ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အာဖရိကတိုက်နိုင်ငံများသည် စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်နေရသည်။ လူပေါင်း သန်း ၂၀ ခန့် အလုပ်လက်မဲ့ဘဝ ရောက်ခဲ့ကြရသည်။ ပေကျင်းသည် မိမိတို့၏ စီးပွားရေး မဟာမိတ်နိုင်ငံဖြစ်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်ခဲ့ရသော စီးပွားရေး ကျဆင်းနေရမှုကို တရုတ်နိုင်ငံက မည်ကဲ့သို့အကူအညီများ ပေးနိုင်မည်နည်းဆိုသည်ကို အာဖရိကနိုင်ငံအသီးသီးမှ ခေါင်းဆောင် များက တောင်းဆိုနေကြသည်။
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က အာဖရိကတိုက် စီးပွားရေးနာလန်ထူရေးအတွက် ကြွေးမြီများကို ဆိုင်းငံ့ထားမည့်အပြင် ငွေချေးမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သော်လည်း အာဖရိကတိုက်၏ စီးပွားရေးမိတ်ဖက်နှင့် ငွေချေးမှုများလည်း ပြုလုပ်နေသော တရုတ်နိုင်ငံက အာဖရိကတိုက် စီးပွားရေး အကျပ်အတည်းနှင့်ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ မဟဘဲ ငြိမ်ချက်သားကောင်းနေသည်။
အာဖရိကတိုက်နိုင်ငံများ တင်ရှိနေသော ကြွေးမြီများ၏ သုံးပုံတစ်ပုံမှာ တရုတ် နိုင်ငံကို ပေးဆပ်ရမည့် ကြွေးမြီများဖြစ်ကြသည်။ အာဖရိကတိုက်ရှိ နိုင်ငံများသည် အဝေးပြေးလမ်းမများ ဖောက်လုပ်ရေး၊ ဆည်မြောင်းတာတမံများ ရေကာတာများ ဆောက်လုပ်ရေးတို့အတွက် တရုတ်ထံမှ ငွေချေးထားရသည်။ ကြွေးမြီများ ပြန်ဆပ်ရမည့် ဝန်ထုပ်ဝန်ပိုး တာဝန်ရှိနေသကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာလည်း လက်လွှတ်ရ မည့် အနေအထားရောက်နေသည်။
ယူဂန္ဓာဘဏ္ဍာရေးဝန်ကြီးက မိမိတို့၏ ဘဏ္ဍာရေးလိုအပ်ချက်မှာ ထိတ်လန့်တုန်လှုပ်စရာကောင်းနေကြောင်း၊ အစိုးရလည် ပတ်နိုင်ရေးအတွက် ပြီးခဲ့သည့်နှစ်က ငွေချေးမှုများစွာ ပြုလုပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ ယူဂန္ဓာနိုင်ငံ၏ ကြွေးမြီဝန်ထုပ်ဝန်ပိုးများမှာ ၂၀၁၈ ခုနှစ်က ဒေါ်လာ ၁၀ ဘီလျံ ခန့်ရှိခဲ့သည်။ သုံးပုံတစ်ပုံမှာ တရုတ်ထံမှ ချေးယူထားခြင်းဖြစ်သည်။
“တရုတ်နိုင်ငံနဲ့ ယူဂန္ဓာနိုင်ငံဟာ နှစ်နိုင်ငံ ကုန်သွယ်မှု အပြန်အလှန် ပြုလုပ်နေ ပါတယ်။ ခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော်တို့နိုင်ငံ စီးပွားရေးထိခိုက်နေတာနဲ့ ပတ်သက်ပြီး တရုတ်ဆီက ဘာတစ်ခုမှ ပြောဆိုတာ မကြားရပါဘူး” ဟု ဘဏ္ဍာရေးဝန်ကြီး မာတီယာကာဆီဂျာက ပြောကြားခဲ့ သည်။
