ဆောင်းပါးကို ဒေါက်တာနေဇင်လတ်ရဲ့ပို့စ် (Post) နဲ့ စချင်ပါတယ်။ သူ့ရဲ့ Page မှာ (၆-၄-၂၀) နေ့က တင်ထားတယ်။ သူပြောတာက “ COVID ဆိုတာ ဓာတ်ခွဲခန်းထဲက အထူးမွေးဖွားခံဖြစ်လို့ နောက်တစ်ကျော့လာရင် လက္ခဏာမပြတော့ဘူး။ ခြေထောက်မပါပေမဲ့ ကမ္ဘာပတ်နိုင်တယ်။ ကြိုက်တဲ့နိုင်ငံသွား ဗီဇာ မလိုဘူး။ စက်ရုံအလုပ်ရုံတွေကို ပိတ်ပစ်နိုင်တယ်။ နိုင်ငံတစ်ခုရဲ့ စီးပွားရေး အဆောက်အဦကြီး တစ်ခုလုံးကို ဖြိုပစ်နိုင်တယ်။ ဘဏ်တွေကို ဘုံးဘုံးကျ ပြိုလဲစေနိုင်တယ်။ ဒါတင်ပဲလား၊ ဘယ်ဟုတ်ပါ့မလဲ အားလုံးကို အပြင်မထွက်ရဲအောင် ဟန့်တားနိုင်တယ်။ လုယက်ဖျက်ဆီးမှုတွေ ဖြစ်အောင်လည်း လုပ်နိုင်တယ်။ ဒါတင်ပဲလား ဘယ်ကလိမ့်မလဲ။ အစိုးရတွေကိုလည်း ခြိမ်းခြောက်နိုင်တယ်။ သူတို့ ပြုတ်ကျသွားအောင်လည်း လုပ်နိုင်တယ်။ ဒါပဲလားလို့ မေးချင်သေးလား။ မလေးမစား လုပ်ကြည့်လိုက်လေ။ အလောင်းကောင်တွေတောင် ထပ်သွားဦးမယ်။ ကျုပ်ဆိုတဲ့ COVID တစ်ကျော့ပြန်လာဖို့ မျှော်လိုက်ကြဦး။ အလေးအနက် သတိထားဖို့ပဲ ရည်ရွယ်ပါတယ်။ အချိန်နီးကပ်လာပြီလို့ ခန့်မှန်းပါတယ်။
ကျွန်တော်က ကိုဗစ်အကြောင်း၊ ကိုဗစ်အစွမ်းနဲ့ ကိုဗစ်ကြောင့် ကမ္ဘာ့လူ့အဖွဲ့အစည်းတွင်းမှာ ဝရုန်းသုန်းကား ဖြစ်နေတာတွေ၊ ဒုက္ခနဲ့ အဆင်မပြေမှုတွေ၊ နောင်တနဲ့ အသိတွေ အကြောင်းရေးမယ်လုပ်နေတုန်းမှာ သူ့ရဲ့ Post ကို ဖတ်မိတာနဲ့ ဦးစားပေး အရင်ရေးပြလိုက်တာပါ။ အခုလို သူ့ပို့စ်ကို ပြန်ရေး၊ ပြန်သုံးတာကိုလည်း သူ့အနေနဲ့ ခွင့်ပြုမယ်လို့ ထင်ပါတယ်။ ခွင့်မပြုဘူးဆိုရင်လည်း မတတ်နိုင်တော့ပါဘူး။ ကျွန်တော်က ရေးပြီး၊ ကူးယူပြီးသွားပါပြီ။ သူ့ရဲ့ အာဘော်၊ ရည်ရွယ်ချက်က ကျွန်တော့် စိတ်ကူးစိတ်သန်း၊ ကျွန်တော် ရေးချင်တာနဲ့ မတော်တဆ သွားတူ တိုက်ဆိုင်သလို ဖြစ်သွားတယ်။ ဒါပေမဲ့ သူက လက်ဦးတယ်ဆိုရမယ်။ သူက Facebook မှာ ရေးတာဖြစ်တယ်။ ကျွန်တော်ကတော့ သတင်းဂျာနယ်မှာ ရေးတယ်။ ကျွန်တော် စာရေးကာစတုန်းက သူ့ဆောင်းပါးတွေ ဖတ်ရတယ်။ စောင့်ဖတ်ရတယ်။ နိုင်ငံရေး ၊ စီးပွားရေးစတဲ့ ကဏ္ဍတွေမှာ မဟာဗျူဟာမြောက် ရေးသားနိုင်တဲ့ ပညာရှင်ဖြစ်လို့လည်း လေးစားခဲ့ပါတယ်။
