ကြုံခဲ့ရသည့် နာဂစ်အစိတ်အပိုင်းအချို့

ကြုံခဲ့ရသည့် နာဂစ်အစိတ်အပိုင်းအချို့
Published 3 May 2020
အောင်မျိုး

 

အခုလို ဧပြီလကုန်ကာနီးအချိန်တွင် မြန်မာနိုင်ငံအပေါ်မှာ မိုးသားတွေဖြစ်ထွန်းပြီး နေရာအနှံ့အပြား မိုးရွာလေ့ရှိတတ်သည်။ မုတ်သုန်ရာသီမတိုင်ခင် ရှေ့ပြေးအကြို ထောက်ရောက်လာတတ်သော မိုးများနှင့်အတူ လေပြင်းများလည်း တိုက်ခတ်တတ်သည်။ ထိုလေကြောင်းများသည် တစ်ခါတရံမုန်တိုင်းများအဖြစ် ပြောင်းလဲတိုက်ခတ်တတ်ကြပြီး အလွန်ကြုံတောင့်ကြုံခဲ ဆိုရလောက်အောင် ပြင်းထန်သည့် ‘နာဂစ်’ လို မုန်တိုင်းဆိုးကြီးအဖြစ်လည်း ပြောင်းလဲရောက်ရှိ သွားတတ်ပါသေးသည်။

စာရေးစားပွဲရှေ့မှာရှိသည့် ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင် ညိုညိုကို ငေးကြည့်ရင်း လွန်ခဲ့သော ၁၂ နှစ် သက္ကရာဇ် ၂၀၀၈ အခုလို ရက်ပိုင်းမှာ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသကို ချေမှုန်းဖျက်ဆီးခဲ့သည့် နာဂစ်ဆိုသည့် မုန်တိုင်းကြီး၏ဒဏ်ကို အလူးအလဲခံစားရလိုက်သည့် ထိုဒေသနေပြည်သူပြည်သား အပေါင်းတို့၏ ဒုက္ခပင်လယ်ဝေခဲ့ပုံကို ပြန်လည်မြင်ယောင်ကြားယောင် လာမိပါသည်။ မိမိကိုယ်တိုင် မုန်တိုင်းဒဏ်ကို ခံစားရခြင်းမရှိသော်လည်း မုန်တိုင်းဒဏ်သင့်ဒေသခံတို့ ဘဝ ပြန်လည်ထူထောင်နိုင်ရေးအတွက် ကူညီကယ်ဆယ်ရေးကာလမှ စတင်၍ လပွတ္တာအောက်ပိုင်းရှိ သက္ကယ်သောင်၊ ရွေး၊ ပြာမလော့စသည့် မြစ်ကြီးများကို အစုန်အဆန် အပြန်ပြန်အလှန်လှန် ဖြတ်သန်းရင်း သူတို့ဒုက္ခ၊ သူတို့ဘဝများနှင့်အတူ မျှဝေခံစားရသည်များကို သတိတရ ရှိနေမိသည်။

၎င်းတို့ကြုံခဲ့ရသော မုန်တိုင်းကြီး၏အန္တရာယ်မှာ ပြန်ပြောနိုင်သူ မရှိလောက်အောင်ပြင်းထန်ခဲ့သည်မှာ ယုံမှားစရာမလိုပါ။ သို့သော် ထိုမုန်တိုင်းကြီးအောက်မှာ တစ်ချိန်တည်းတစ်ပြိုင်တည်း ခံစားကြရသူ ချင်းတူပေမယ့် ကုသိုလ်အကျိုးပေးချင်း မတူသည့်အတွက် ဘဝရှင်သန်နိုင်ခွင့်ရခဲ့သူများနှင့် ရှင်သန်ခွင့်မရခဲ့သူများ ခြားနားသွားစေခဲ့ပါသည်။ အင်မတန်ရေကူးကျွမ်းကျင်သည့် တံငါသည်တစ်ဦးအတွက် ငါးဂါလန်ဆံ့သည့် ပလတ်စတစ်ပုံးတစ်လုံးသည် ရေထဲတွင် ရှင်သန်နေနိုင်ရန် လုံလောက်သည့် အသက်ကယ် ပစ္စည်းတစ်ခုဖြစ်ပါသည်။ သို့သော် ထိုရေပုံးကို ပိုက်လျက်နှင့်ပင် ၎င်းတို့ ရေပိုက်ချရာတွင် အသုံးပြုသော ကနက်ဝါးခေါ် ၀ါးချွန်တစ်ချောင်းက ရေပုံးနှင့်ထိုတံငါသည်ကို တံစို့ထိုးသလို ထုတ်ချင်းပေါက်ထိုးဝင်လျက် ရှိနေသည်ကို မြင်ရသူတိုင်း ကြောချမ်းစရာ ဖြစ်ကြရပါသည်။

