၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ၀ိရောဓိ

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကျင်းပရေး ၀ိရောဓိ
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဲရုံ အမှတ် (၃) တွင် ဆန္ဒမဲပေးရန် ရောက်ရှိလာစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဲရုံ အမှတ် (၃) တွင် ဆန္ဒမဲပေးရန် ရောက်ရှိလာစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 3 May 2020
အလင်းဒီ

ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် မြန်မာနိုင်ငံ၏ တတိယအကြိမ်မြောက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို COVID-19 ကြောင့် ကျင်းပနိုင်ခြေ ရှိ၊ မရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယတိပြတ် အဖြေ မပေးသေးပေ။

ပုံမှန်အတိုင်းဆိုလျှင် လွှတ်တော်သက်တမ်း ရွေးကောက်ပွဲများအတွက် တာဝန်အရှိဆုံး အဖွဲ့အစည်းသည် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စသည် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အတွက်လည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်လို့နေသည်။

COVID-19 ကြောင့် ရွေးကောက်ပွဲ ထိခိုက်ခြင်း ရှိ၊ မရှိ ထင်ကြေးများအပေါ် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် တစ်ဦးက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများနည်းတူ နိုဝင်ဘာတွင် ကျင်းပဖွယ်ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် အရိပ်အမြွက် ပြောကြားထားသည်။

“အရင် နမူနာအတိုင်းပေ့ါနော်။ အဲဒီလိုပဲ ကျင်းပသွားဖွယ်ရှိတာပေါ့။ အရင်အတိုင်း ဆိုရင်တော့ နိုဝင်ဘာလထဲမှာ ကျင်းပသွားနိုင်ဖွယ်ရှိတာပေါ့” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ ရက် မြန်မာ့အသံနှင့် ဆွေးနွေးခန်းတွင် ပြောကြားခဲ့သည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့ပြီး ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ကာ ၂၀၂၀ အထွေထွေရွေးကောက် ပွဲကိုလည်း မလွဲမသွေ ကျင်းပရမည်ဖြစ်၍ ဆောင်ရွက်စရာရှိသည်များ ကြိုတင်ပြင်ဆင် ထားရန် ၎င်းက  ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်တွေကလည်း နိုဝင်ဘာလ မှာ ကျင်းပခဲ့တယ်။ ဒါကြောင့် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အ ရပ်ဘက်အဖွဲ့အစည်းတွေ၊  ရွေးကောက်ပွဲ စိတ်ပါဝင်စားသူတွေ နိုင်ငံရေး ပါတီတွေ အားလုံးက မိမိတို့ ဆောင်ရွက်ရန် ရှိတာတွေကို အဆင်သင့် ပြင်ဆင်ဆောင် ရွက်ပြီးစီးထားဖို့ လိုအပ်တယ်။ ဆောင်ရွက် ထားကြပါလို့ ကျွန်တော် ပြောချင်ပါတယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

သို့သော် COVID-19 ကြောင့် အစိုးရ က လူစုဝေးခြင်းကို  တားမြစ်ထားပြီး အသွား အလာ ကန့်သတ်ခြင်းများ ပြုလုပ်ထားသော ကြောင့် ကော်မရှင်တာဝန်ရှိသူ ပြောကြားသည့် အတိုင်း ယခုအချိန်တည်းက ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ရန် အခက်အခဲများ ရှိနေသည်ဟု နိုင်ငံရေးပါတီအချို့က တုံ့ပြန် သည်။

“ကျွန်တော်တို့သည် ပါတီလုပ်ငန်းတွေ ဆိုလည်း အွန်လိုင်းကနေပဲ လုပ်နေတယ်။ မဖြစ်မနေ တစ်နိုင်တစ်ပိုင် ပြည်သူကို ပံ့ပိုးကူ ညီတာကလွဲရင် လက်တွေ့မှာ ဘာမှ လူစုလူ ဝေးနဲ့လုပ်လို့ရတဲ့ အနေအထား မရှိဘူး။ အဲဒီ လို အနေအထားမျိုးကနေ ရွေးကောက်ပွဲတစ် ခု ကျင်းပဖို့ဆိုတာက ကျွန်တော်ထင်တယ်။ ဒီအတိုင်းသွားရင် ဒီထက်ဆိုးရင် မဖြစ်နိုင်ဘူး ဗျ။ ကျွန်တော်တို့ ဒီအကျပ်အတည်းက ဘယ် လိုကျော်မလဲ အဲဒါကို လေးလေးနက်နက်တိုင် ပင်ဖို့လိုတယ်”ဟု ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြောကြား သည်။

