူသည့် ပင်မအကြောင်းအရာကို ဗဟိုပြုလျက် မီဒီယာများနှင့် လူမှုမီဒီယာများမှတစ်ဆင့် ကမ္ဘာ့လှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့သည်။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် လှုပ်ရှားမှု အခမ်းအနားများကို မေ ၄ ရက်မှ ၆ ရက်အထိ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ယင်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် COVID- 19 အကြောင်းနှင့် ပတ်သက်၍ သတင်းအချက် အလက်အမှားများကို ကိုင်တွယ်မှုတို့အတွက် အဆင့်မြင့်အဆင့် ဆွေးနွေးပွဲများ၊ ဝက်ဘ်ဆိုက်ဆွေးနွေးခန်းများနှင့် အွန်လိုင်းဆွေးနွေးခန်းများကို Facebook Live, YouTube နှင့် Microsoft Teams တို့အပြင် အခြားဒီဂျစ်တယ်မီဒီယာ ပလက်ဖောင်းများမှ ပြုလုပ်ခြင်းများ ပါဝင်မည်ဖြစ်သည်။
စာနယ်ဇင်းလွတ်လပ်ခွင့် သို့မဟုတ် မီဒီယာလွတ်လပ်ခွင့်ဟူသည် ပုံနှိပ် သို့မဟုတ် အီလက်ထရွန်နစ်မီဒီယာများ အထူးသဖြင့် ထုတ်ဝေဖြန့်ချိသည့်အရာများ အပါအဝင် မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်ဖော်ပြမှုများကို လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့် ရှိကြောင်း သတ်မှတ်သင့်သည်ဟူသည့် သဘောတရားစည်းမျဉ်းဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်ခွင့်အပေါ် နိုင်ငံတော်က ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှု ကင်းမဲ့ရေးကို ရည်ညွှန်းပြီး အဆိုပါလွတ်လပ်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများမှတစ်ဆင့် ထိန်းသိမ်းပေးရမည်ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂ၏ ၁၉၄၈ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌လည်း “လူတိုင်း၌ လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်နှင့် ဖော်ထုတ်ပြသပိုင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးတွင် စွက်ဖက်နှောင့်ယှက်မှုမရှိဘဲ ထင်မြင်ချက်ကို ဆုပ်ကိုင်ထားပိုင်ခွင့်နှင့် မည်သည့် မျက်နှာစာများ၌ဖြစ်စေ မည်သည့်မီဒီယာမှတစ်ဆင့်မဆို အချက်အလက်များနှင့် စိတ်ကူးစိတ်သန်းများကို ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ဖန်တီးပေးအပ်ပိုင်ခွင့် ပါဝင်သည်” ဟူ၍ ဖော်ပြထားသည်။
စာနယ်ဇင်းလွတ်လပ်ခွင့် အခြေခံသဘောတရားများကို မြှင့်တင်ရန်၊ ကမ္ဘာတစ်လွှားမှ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကဲဖြတ်ရန်၊ ၎င်းတို့၏ လွတ်လပ်ခွင့်အပေါ် တိုက်ခိုက်ခံရမှုများမှ မီဒီယာများကို ကာကွယ်ပေးရန်နှင့် မီဒီယာအလုပ်ကို လုပ်ကိုင်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂျာနယ်လစ်များကို ဂုဏ်ပြုရန်တို့အတွက် နှစ်စဉ် မေ ၃ ရက်တွင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ကျင်းပလာခဲ့သည်မှာ ၂၇ ကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ၁၉၉၁ ခုနှစ် ယူနက်စကို၏ ညီလာခံတွင် အဆိုပြုခဲ့ပြီး ၁၉၉၃ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ မီဒီယာဗဟုဝါဒနှင့် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သော Windhoek ကြေညာစာတမ်းကို ၁၉၉၁ ခုနှစ်တွင် အာဖရိက ဂျာနယ်လစ်များက ထုတ်ပြန်ခဲ့ပြီး ယင်းသမိုင်းဝင်စာတမ်းကို တုံ့ပြန်သောအားဖြင့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ချိုးဖောက်နေမှုများအား ပြည်သူများကို အသိပေးသည့် အခါသမယဖြစ်သည်။ ဒါဇင်နှင့်ချီသော နိုင်ငံများတွင် သတင်းရေးသားထုတ်ဝေမှုများကို ဆင်ဆာဖြတ်ခြင်း၊ ဒဏ်ရိုက်ခြင်း၊ ရွှေ့ဆိုင်းထားခြင်းနှင့် ပိတ်ပင်ခြင်းတို့ ပြုလုပ်နေသကဲ့သို့ ဂျာနယ်လစ်များ၊ အယ်ဒီတာများနှင့် ထုတ်ဝေသူများကို နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေမှုများကို သတိပေးရန်လည်းဖြစ်သည်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ် ခွင့်နေ့သည် စာနယ်ဇင်းလွတ်လပ်ခွင့် မြှင့်တင်ရေးကို အားပေးလှုံ့ဆော်ရန်နှင့် ကမ္ဘာတစ်လွှား၏ စာနယ်ဇင်း လွတ်လပ်ခွင့်အနေအထားကို ဆန်းစစ်သုံးသပ်ရန် အခါသမယလည်းဖြစ်သည်။
ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့သည် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကျင့်သုံးမှုများကို လေးစားမှုရှိရန် ကမ္ဘာ့အစိုးရအဖွဲ့များကို သတိပေးသည့် အခါသမယဖြစ်သည့်အပြင် စာနယ်ဇင်းလွတ်လပ်ခွင့်၊ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်တို့နှင့် ပတ်သက်၍ မီဒီယာလုပ်ကိုင်နေသူများအကြား ထင်ဟပ်ပြသည့် နေ့လည်းဖြစ်သည်။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့သည် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍ ထိန်းချုပ်ကန့်သတ်မှုနှင့် ချိုးဖောက်မှုတို့ခံနေရသော မီဒီယာများကို အားပေးထောက်ခံသော နေ့တစ်နေ့လည်းဖြစ်သည်။ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် သတင်းကိစ္စနှင့်ပတ်သက်၍ အသက်စွန့်သွားခဲ့ရသော ဂျာနယ်လစ်များအတွက် အမှတ်ရအောက်မေ့ဖွယ်နေ့လည်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ စာနယ်ဇင်းလွတ်လပ်ခွင့်သည် အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုဆိုင်ရာ အညွှန်းကိန်းတစ်ရပ်လည်းဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (မေလ ၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)