ရေမကူးတတ်သည့် ကလေးငယ်တစ်ယောက် ဖက်မိဖက်ရာသစ်လုံးတစ်လုံးကို ဖက်ရင်းရေလှိုင်းအတန်တန်မှာ လူးလာခေါက်တုံ့မျောပါရင်း နောက်ဆုံးတွင် ကံအားလျော်စွာ မုန်တိုင်းငြိမ်ချိန်တွင် သောင်စပ်တစ်ခုမှာ သစ်လုံးနှင့်အတူ သောင်တင်ကာ ရှင်သန်ကျန်ခဲ့ပါသည်။ သို့ရာတွင် မနက်မိုးလင်း မျက်လုံးနှစ်လုံး ဖွင့်ကြည့်မိကာမှ ထိုကလေးငယ် တစ်ညလုံး မုန်တိုင်းကြားမှာ ရှင်သန်အောင်ဖက်တွယ်နေခဲ့ရသည့် သစ်တုံးမှာ တကယ်တော့သစ်တုံးမဟုတ်ဘဲ မိကျောင်းတစ်ကောင်ဖြစ်နေကြောင်း အလန့်တကြားတွေ့လိုက် ရပါတော့သည်။ မိကျောင်းခမျာလည်း မုန်တိုင်းဒဏ်ကြောင့် လူသားငယ်ကို ဒုက္ခမပေးနိုင်တော့ဘဲ သေတူရှင်ဖက် တစ်ညလုံးရုန်းကန်ခဲ့ရသည့်အကြောင်းမှာ အခုထက်တိုင် ပြောစမှတ်ဖြစ်နေဆဲဖြစ်ပါသည်။

“ ကျွန်တော့်လက်တစ်ဖက်က အုန်းပင်ကို အမိအရတွယ်ထားတာ အုန်းလက်ချွန်တွေနဲ့ ငြိပြီး သွေးတွေ မတရားထွက်နေပြီ။ နောက်တစ်ဖက်က သမီးငယ်လေးကို အရအမိ ဖက်ထားတယ်။ သမီးကြီးက ကျွန်တော့်ခါးကို ဖက်ထားနေတုန်း ရေလုံးကြီးက ဆောင့်လိုက်တာ သမီးကြီးဝုန်းကနဲပါသွားပါရော ဆရာရယ်” ဟု ၎င်းကြေကွဲဖွယ်အဖြစ်အပျက်ကို ပြန်ပြောပြရင်း မျက်ရည်မစဲသေးသည့် စပိဘုတ်မောင်းသူ ကိုအောင်ေကျော်ထွန်း၏ဘဝကလည်း ရင်နင့်စရာကောင်းလှပါသည်။ မိမိ၏ ဇနီးမယားသွေးသားရင်းချာများ မျက်စိရှေ့မှောက်တွင် သေမင်းနောက် ကောက်ကောက်ပါအောင် လိုက်ပါသွားရရှာသူများကိုလည်း မြင်နေရ၊ မိမိကိုယ်တိုင်မှာလည်း အသက်ဘေးလုနေရချိန်၊ ကြည့်ရင်း ကြည့်ရင်း တစ်ပေပြီး တစ်ပေ မြင့်တက်လာသည့်ရေထုကြီးကလည်း အိမ်ခေါင်မိုးပေါ်ကိုပါ ထိလာချိန် စသည်တို့ ကြုံရဆုံရခဲ့သည့် ဘဝဒုက္ခများကို ကိုယ်တိုင်ခံစားခဲ့ရသူတို့ ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့မှ မေ့ပျောက်နိုင်စရာ ရှိမှာမဟုတ်ပါ။