အထွေထွေရွေးကောက်ပွဲသည် တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် ကျင်းပရမည်ဖြစ်၍ လူစုလူဝေးဖြင့် ပြုလုပ်ရသော မဲဆွယ်ဟော ပြောရေး လုပ်ငန်းစဉ်များ၊ မဲစာရင်းလာရောက် ကြည့်ရှုသည့် လုပ်ငန်းစဉ်များသည် လူစုလူ ဝေးဖြစ်စေနိုင်ပြီး ကူးစက်မြန်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် အနှောင့်အယှက် ဖြစ်စေနိုင်သည်ဟု ပါတီတာဝန်ရှိသူအချို့က ရှုမြင်သည်။

“ကျွန်တော်ကတော့ လက်ရှိ ကပ်ရောဂါ အခြေအနေကို သူတို့ သေသေချာချာ အာရုံ စိုက်စေချင်တယ်။ ဒီအခြေအနေအပေါ် မူ တည်ပြီးမှ ရွေးကောက်ပွဲ ကျင်းပသင့်၊ မကျင်း ပသင့်ဆိုတာ စဉ်းစားသင့်တယ်လို့ ထင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ၏ ပြောကြားချက်တွင် ရွေးကောက်ပွဲကျင်းပရေးနှင့်စပ်လျဉ်းပြီး ကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်မှုများနှင့် ဖြစ်ပေါ်နေသည့် ဗိုင်းရပ်စ်အခြေအနေကိုကာကွယ်ရန် မည်သို့ စီစဉ်ထားကြောင်း အသေးစိတ် အချက်အလက်များမပါဝင်ခဲ့၍ နိုင်ငံရေးပါတီများ ဝေခွဲရခက်နေသည်။

“ကော်မရှင်က ကျန်းမာရေးဌာနတွေနဲ့ ညှိနှိုင်းပြီးမှ အမြန်ဆုံးအကြောင်းကြားဖို့ လိုတယ်။ ဆွေးနွေးဖို့ လိုတယ်။ နောက်တစ်ချက်က ပါတီတွေကိုလည်း အတိအလင်းအကြောင်း ကြားပြီးမှ တကယ်လို့ ရွေးကောက်ပွဲလုပ်မယ် ဆိုလည်း လုပ်မယ်ဆိုတဲ့ဟာကို တိတိကျကျ ပြောဖို့လိုတယ်”ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

၎င်းသည် နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ ၁၄ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် ကချင်ပြည်နယ် COVID-19 ကာကွယ်ရေးကွန်ရက်၏ တာဝန်ခံအဖြစ် ပါဝင်လျက်ရှိပြီး အခြားသော နိုင်ငံရေးပါတီ များသည်လည်း ကပ်ရောဂါကာကွယ်၊ တားဆီးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နေကြချိန် ဖြစ်သည်။

နိုဝင်ဘာတွင် ကျင်းပဖွယ်ရှိသည့်အထွေ ထွေရွေးကောက်ပွဲအတွက် လတ်တလော ကာလတွင် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများ၊ စည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ရန် အခြေအနေ မပေးသေး ကြောင်း ပါတီတာဝန်ရှိသူအချို့က မှတ်ချက် ပြုသည်။

လက်ရှိ ကျင်းပဆဲ ဒုတိယအကြိမ် လွှတ် တော်သက်တမ်းများသည် ၂၀၂၁ ခုနှစ် ဇန် နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သော ကြောင့် ယခုနှစ်ကုန်ပိုင်းတွင် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲများ မဖြစ်မနေ ကျင်းပရန်လို အပ်သည်။

ယခုလို ကူးစက်ရောဂါ ဖြစ်ပွားနေချိန် ကာလအတွင်း အစိုးရနှင့် ရွေးကောက်ပွဲဆိုင် ရာ  စီမံခန့်ခွဲသူများအနေဖြင့် ရွေးကောက်ပွဲ ဆက်လက်ကျင်းပမည်၊ ဆိုင်းငံ့မည် စသည့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် လူထုသွားလာ လှုပ်ရှားမှုနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဝန် ကြီးဌာန၏ ညွှန်ကြားချက်ကို ထည့်သွင်း စဉ်းစားရမည်ဟု ရွေးကောက်ပွဲဆိုင်ရာ အ ထောက်အကူပြုအဖွဲ့ဖြစ်သော International IDEA Myanmar  ၏ စာတမ်းငယ်တစ်ခုတွင် ဖော်ပြထားသည်။