ဂျီ ၂၀ နိုင်ငံအဖွဲ့က ဝင်ငွေနိမ့်ကျနေ သောအဖွဲ့ဝင် နိုင်ငံများအား ဒေါ်လာဘီလျံ ၂၀ ခန့် ထုတ်ချေးမည်ဟု ပြောကြားထား သည်။ အာဖရိကတိုက်တွင် တရုတ်နိုင်ငံက စီးပွားရေးအကျိုးအမြတ်များစွာ ရရှိနေပြီး နိုင်ငံရေးအရ သြဇာသက်ရောက်မှု ရှိနေသည့်တိုင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဖရိကတိုက် စီးပွားထိခိုက်နစ်နာမှုများ ရှိနေမှုအပေါ် တစ်စုံတစ်ရာ ကူညီဖြေရှင်းမှုများ ပြုလုပ်ခြင်းမရှိပေ။
တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံကို ပေးဆပ်ရမည့် ကြွေးမြီများကို လျှော်ပစ်ဖို့ အလားအလာမရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်မှုများက တွက်ဆထားသည်။
ဂါနာနိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးများစွာ ထိခိုက်နစ်နာခဲ့ရသည်။ ဂါနာဘဏ္ဍာရေးဝန်ကြီးကလည်း တရုတ်နိုင်ငံမှ တစ်စုံတစ်ရာ အကူအညီများ ရှိလိမ့်မည်ဟု မျှော်လင့်ထားသည်။ သို့သော် လောလောဆယ် အချိန်အထိတော့ တရုတ်ဘက်မှ တုံ့ပြန်ခြင်းမရှိသေးပေ။
“ကျွန်တော်အထင်ပြောရရင် တရုတ်က ပိုပြီး အင်အားကြီးမားလာလိမ့်မယ်။ အာဖရိကတိုက်အနေနဲ့ တရုတ်ကို ပေးရမယ့် ကြွေးမြီက ဒေါ်လာ ၁၄၅ ဘီလျံရှိတယ်။ မနှစ်က ပေးရမယ့် ကြွေးမြီက ဒေါ်လာ ရှစ်ဘီလျံရှိတယ်။ အဲဒီ ပမာဏတွေကြည့်ရင် အာဖရိကတိုက်ရဲ့ စီးပွားရေးဟာ ကပ်ဘေး ဆိုက်ရောက်နေပြီ” ဟု ကင်အိုဖိုရီ-ကာတာက ပြောကြားခဲ့သည်။ သူက ဂါနာနိုင်ငံမှ ဘောဂဗေဒပညာရှင် တစ်ဦးဖြစ်သလို ဘဏ် လုပ်ငန်းတစ်ဦးလည်း ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက် ရှိ စီးပွားဘက်နိုင်ငံများအား ကြွေးမြီများ လျှော်ပစ်ရေး လုပ် မလုပ် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ကျောင်လီကျင်းက ဧပြီ ၇ ရက်တွင် ယခုကဲ့သို့ ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ အာဖရိကတိုက် ရှိ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဘက်နိုင်ငံတွေရဲ့ စီးပွားရေး အခက်အခဲကို ဖြေရှင်းနိုင်ဖို့ သံ တမန် နည်းလမ်းတွေအရ လုပ်ဆောင်ရမှာပါ” ဟု ကျောင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်ခဲ့ပြီးဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရင်ဆိုင်နေရသော အာဖရိက တိုက်နိုင်ငံများကို လိုအပ်သည့် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများကို ပို့ဆောင်နေ ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံသည် အာဖရိကတိုက်တွင် ခြေကုပ်ယူထားနိုင်ခဲ့ပြီဖြစ်သည်။ အာဖရိက တိုက်နိုင်ငံအချို့မှ ခေါင်းဆောင်များက တရုတ်ထံမှ ချေးယူထားသည့်အတွက် နိုင်ငံ အတွက် အကျိုးကျေးဇူးများရရှိနိုင်သည်ဟု ယူဆထားကြသည်။ အချို့နိုင်ငံများကမူ တရုတ်ထံမှ ငွေချေးယူရမည်ကို တွန့်ဆုတ် နေကြသည်။ တွန့်ဆုတ်ရသည့် အကြောင်း မှာ ငွေကြေးအရှုပ်အရှင်းများ၊ အကျင့်ပျက် ခြစားမှုများနှင့် နိုင်ငံရေးပယောဂများ ပါဝင် နေမှုကြောင့် ဖြစ်သည်။