နာဂစ်မုန်တိုင်းသည် ကမ္ဘာမှာပါ စံချိန်တင်အသေအပျောက်များသည့် မုန်တိုင်းဆိုးကြီးတစ်ခုအဖြစ် စာရင်းဝင်ခဲ့ပြီး နာဂစ်အတွက် ဝင်လာသည့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ထိုစဉ်က အာဏာပိုင်တို့ အတိုက်အခံများစွာရှိခဲ့သည်ကိုလည်း မှတ်တမ်းတင်ရမည်သာ ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်မှာ နာဂစ်ဒဏ်ရာမသေခင်မှာ အခြေခံဥပဒေစာအုပ်ကို အတည်ပြုခဲ့သည့်အတွက် နိုင်ငံတကာက ဝိုင်းဝန်း လက်ညှိုးထိုးခဲ့ကြသည်ကိုလည်း မှတ်မိနေကြပါလိမ့်ဦးမည်။

ထိုသို့အချိန်တွင် နိုင်ငံတကာ အကူအညီများကို အမှန်တကယ်လိုအပ်သည်မှာ မငြင်းနိုင်သော်လည်း နာဂစ်ကို အကြောင်းပြကာ မြန်မာနိုင်ငံအတွင်း ခြေကုတ်ရအောင် ဝင်လာသည့် နိုင်ငံတကာအဖွဲ့အစည်း များစွာရှိခဲ့သည်ကိုလည်း သတိပြုစရာဖြစ်ပါသည်။ UN စာလုံးနှင့်စသည့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာမှ INGO များ၊ NGO များစွာတို့သည်လည်း နာဂစ်ကူညီကယ်ဆယ်ရေးမှာ အလုံးအရင်းနှင့်ပါဝင်ခဲ့ကြပါသည်။ သို့သော်အချို့အဖွဲ့အစည်းများမှာ မုန်တိုင်းဒဏ်သင့်ဒေသများသို့ အကူအညီပေးရေးအတွက် ပြုလုပ်သည့် အဖွဲ့ပေါင်းစုံညှိနှိုင်းရေး အစည်းအဝေးများမှာပင် ခေါ် ရခိုင်မြောက်ပိုင်းဒေသရှိ ၎င်းတို့ ကရုဏာယိုဖိတ်ရာ (တကယ်တော့ ၎င်းတို့၏ရန်ပုံငွေကို အဓိကမ,တည် ပေးထားသော အရှေ့အလယ်ပိုင်းမှ သူဌေးနိုင်ငံအလှူရှင်များအကြိုက်) ဘင်္ဂါလီဒုက္ခသည် (သူတို့အခေါ် ရိုဟင်ဂျာ) တို့အတွက် နိုင်ငံသားဖြစ်ရေး မြန်မာနိုင်ငံသားကတ်ပြားရရှိရေး စသည်တို့ကိုသာ ဦးတည်ဆွေးနွေးကြသည်ကိုလည်း ကိုယ်တွေ့ကြုံခဲ့ဖူးသည်။

“ နာဂစ်က မြစ်ဝကျွန်းပေါ်ဒေသကို တံမြက်စည်းလှည်းသလို ရှင်းထုတ်ပစ်လိုက်ပြီး နာဂစ်နောက်မှာ တိုက်လာတဲ့လေတွေနဲ့အတူ အမှိုက် ဖြူတွေ၊ အခွင့်အရေးသမားတွေ ပါလာတယ်” ဟု မိတ်ရင်းဆွေရင်းတစ်ယောက်ပြောသည့် မှတ်ချက်စကားကလည်း အခြေအနေနှင့် ကိုက်ညီလှပါသည်။