ရေးလက်စနဲ့ မထူးတော့ပြီမို့ ဆက်ရေးလိုက်ပါ့မယ်။ COVID Politics ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတဲ့ သူ့ပို့စ်ကို။ စကတည်းက Conspiracy လို့ သုံးသပ်တယ်။ တဖြည်းဖြည်းရုပ်လုံးပေါ်လာတော့ သေချာသလောက် ဖြစ်သွားတယ်။ COVID Politics ပိုင်း အသက်ဝင်လာပြီ။ ကိုဗစ်နိုင်ငံရေးက ကျည်မဲ့စစ်။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲမသွားဘူး။ အသေအပျောက် ပိုများစေတယ်။ စီးပွားရေး အဆောက်အအုံတစ်ခုလုံး ယိုင်သွားစေတယ်။ စတော့ပိုင်ရှင်တွေ အပြောင်းအလဲဖြစ်ရင်း ပြည်ပက နေရာဝင်ယူနိုင်ဖို့ ကျည်မဖောက်ရဘဲ စီးပွားရေးနဲ့ ချုပ်ကိုင်ခွင့်ရှိသွားစေတယ်။ နိုင်ငံငယ်တချို့ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ အစိုးရအပြောင်းအလဲတွေ ဖြစ်လိမ့်မယ်။ ရှိဆဲအစိုးရတွေအတွက် အရင်းအနှီးကြီးတယ်။ စွန့်စားမှုကြီးတယ်။ ခံစစ်အနေအထား ရောက်သွားတယ်။ ကြိုးစားလွန်းမှ စီမံခန့်ခွဲတတ်ပါမှ အရင်းရဖို့ မလွယ်တဲ့အခြေအနေ။ အရှုံးနည်းရေး စစ်ဆင်နိုင်ရေးက ပိုအရေးပါလာမယ်။ ဆုံးဖြတ်ချက်မှားလို့ အကိုင်အတွယ်မတတ်ရင် ပြေးပေါက်တောင် မှားသွားနိုင်တယ်။ COVID Politics က ကာလတစ်ခုထိ ကြာဖို့ရှိတယ်။ အမေရိကန်နဲ့ ယူကေကတော့ ၂၀၂၁ အထိ မှန်းထားကြတယ်။ တစ်ကျော့ပြန်၊ နှစ်ကျော့ပြန် လှိုင်းတွေရဲ့ အရိပ်အယောင်ကိုလည်း တွေ့နေရတာမို့ ‘တိုးတိတ်ကာလရှည်စစ်’ Long term Silent War လို့ အမည်ပေးချင်တယ်။ နိုင်ငံကြီးတွေရဲ့ နိုင်ငံရေးပုံစံ မပြောင်းဘူး၊ စီးပွားရေးနဲ့ ပါ၀ါတွေပဲပြောင်းမှာ။ နိုင်ငံငယ်တွေမှာတော့ စီးပွားရေးပို နိမ့်ကျ၊ မငြိမ်မသက်ဖြစ်ပြီး နိုင်ငံရေး ပြောင်း၊ အစိုးရပြောင်းတွေအထိ ဖြစ်သွားနိုင်တယ်။ COVID ဟာ Tool of Modern Politics, Game Changer Power Mover, Position Shifter, Creator of New World Order ။ ထူးခြားတာက သူ့မှာ No Rule of Game, It’s just free and smart fight လို့ ဆိုတယ်။