စစ်ဘေးနှင့် ကြုံတွေ့နေရသော တောင် ဆူဒန်နိုင်ငံသည် တရုတ်အတွက် အကျိုး အမြတ်များစွာ ရရှိစေခဲ့သည်။ တောင်ဆူဒန် နိုင်ငံ၏ ရေနံထုတ်လုပ်ရေးကို ချုပ်ကိုင်နိုင် ခဲ့သည်။ တောင်ဆူဒန်သည် တရုတ်နိုင်ငံမှ ဒေါ်လာ ၁ ဒသမ ၉ ဘီလျံချေးယူဖို့ ၂၀၁၇ ခုနှစ်က ကြိုးပမ်းခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ် ကတည်းက တောင်ဆူဒန်နိုင်ငံတွင် တရုတ် နိုင်ငံသား တစ်သောင်းခန့် စတင်ရောက်ရှိ ခဲ့ပြီး ကုမ္ပဏီပေါင်း ၁၀၀ ခန့် ဖွင့်လှစ်ထား ခဲ့သည်။

အင်ဂိုလာနိုင်ငံဆိုလျှင် ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံမှ ဒေါ်လာ ၄၂ ဒသမ ၈ ဘီလျံ ချေးယူခဲ့သည်။ ယင်းချေးငွေကို ရေနံစိမ်း ရောင်းချရသည့် ငွေထဲမှ ဖဲ့ဆပ်ခဲ့ရသည်။ အင်ဂိုလာနိုင်ငံသည် အာဖရိကတိုက်၏ ဒုတိယအများဆုံး ရေနံတင်ပို့နေသည့် နိုင်ငံ ဖြစ်သည်။
တရုတ်နိုင်ငံက အာဖရိကတိုက်ကို စိတ်ဝင်စားရသည်က စီးပွားရေးသက်သက်မျှသာ ဖြစ်သည်။ စီးပွားရေးအကျိုးအမြတ် မှလွဲ၍ အခြားဘာမျှ စိတ်မဝင်စားပေ။ ဤအတွက် တရုတ်နှင့် စီးပွားရေးလုပ်နေသော အာဖရိကတိုက်နိုင်ငံများသည် စီးပွားရေး ထိခိုက်လာခြင်းကြောင့် မိမိတို့ထံမှ ချေးငွေများကို ပြန်မဆပ်နိုင်သဖြင့် လျှော်ပစ်ရမည့် အနေအထားကိုလည်းကောင်း၊ ငွေကြေး ထောက်ပံ့ရမည့် အလုပ်ကိုလည်းကောင်း တရုတ်နိုင်ငံက စိတ်မဝင်စားပေ။ အာဖရိကတိုက်ရှိ နိုင်ငံများက တရုတ်နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် စီမံကိန်းများ ရပ်တန့်သွားမည်ကို စိုးရိမ်လျက်ရှိသည်။ လုပ်ငန်းများ လည်ပတ်ရန်လည်း အစိုးရမှာ အရင်း အနှီးမရှိ။ ရပ်တန့်ထားရမည်ဆိုပါက ကြွေးမြီ ပြန်ဆပ်ရန် မည်သို့မျှ မဖြစ်နိုင်တော့သည့် အနေအထားသို့ ရောက်နေကြောင်း အာဖရိ ကတိုက်၏ စီးပွားရေးဆိုင်ရာ လေ့လာစုံစမ်း ရေးအဖွဲ့မှ နာသန်ဟာရက်စ်က ပြောကြားခဲ့ သည်။
“အစိုးရလက်ထဲမှာ ပိုက်ဆံမရှိတော့ တဲ့အတွက် ငွေချေးပြီးလုပ်ထားတဲ့ စီမံကိန်း တွေအားလုံး ရပ်ဆိုင်းသွားတော့မှာဖြစ်ပါ တယ်။ ဒီတော့ တချို့လုပ်ငန်းတွေကို ထပ်မံ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြန်လှန်ဆွေးနွေးဖို့ လိုအပ်နေပါတယ်။ စီမံကိန်းအများစုဟာ တရုတ်နိုင်ငံကနေ ချေးထားတဲ့ ငွေတွေ ဖြစ် နေပါတယ်” ဟု နာသန်ဟာရက်စ်က ပြောကြားခဲ့သည်။