မည်သို့ပင်ဖြစ်စေ မုန်တိုင်းပြီးကာစ ကားလမ်းတွေပေါ်လဲကျနေသည့် သစ်ပင်တွေ၊ ဓာတ်တိုင်တွေ ပိတ်ဆို့နေချိန်၊ ဆက်သွယ်ရေးပြတ်တောက်ကာ လျှပ်စစ်မီးလည်း ပြတ်နေချိန်မျိုးမှာ ကြုံသမျှအခက်အခဲကို ရင်ဆိုင်ကာ ကြံ့ကြံ့ခံဖြေရှင်းခဲ့ကြသူများမှာ စေတနာရှင် မြန်မာပြည်သူတို့သာ ဖြစ်သည်ဟု ဆိုရပါမည်။ အစိုးရပိုင်းကလည်း ဝန်ကြီးအဆင့် အစ မုန်တိုင်းသင့်ဒေသတစ်ခုချင်းစီ တာဝန်ယူကာအနိးကပ်ကွပ်ကဲကာ နေ့မနား ညမနား ကြိုးပမ်းခဲ့သလို စေတနာရှင်များ၊ လုပ်အားရှင်များကလည်း တစ်တပ်တအား ပါဝင်ကူညီခဲ့ကြသည့်အတွက် နာဂစ်မုန်တိုင်းကြီး၏ဒဏ်မှ ပြန်လည်နာလန်ထနိုင်ခြင်း ဖြစ်ပါသည်။

စေတနာရှင်များရှိသလို လောဘသက္ကလသမားတို့ကိုလည်း နေရာအနှံ့တွေ့ရသည့် နာဂစ်ကူညီကယ်ဆယ်ရေးကာလမှာ တကယ်ကို ခက်ခဲဆိုးရွားခဲ့ပါသည်။ အရင်က သုံးရာတန်မုန့်ကို တစ်ထောင်ရောင်းသည့် ဆိုင်ငယ်လေးမှအစ ကားခကို မတန်တဆတက်လိုက်သူ၊ ရေလမ်းခရီးအတွက် အဆမတန်တောင်းတတ်သူတို့လည်း နာဂစ်မှာအများကြီး ရှိခဲ့ပါသည်။

မိမိတို့မှာ နာဂစ်ဒေသအတွက် ကူညီကယ်ဆယ်ရေးအတွက် ဦးစားပေးဖြစ်သော စားနပ်ရိက္ခာကို တာဝန်ယူရသည်ဖြစ်ရာ UNWFP မှ ရ ဟတ်ယာဉ်ကြီးများက အလျင်အမြန် ပို့ဆောင်ရေးအတွက် တာဝန်ယူရပြီး အလုံးအရင်းနှင့် ပို့ဆောင်ရန်အတွက် သင်္ဘောခရီးကို အားကိုးအားထားပြုခဲ့ရပါသည်။ ထိုအချိန်တွင် သင်္ဘောငှားခစျေးနှုန်းများမှာ မူလကထက် အဆများစွာ မြင့်တက်နေသည့်အတွက် ရိက္ခာပို့ရန်တာဝန်ရှိ သူတို့လုပ်ငန်းတင်ဒါခေါ်ယူရာတွင် အင်မတန်ခေါင်းခဲနေရချိန်တွင် အခြားသင်္ဘောလုပ်ငန်းရှင်များ စျေးနှုန်း၏ ထက်ဝက်ပင်မရှိသောစျေးနှုန်းနှင့် တင်သွင်းခဲ့သည့် ပုသိမ်မှ သင်္ဘောပိုင်ရှင်တစ်ဦးသည်လည်း UN မှ တာဝန်ရှိသူများအပါအဝင် အဖွဲ့အစည်းများစွာတို့၏ အားကိုးရာဖြစ်ခဲ့ပါသည်။