ကိုဗစ်ဆိုတဲ့ အကောင်လေးဟာ သေးသေးမွှားမွှားမို့သာ တော်တော့တယ်။ ဘယ်လောက်သေးသလဲဆိုရင် သာမန်မျက်စိနဲ့တောင် မမြင်ရဘူး။ အနုကြည့်မှန်ပြောင်းလို့ခေါ်တဲ့ Miscroscope နဲ့ အဆပေါင်း များစွာချဲ့ကြည့်မှ မြင်ရတယ်။ အဲဒီလောက်သေးတဲ့အကောင်လေး၊ အကောင်မွှားကြောင့် ကမ္ဘာကြီးကလူ အားလုံး၊ အစိုးရအကုန်လုံးကို မအိပ်နိုင်၊ မစားနိုင်၊ မသွားနိုင်၊ ထိုင်မရ ထမရလောက်အောင် စွမ်းတာကိုတော့ အသိအမှတ်ပြုရလိမ့်မယ်။ ဒါကြောင့် မြတ်စွာဘုရားက ဟောခဲ့တာဖြစ်မယ်။ အကောင်သေးဆိုပြီးတော့လည်း မထီမဲ့မြင်မလုပ်နဲ့ အကောင်သေးပေမဲ့ သူ့မှာ စွမ်းအားရှိတယ်၊ အဆိပ်ရှိတယ်။ လူကိုသေစေနိုင်တယ်၊ ကြောက်ရွံ့ထိတ်လန့်စေနိုင်တယ်။ ဟုတ်တယ်။ အခုလည်း လက်တွေ့ဒိဋ္ဌ။ ကမ္ဘာ့လူသားတွေ အားလုံး သူ့ကို ကြောက်နေကြရတယ်။ စစ်ဘုရင်တွေ၊ ပါ၀ါရှင်တွေ၊ ပညာရှင်တွေအားလုံးလည်း သူ့ကို မထိမတို့ရဲကြဘူး။ သူက စွမ်းလို့။ နောက်ပြီးတော့ သူက ဘက်မလိုက်ဘူး။ အဂတိလည်းကင်းတော့ ပိုကြောက်ကြတယ်။
ကိုဗစ်အစွမ်းက များလွန်းလှတယ်။ တိမ်မြုပ်နေတဲ့၊ ငုပ်နေတဲ့ ပညာရှင်တွေ၊ ပညာတွေ၊ အတတ်တွေကိုလည်း ပြန်လည်ဖော်ထုတ်ပေးတယ်။ ဒါလည်းပဲ သူပဲတတ်နိုင်တာ။ ကမ္ဘာမှာ မြန်မာဟေ့လို့ ကြွေးကြော်လို့ရအောင် သူက လုပ်ဆောင်ပေးတယ်။ အထောက်အကူပြုတယ်။ သူ့ကို ရင်ဆိုင်အံတုဖို့၊ ကုသကာကွယ်ဖို့ အသည်းအသန်လိုအပ်နေချိန်မှာ မြန်မာပညာရှင်တွေ ပေါ်ထွက်လာတာ တွေ့ရတယ်။ ဒေါက်တာနေဇင်လတ်လို ပညာရှင်တစ်ယောက်အကြောင်းပြောရင် သူ့လိုပဲ တခြားပညာရှင်တစ်ယောက် အကြောင်းပြောမှ ကောင်းမယ်။ သူက ကိုဗစ်ရောဂါပိုးကို ကာကွယ်တားဆီး အံတုနိုင်မယ့်ဆေး (Vaccine) ကို ထုတ်ချင်တယ်။ သက်ဆိုင်ရာက ခွင့်ပြုရင်ထုတ်မယ်။ သူ့မှာထုတ်လုပ်နိုင်တဲ့ နည်းပညာတွေ ရှိတယ်ဆိုတယ်။ ဒီသတင်းကြောင့် မြန်မာပြည်သူတွေ ဝမ်းသာသွားကြတယ်။ ပျော်ကြတယ်။ မြန်မြန်ထုတ်နိုင်ပါစေ၊ ထုတ်ပါဆိုပြီးလည်း တောင်းဆိုကြတယ်။ မှန်တာပဲ။ ပြည်သူဆိုတာ ဒုက္ခရောက်နေချိန်၊ ရေနစ်နေချိန်၊ အားကိုးရှာနေချိန်မှာ ဒီသတင်းမျိုးဟာ မြက်တစ်ပင်မက တန်ဖိုးရှိတယ်။ ကိုယ့်ထက်တော်၊ တတ်၊ ပြည့်စုံတဲ့ နိုင်ငံက ပညာရှင်တွေတောင် မထုတ်နိုင်သေးတဲ့ ကာကွယ်ဆေးကို သူက ထုတ်ပေးမယ်ဆိုတော့ မြန်မာအတွက် ထူးကဲတဲ့အခွင့်အရေး၊ စင်ပေါ်ရောက်မယ့်အခွင့်ထူး၊ ကံကောင်းခြင်းတစ်ခုပဲဖြစ်တယ်။ သူ့အကြောင်း လေ့လာကြည့်တော့ တကယ်တော်တဲ့ပညာရှင်ဖြစ်တယ်။ အရင်က သူနဲ့တွဲပြီး ကာကွယ်ဆေးထုတ်တဲ့လုပ်ငန်း (တိရစ္ဆာန်ဆေး) မှာ အတူလုပ်ခဲ့ဖူးတယ်။