တရုတ်အစိုးရပိုင် တရုတ်ကုန်သည်ကြီး များအသင်းမှ တာဝန်ယူဆောက်လုပ်ခဲ့ သော သီရိလင်္ကာ ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းအတွက် သီရိလင်္ကာအစိုးရက ချေးယူထားသည့် ဒေါ်လာ ၁ ဒသမ ၅ ဘီ လျံကို ပြန်မဆပ်နိုင်သဖြင့် ၂၀၁၇ ခုနှစ်တွင် တရုတ်ကုန်သည်ကြီးများအသင်းက ဆိပ်ကမ်းတည်ဆောက်ရေး ကုန်ကျမှုတစ်ဝက် ကို ပြန်လည်ဝယ်ယူခဲ့သည့် ဖြစ်ရပ်ရှိခဲ့ဖူးသည်။ ဤဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းကြောင့် ချေးယူထားသည့် ကြွေးမြီများ ပြန်မဆပ်နိုင် လျှင် စီမံကိန်းများကို တရုတ်လက်ထဲ တစ် စိတ်တစ်ပိုင်းသော်လည်းကောင်း၊ တစ်ခုလုံးသော်လည်းကောင်း ထိုးအပ်ရမည့် အခြေ အနေမျိုး အာဖရိကတိုက်နိုင်ငံများ ကြုံတွေ့ရဖွယ်ရှိနေသည်။
အီသီယိုးပီးယားနိုင်ငံသည်လည်း တရုတ်၏ Belt and Road စီမံကိန်းထဲ၌ ပါဝင်နေသည်။ တရုတ်အစိုးရက အီသီယိုးပီးယားနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် သုံးစွဲရေးအတွက် အီသီယိုးပီးယားအစိုးရပိုင် ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီထဲမှနေ၍ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံဖြင့် ဝယ်ယူခဲ့ သည်။
တရုတ်အစိုးရသည် အာဖရိကတိုက်ရှိ နိုင်ငံတစ်ခုချင်းနှင့် ညှိနှိုင်းခြင်းထက် အာဖရိကတစ်ခုလုံးနှင့် ညှိနှိုင်းပြီး မိမိအကျိုးစီးပွားရရှိရေးကို ဖော်ဆောင်ရန် လိုလားလျက်ရှိသည်။ အာဖရိကတိုက် ဘဏ္ဍာရေးဝန်ကြီး များက စီးပွားရေးပြန်လည် ကောင်းမွန်စေ ရန် ဒေါ်လာ ဘီလျံ ၁၀၀ လိုအပ်နေကြောင်း ပြောကြားထားသည်။
လူဦးရေ ၁ ဒသမ ၃ သန်းရှိသော အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သူ နှစ်သောင်းခုနစ်ထောင်ကျော်ရှိပြီး သေဆုံးသူ တစ်ထောင့်နှစ်ရာကျော်ရှိခဲ့သည်။ ကူးစက်ခံရမှုနှင့် သေဆုံးသူဦးရေ နည်းပါးသည်ဆိုသော်လည်း အာဖရိကတိုက်၏ စီးပွားရေးမှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျပ် တည်းမှု အန္တရာယ်မှ မလွတ်ကင်းနိုင်ခဲ့ပေ။
ပြင်သစ်သမ္မတ မက်ခရွန်က အာဖရိကတိုက် စီးပွားရေး အကျပ်အတည်းမှ လွတ် မြောက်စေရန် ကြွေးမြီများ လျှော်ပစ်ဖို့ လိုကြောင်း၊ ယင်းသို့ လုပ်ဆောင်မှုသည် လူ သားချင်း စာနာထောက်ထားမှုပင် ဖြစ် ကြောင်း၊ တရုတ်နိုင်ငံအနေဖြစ်လည်း အာဖရိကတိုက်ကို စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်စေရန် ဝိုင်းဝန်းကူညီဖို့ လို ကြောင်း ပြောကြားခဲ့သည်။