“ရွေးကောက်ပွဲ ကျင်းပခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များနှင့် ရွေးကောက်ပွဲအား  ရွှေ့ဆိုင်းခြင်းကြောင့် ဒီမိုကရေစီစံနှုန်းများအပေါ် အကျိုးသက်ရောက်နိုင်မှုတို့ကို ချိန်ထိုးဆုံးဖြတ်ရမည်ဖြစ် ပါသည်”ဟု International IDEA Myanmar က စာတမ်းငယ်တွင် ထည့်သွင်းမှတ်ချက်ပြုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပ ရသည့် အထွေထွေရွေးကောက်ပွဲသည် တစ် ရက်တည်းတွင် လူအများ စုဝေးမှုဖြစ်စေနိုင် သောကြောင့် လူစုလူဝေးဖြစ်ပေါ်၍  မရသော COVID-19 နှင့် ဆန့်ကျင်ဘက်အသွင် ဖြစ် နေရာ ရွေးကောက်ပွဲကျင်းပရေးကိစ္စကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခု တည်းက မဆုံးဖြတ်ရန် နိုင်ငံရေးပါတီများက တောင်းဆိုသည်။

“ဒီကပ်ရောဂါ တိုင်းပြည်ထဲမှာ အခြေ အနေ ဘယ်လောက်ဆိုးနေလဲ၊ မဆိုးနေလဲဆို တာ ကျွန်တော်တို့ တိတိကျကျ ပြောဖို့ခက် တယ်။ ဒီအခြေအနေအောက်မှာ ရွေးကောက် ပွဲကော်မရှင်အနေနဲ့ သူတို့ဘာသာသူတို့ ဆုံး ဖြတ်တာမဟုတ်ဘဲနဲ့ သေသေချာချာ နိုင်ငံ ရေးပါတီတွေနဲ့ တိုင်ပင်သင့်တယ်လို့ ယူဆ တယ်”ဟု ဦးအောင်မိုးဇော်က ပြောကြား သည်။

တစ်ဖန် ရခိုင်ပြည်နယ်ကဲ့သို့ လက်နက် ကိုင်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့် ဒေသအပါအဝင် NCA  ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့်  တိုက်ပွဲဖြစ်ပွားဆဲ ဒေသများတွင် ရွေးကောက် ပွဲ အောင်မြင်စွာ ကျင်းပရေးသည်လည်း COVID-19 စိန်ခေါ်မှုနှင့်  တစ်ဆက်စပ်တည်း ဖြေရှင်းရမည့် စိန်ခေါ်မှုများဖြစ်ကြောင်းလည်း တိုင်းရင်းသားပါတီအချို့က ထောက်ပြသည်။

“အဲဒါတွေကို ဘာတစ်ခုမှ တိတိကျကျ ကြိုတင်ပြင်ဆင်ထားတာ မရှိဘဲနဲ့ ရွေး ကောက်ပွဲကို ဇွတ်တိုးလုပ်မယ်ဆိုတဲ့ အနေ အထားမျိုးက အကျိုးထက်အပြစ်ပိုများနိုင်တယ်လို့ သုံးသပ်ချင်ပါတယ်”ဟု ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြား သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် သည် သဘာဝဘေးအန္တရာယ်နှင့် နယ်မြေလုံ ခြုံရေးအခြေအနေအရ လွတ်လပ်ပြီး တရားမျှ တသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ သည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်း ဆောင်ရွက် ခွင့်ရှိကြောင်း ကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။

သို့သော် ဥပဒေတွင် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရွှေ့ဆိုင်းနိုင်သည့်အချက် ပါဝင် ခြင်းမရှိသလို ရွှေ့ဆိုင်းလိုလျှင်လည်း သဘော တရားအရ နိုင်ငံရေးပါတီများနှင့် မဖြစ်မနေ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံ ရေးလေ့လာသုံးသပ်သူများက ဆိုသည်။

“ရွှေ့ဆိုင်းသင့်တယ်ဆိုရင်လည်း ရွှေ့ ဆိုင်းရမှာပဲ။ အဲဒါအတွက် ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ ဘာကြောင့် ရွှေ့ဆိုင်းရတယ်။ ဘယ်အချိန်မှာ ပြန်လုပ်မယ်။ အဲဒါတွေကို ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းထားဖို့ လိုအပ် ပါတယ်။ ဥပဒေရေးဆွဲပြဋ္ဌာန်းထားချက်မရှိ ဘဲနဲ့ အာဏာရပါတီတစ်ခုတည်းရဲ့ သဘော ထားနဲ့ လုပ်ဆောင်သွားတာမျိုးက နောင်တစ် ချိန်မှာ ဝေဖန်ပြစ်တင်စရာတွေ ရှိလာနိုင်ပါ တယ်”ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အာဏာရပါတီက ခန့်အပ်ခွင့်ရှိခြင်းကြောင့် အကျပ်အတည်း ကာလတွင် ရွေးကောက်ပွဲကျင်းပရေးသည် အစိုးရ၏ သဘောထားအပေါ်လည်း များစွာ မူတည်မည်ဟု မှတ်ချက်ပြုမှုများလည်း ရှိ သည်။