လူတိုင်းက ကိုဗစ် မကောင်းကြောင်း၊ ဆိုးကြောင်း၊ ဒုက္ခပေးကြောင်း ပြောဆိုနေချိန်မှာ သူ့အစွမ်းတွေကို ပြောတာဟာ တခြားမဟုတ်ပါဘူး။ ယူတတ်ရင်ကုသိုလ်ဆိုတာလို မကောင်းမှုအနိဋ္ဌာရုံဖြစ်တဲ့ ကိုဗစ်ရဲ့ ဆိုးကျိုးတွေထဲက ကောင်းတာတွေး၊ အကျိုးရှိတာစဉ်းစား၊ ဖန်တီးရယူနိုင်တာတွေကို ပြောတာ။ သူ့ကို အမွှမ်းတင်တာတော့မဟုတ်ဘူး။ လူ အများ၊ နိုင်ငံများအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ ကိုယ်ကျင့်သိက္ခာရေး၊ ရှင်သန်ရေးတွေမှာ အကျိုးဖြစ်၊ အကောင်းဖြစ်စေနိုင်တဲ့ အကြောင်းတရား ဆက်စပ်မှုကို ပြောချင်တာ။ အားပေးတာမဟုတ်ပါ။ ကျွန်တော့်လိုပဲ အဆိုးထဲက အကောင်း၊ အရှုံးထဲက အမြတ်ရယူသွားသူတွေ၊ စီးပွားဥစ္စာပညာနဲ့ ဂုဏ်သိက္ခာအကျိုးရှိသွားသူတွေ၊ ဖန်တီးလုပ်ဆောင်သူတွေလည်း ရှိမှာပါ။ နိုင်ငံရေးအရ အမြတ်ထုတ်အကျိုးရတာလည်းပါမယ်။ ကိုဗစ်ကိုအကြောင်းပြုပြီး ဘယ်တုန်းကမှ မလုပ်ခဲ့၊ လုပ်ဖို့လည်းမစဉ်းစား၊ သတိမရတဲ့ အလုပ်တွေ လုပ်ကြတာလည်း မြင်ကြမှာပါ။ နိုင်ငံရေး စကားလုံးနဲ့ပြောရင်တော့ ‘ကျွဲကူး ရေပါ’ ဆိုသလိုပေါ့။ ဒါကြောင့်လည်း ကိုဗစ် စွမ်းတယ်လို့ ပြောရတာ။ အဲဒီလိုလူတွေကတော့ ကိုဗစ်ကို ကျေးဇူး ကြိတ်တင်ချင်တင်နေမှာ။
ကိုဗစ်က စွမ်းတယ်။ စွမ်းပကားဆိုတာ မူကွဲနှစ်ခုတော့ရှိတယ်။ ကောင်းတဲ့အစွမ်း၊ ဆိုးတဲ့အစွမ်း၊ အကျိုးပြု အစွမ်း၊ အကျိုးယုတ်အစွမ်း။ ကိုဗစ် လို လူအများကို စိတ်ရောကိုယ်ပါ ဒုက္ခရောက်၊ သောကပို၊ ဆိုးကျိုးဖြစ်တာမို့ သူ့မှာ ကောင်းတဲ့အစွမ်းရှိတယ်ပြောတော့ လက်ခံဖို့ခက်မယ် ထင်တယ်။ သူများအတွက် မသိပေမဲ့ ကျွန်တော့်အတွက်တော့ ကောင်းကျိုးတချို့ ရခဲ့တယ်။ ကိုဗစ်မလာခင်၊ မပေါ်ခင်ကဆိုရင် နေ့နေ့ညည ကိုယ့်အလုပ် ကိုယ့်ဗာရီယ၊ ကိုယ့်အာရုံကျတဲ့ဆီမှာပဲ တဝဲလည်လည်ရှိနေ၊ ကျက်စားနေခဲ့တယ်။ ဘုရားရှိခိုး၊ စာဖတ်၊ ဆွမ်းလောင်း၊ ဆေးကုဆိုတဲ့ ကုသိုလ်ကောင်းမှု (မဆိုစလောက်) သာရှိခဲ့။ ရခဲ့တယ်။ လုပ်နေခဲ့မိတယ်။ ကိုဗစ်လည်း ရောက်လာ၊ ပေါ်လာရော အဲဒီထဲမှာမပါတဲ့ အလုပ် (ကောင်းမှု) ကို