မိမိ၏အရာရှိက မည်သည့်အတွက် ထိုစျေးနှုန်းနှင့်ပေးနိုင်သနည်းဟု ၎င်းအားမေးခိုင်းရာ “ ကျွန်တော်က ဧရာဝတီသားပါ။ ဖြစ်နိုင်ရင် အလကားကူညီချင်တာ UN က လက်ခံမှာမဟုတ်လို့ ကျွန်တော့်သင်္ဘောတွေရဲ့ ဆီဖိုးနဲ့ သင်္ဘောသားတွေ စားစရိတ်ရရင်တော်ပြီဆိုတဲ့ စျေးနဲ့ပေးတာပါ” လို့ ခပ်အေးအေး ပြန်ဖြေခဲ့သည့် ထိုသင်္ဘောပိုင်ရှင်ကိုလည်း သတိရစရာဖြစ်ပါသည်။

ပြီးတော့ “ မင်းတို့ ဒီမှာစောင့်နေ ငါတို့ရအောင်ဆင်းခဲ့မယ်။ မင်းတို့အတွက် သောက်ရေ၊ စားစရာ အကုန်သယ်ခဲ့မယ်” ဟု အစာရေစာငတ်နေသည့် ရွာသားများကို ကတိစကားပြောရင်း ရဟတ်ယာဉ် ဆင်းစရာမရှိသည့် မြေလွတ်ပျော့ပျော့ပေါ်သို့ ပန်ကာအားနှင့် ရဟတ်ယာဉ်ကို ထိန်းရင်းဆင်းကာ ရိက္ခာထုတ်များကိုချပေးခဲ့သော UNWFP ၏ ရဟတ်ယာဉ်အဖွဲ့သားများ၏ စေတနာနှင့် ကျေးဇူးကား နာဂစ်ဖြစ်ပြီးကာစ မုန်တိုင်းသင့်ဒေသခံများ တစ်သက်မေ့နိုင်မည်မဟုတ်တော့ပါ။

“ လစ်သူရေးနီးယား၊ ယူကရိန်း စသော ဥရောပအရှေ့ဖျားနိုင်ငံများမှ ရဟတ်ယာဉ်မှူးများ တာဝန်ယူ မောင်းနှင်ခဲ့သည့် ထိုရဟတ်ယာဉ်များသည် UN ၊ INGO ၊ NGO မှ တာဝန်ရှိသူဝန်ထမ်းများစွာတို့ကို သွားလာရအင်မတန်ခက်ခဲနေသော မြစ်ဝကျွန်းပေါ်နေရာဒေသအများအပြားသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ထိုသို့ တာဝန်ရှိသူများစွာကို နေရာအနှံ့ဖြန့်ကြက်လာနိုင်သည့်နည်းတူ စားနပ်ရိက္ခာငတ်ပြတ်နေသည့် ဒေသခံများအတွက်လည်း နေရာမရွေး အချိန်မရွေးရောက်အောင် ၎င်းတို့အစွမ်းကုန်ကြိုးပမ်းရင်း တာဝန်ကျေခဲ့ကြပါသည်။ ၎င်းတို့ကိုယ်တိုင်ရိက္ခာထုတ်များကို သယ်ပိုးထမ်းချချိန်မှာ ၎င်းတို့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ရန်ပင် အချိန်မရှိကြောင်း ရေးသားတင်ပြရင်း ‘ ကြုံခဲ့ရသည့် နာဂစ်၏ အစိတ်အပိုင်းအချို့’ ကို ရပ်နားလိုက်ပါရစေ။

၁၂ နှစ်ပြည့်ပြီဖြစ်သည့် နာဂစ်မုန်တိုင်းဆိုး၏ဒဏ်ကို ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသူအပေါင်းကို ဤဆောင်းပါးဖြင့် အလေးအနက် ဂုဏ်ပြုလိုက်ရပါသည်။

မြန်မာပြည်သူပြည်သားတို့ နာဂစ်လို သဘာဝဆိုးမျိုး၏ဘေး၊ လက်ရှိ ကိုဗစ်လို ရောဂါဆိုးမျိုး၏ ဘေးဒုက္ခအပေါင်းတို့မှ ကင်းဝေးနိုင်ကြပါစေခင်ဗျား

 

Most Read

Most Recent