“ကော်မရှင်ကိုယ်၌က အစိုးရရဲ့ အဖွဲ့အ စည်းတစ်ခုလို ဖြစ်နေသေးတယ်။ ကျွန်တော် တို့ တိုင်းပြည်အခြေအနေအရ။ လွတ်လပ်တဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ အစိုးရဲ့ သဘောထားအပေါ်မှာ အများကြီး တည်မှီတယ်လို့ ကျွန်တော့်အနေနဲ့ ထင်တယ်။ ယူဆတယ်”ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြား သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ် အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြဿနာများ ပေါ်ပေါက်ခဲ့ပြီး အဆိုပါကိစ္စရပ်ကိုအကြောင်း ပြု၍ ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအား ရွှေ့ဆိုင်းရန် နိုင်ငံရေးပါတီအချို့ကို ဖိတ်ကြားဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် သတ်မှတ်ခြင်းကို ကော်မရှင်အနေဖြင့် သက် ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်းပါရှိသော် လည်း ညှိနှိုင်းတိုင်ပင်ခြင်း မရှိလျှင်လည်း ကော်မရှင်ကို ဝေဖန်ရုံမှတစ်ပါး အခြားနည်း လမ်းဆောင်ရွက်နိုင်မည် မဟုတ်ပေ။

ကပ်ရောဂါကာလဖြစ်သောကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ရွှေ့ဆိုင်းခြင်း စသည့်  ဆုံးဖြတ်ချက် နှစ်ရပ်စလုံးသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွက် နိုင်ငံရေးအရ များစွာအကျပ်အတည်းဖြစ်စေ နိုင်၍ နိုင်ငံရေးပါတီများနှင့် ဦးစွာညှိနှိုင်းသင့် ကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က အကြံပြုသည်။

အကယ်၍ ရွေးကောက်ပွဲကို ပုံမှန်အချိန်အတိုင်း ကျင်းပဖြစ်မည်ဆိုလျှင် ကပ်ရောဂါကာလ ရွေးကောက်ပွဲစီမံမှုများအတွက် လက်ရှိရှိနှင့်ပြီး ရွေးကောက်ပွဲ ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများသည် လုံလောက် ခြင်းမရှိဘဲ ဖြည့်စွက်ပြင်ဆင်စရာများ  ရှိနေသည်ဟု ၎င်းက ဆိုသည်။

“မဲစာရင်းကို ပြည်သူလူထုက ကိုယ်တိုင်သွားစစ်စရာမလိုဘဲ အွန်လိုင်းပေါ်ကစစ် လို့ရအောင် အွန်လိုင်းပေါ်က အက်ပလီကေး ရှင်းနဲ့ တင်လို့ရအောင် အဲဒီလိုဟာမျိုးတွေက လက်ရှိ လုပ်ထုံးလုပ်နည်းမှာ မရှိဘူး။ မရှိ တော့ ဒါတွေကိုပြင်ဆင်ထားလား။ မပြင်ဆင် ထားလားဆိုတာ မသိဘူး။ နောက်တစ်ခါ မဲ ဆွယ်စည်းရုံးရေး။ မဲဆွယ်စည်းရုံးရင် လူစု လူဝေးဖြစ်မှာမို့ အွန်လိုင်းပေါ်က မဲဆွယ် လို့ရအောင် အထူးသဖြင့် နိုင်ငံပိုင်မီဒီယာတွေ က မဲဆွယ်လို့ရအောင် အဲဒီအတွက် လုပ်ထုံး လုပ်နည်းတွေ မရှိဘူး။ နောက် အသိပညာပေး လုပ်ငန်းတွေကို အွန်လိုင်းပေါ်က လုပ်လို့ရ အောင် လုပ်ထားတာမျိုး အဆင်သင့်မရှိဘူး”ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မေ ၂ ရက်အထိ COVID-19 အတည်ပြုလူနာ ၁၅၀ ကျော် တွေ့ရှိထားပြီး အသွားအလာ ကန့်သတ်ထား သူ ၄၂၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ကြောင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အဓိကအတား အဆီးသည် COVID-19 ကူးစက်ပြန့်ပွားမှု ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မီ ဗိုင်းရပ်စ်ရောဂါ ကို ထိန်းချုပ်နိုင်မည်ဟု ထင်မြင်မှုများရှိသလို စီးပွားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ပါးသည့် မြန်မာနိုင်ငံအနေအထားအပေါ် စိုးရိမ်မကင်းမှုများလည်း ရှိနေသည်။