လုပ်ဖြစ်ခဲ့မိတယ်။ လုပ်ဖို့သတိရတယ်။ ကြောက်စိတ်က လှုံ့ဆော်တိုက်တွန်းတာ၊ ကိုဗစ်က ခြောက်တာကြောင့်ဖြစ်မယ်။ အရင်က ဗုဒ္ဓါနုဿတိလောက်သာ လုပ်ဖြစ်တယ်။ အခုဆိုရင် အားတာနဲ့ သတိဝင်တာနဲ့ သမ္ပုဒ္ဓေဂါထာကို ရွတ်ဖြစ်လာတယ်။ ဂါထာအကျိုး ရ မရ ဆိုတာထက် မမေ့မလျော့တဲ့ သတိတရားနဲ့ နေတတ်တဲ့ အကျင့်ကောင်းတစ်ခုကိုတော့ လက်ငင်းချက်ချင်း ရခဲ့တယ်။ ဒီလိုဖြစ်အောင် လုပ်ပေး၊ ပြောင်းပေးတာဟာ သူပါ။ ဒါကြောင့် ကိုဗစ်က စွမ်းတယ်ပြောတာ။ အရင်က အဖေ၊ အမေ၊ ဇနီး၊ ဆရာတော်တွေက အချိန်အခါသင့်တိုင်း ကုသိုလ်ကောင်းမှုကို လုပ်ဖို့၊ ကိုယ်လုပ်ချင်၊ အာရုံကျတဲ့လောကီအမှု (ကုသိုလ်ရော၊ အကုသိုလ်ပါ) တွေ လျှော့ချဖို့ သတိပေး တိုက်တွန်းခဲ့ပေမဲ့ မလုပ်ဖြစ်။ မလုပ်ခဲ့။ အရေးမမူခဲ့တာ အခုတော့ သူတို့တွေ မတိုက်တွန်း၊ မစေ့ဆော်ဘဲနဲ့ ကုသိုလ်အမှုတွေလုပ်ဖြစ်တာဟာ သူ့ကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ကိုဗစ်က စွမ်းတယ်လို့ ပြောချင်တာ။
ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ တစ်နှစ်နေလို့ တစ်ခေါက် မရောက်ဖြစ်တဲ့ ဘုန်းကြီးကျောင်း ဆိုတာလည်း အခုရောက်ဖြစ်တယ်။ အရင်က နေထိုင်မကောင်းတာတောင် ဆေးခန်းမသွားဖို့ ပိတ်ထားဖို့ မပြောခဲ့၊ မတားခဲ့ပဲ နေသာသလို မသိကျိုးကျွံနေခဲ့တဲ့သားကတောင် အခုဆိုရင် အဖေကို ဂရုစိုက်တတ်လာတယ်။ ရောဂါကူးစက်ခံရမှာစိုးလို့ ဆေးခန်း၊ ယာယီပိတ်ဖို့ တောင်းဆိုလာတယ်။ အဖေက အသက်ကြီးပြီး ခံနိုင်ရည်အားတွေ လျော့နေပြီ၊ အဖေနားမှ ဖြစ်မယ်ဆိုတာဟာလည်း သူ့ကြောင့်၊ သူ့အစွမ်းပါပဲ။ အရင်က ငါ့သားဟာ အဖေ့အပေါ် ဂရုစိုက်၊ နားလည်၊ တန်ဖိုးထားမှု နည်းတယ်လို့ ထင်ခဲ့၊ စိတ်မကောင်းဖြစ်ခဲ့၊ အဆိုးဖြစ်ခဲ့တာလည်း ပျောက်ပျက်သွားတယ်။ သားတွေရဲ့ စေတနာ မေတ္တာနဲ့ သိတတ်မှုကို နားလည် သိမြင်လာခဲ့တယ်။ ဒါလည်း သူ့ကြောင့်၊ သူ့အစွမ်းပဲဖြစ်ပါတယ်။ သူက ကျွန်တော်နဲ့ သားတို့အကြားက ဝေးကွာ၊ မှေးမှိန်ပြီး နွေးထွေးမှုမရှိတဲ့ ဆက်ဆံရေးတွေ ပြောင်းလဲပေးခဲ့တယ်။ ရရှိစေခဲ့တယ်။ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ပေးခဲ့တယ်။ အရင်က အဘိုး၊ အဘွား၊ ကြီးဒေါ်၊ ဦးကြီးတွေကပဲ မှီခိုလို့ သားအဖကြား နွေးထွေးတဲ့ ဆက်ဆံရေး၊ ယုံကြည်ရေးရှိဖို့၊ ပေါ်ဖို့ ပြောဆိုဆုံးမခဲ့ပေမဲ့ မရခဲ့၊ မပေါ်ပေါက်ခဲ့တဲ့ သားအဖ ဆက်ဆံရေးကောင်းမွန်မှုကို ကိုဗစ်က လုပ်ဆောင်ပေးခဲ့တယ်။ ဒါကြောင့် သူက စွမ်းတယ်လို့ ဆိုချင်တာ။