“ရွေးကောက်ပွဲကတော့ ဘာပဲဖြစ်ဖြစ် မဖြစ်မနေလုပ်ရမယ့်အပိုင်းတော့ ဖြစ်တာပေါ့။ လွန်ခဲ့တဲ့ အချိန်မှာ တောင်ကိုရီးယားလည်း လုပ်ပြီးပြီ။ အခု နိုဝင်ဘာမှာ အမေရိကန် လည်း  လုပ်တော့မယ်။ ဒါတွေတော့ ရှိတယ်။ ဒီဟာတွေက သူများနိုင်ငံတွေက ကျန်းမာရေး အခြေအနေက ထိန်းချုပ်နိုင်တဲ့ အခြေအနေ မျိုး ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံက ဆင်းရဲ တယ်ဆိုတော့ ဘယ်လိုမျိုးဖြစ်လာမလဲ။ စိုးရိမ် ချက်တွေတော့ ရှိနေတယ်”ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် COVID-19 ကာ ကွယ်ထိန်းချုပ်ရေးကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိပြီး အတည်ပြု လူနာတွေ့ရှိမှု အနေအထားအရ ဆိုးဆိုးရွား ရွား မဟုတ်သောကြောင့် ကျော်လွှားနိုင်မည့် အနေအထားဖြစ်လျှင် ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲများ  လိုကောင်းမှလိုအပ်မည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မှတ် ချက်ပြုသည်။

“လောလောဆယ် အခြေအနေနဲ့ဆိုရင် နိုဝင်ဘာဆိုတာ အခုက မေ၊ ဇွန် ငါးလပိုင်း ပေါ့။ ရွေးကောက်ပွဲကော်မရှင်ကနေ ဘယ် လိုလုပ်မလဲဆိုတဲ့ အခြေအနေကတော့ အချိန် တော့ ရှိသေးတယ်လို့တော့ ကျွန်တော်တွက် တာပဲ”ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ရွေးကောက်ပွဲမကျင်းပမီ နှစ်လ နှင့် ၂၄ ရက်အလိုတွင် ကြေညာခဲ့သလို ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိုလည်း လေးလအလိုတွင် ကြိုတင်ကြေညာခဲ့သည့် နမူနာများကိုရယူ၍ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ ကျင်းပမည့်အချိန်ကို ကြေညာပေး သွားမည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားထားသည်။

“ဒါကတော့ ဆန္ဒစောလို့မရဘူး။ နောက် ကျလို့လည်းမရဘူး။ အရင်အတိုင်း ကျွန်တော် တို့ ကြေညာမှာပဲ”ဟု ၎င်းင်းက မြန်မာ့အသံနှင့် ဆွေးနွေးခန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများနှင့် ကျင့်သားရရန် ကြိုးစားနေသော မြန်မာကဲ့သို့နိုင်ငံမျိုးတွင် ရွေးကောက်ပွဲရွှေ့ ဆိုင်းခြင်း၊ ရပ်ဆိုင်းခြင်းသည် ပြဿနာတစ်ခု ကို ဖြေရှင်းနိုင်သော်လည်း နိုင်ငံရေးပြဿနာ များကို ဖိတ်ခေါ်သလို ဖြစ်နေတတ်ကြောင်း PACE  အဖွဲ့မှ ကိုစိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။

“တကယ်လို့ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းကုန်ဆုံးတဲ့အထိ အထွေထွေရွေး​ကောက်ပွဲ မကျင်းပနိုင်ခဲ့ဘူးဆိုရင် အုပ်ချုပ်ရေးကဏ္ဍ အခြေခံဥပဒေ အကျပ်အတည်း၊ နိုင်ငံရေး အင်စတီကျူးရှင်းတွေအပေါ် ယုံကြည်မှုနဲ့ တရားဝင်မှုဆိုင်ရာပြဿနာများကို မလွဲမသွေ ရင်ဆိုင်ရဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။                                        

 

 

 

 

Most Read

Most Recent