ကိုဗစ်အရှိန်ကို လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး လူတွေ အိမ်ထဲနေဖို့၊ အသွားအလာဆင်ခြင်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့ မေတ္တာရပ်ခံလိုက်တယ်။ ၁၀ ရက်တာ ခြိုးခြံချွေတာကျင့်ကြံဖို့၊ လိုက်နာဖို့၊ ထိန်းချုပ်ဖို့လုပ်တဲ့အခါ ရှိသူ၊ တတ်နိုင်သူအတွက် အပန်းမကြီး၊ စာမဖွဲ့လောက်ပေမဲ့ တစ်နေ့လုပ် တစ်နေ့စားတွေ၊ ဒကာ ဒကာမတွေ ရဲ့ ဆွမ်းအလှူကို အားကိုးနေရတဲ့ ရဟန်းသံဃာနဲ့ သီလရှင်တွေအတွက်က ပူစရာဖြစ်စေတယ်။ ဒါကြောင့် ကိုယ့်အဖွဲ့သားတွေနဲ့ တိုင်ပင်ပြီး လိုနေတဲ့ ကွပ်လပ်တစ်ခုဖြည့်ဖို့၊ အပူမီးတစ်ခုငြိမ်းဖို့ လုပ်ခဲ့တယ်။ တစ်နှစ်တစ်ခေါက် မရောက်ဖြစ်တဲ့ ဘုန်းကြီးကျောင်းကို ရောက်တယ်။ မြို့နယ်တွင်းက ဆွမ်းအတွက် လိုအပ်တဲ့ကျောင်းတိုက်တွေလှူဖို့ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး စတာတွေ လှူခဲ့တယ်။ တရားနာခဲ့တယ်။ ရေစက်ချ အမျှဝေနိုင်ခဲ့တယ်။ တကယ်လို့သာ ကိုဗစ်မရောက်၊ မပေါ်ခဲ့ရင် အခုလို ကုသိုလ်အမှု၊ ကောင်းကျိုးတစ်ခု လုပ်ဖြစ်မှာမဟုတ်ဘူး။ လုပ်ဖို့ သတိရ အာရုံရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုဗစ်က စွမ်းတယ်၊ ကုသိုလ်ကောင်းမှုကို စေ့ဆော်အားပေးတယ်လို့။ သူက မေ့လျော့ပြီး မလုပ်ဖြစ်တဲ့ လုပ်ဖို့လည်း မစဉ်းစားခဲ့တဲ့ ကုသိုလ်ကောင်းမှုနဲ့ သီလ၊ သမာဓိ၊ ပညာ အမှုတွေကို ပြန်လည်ဖော် ထုတ်ပေးတယ်လို့ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
အဲဒီနေ့က ဆရာတော်က ကိုယ်တစ်ခါမှ မဖတ်ဖူး၊ မသိဖူးတဲ့ အဘိဓမ္မာ ကျမ်းစာအုပ်တစ်အုပ် လက်ဆောင်ပေးတယ်။ ခရမ်းမြို့၊ ကိုင်းကုန်းပါဠိတက္ကသိုလ်၊ ဒုတိယကိုင်း ကုန်းဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တတေဇပြုစုပြီး အရှင်အာစိဏ္ဏ (ဥက္ကဋ္ဌဆရာတော်၊ သာကေတ) က တည်းဖြတ်တဲ့ ကိုင်းကုန်းသဂြုႋလ် ဆိုရိုးကျမ်းစာအုပ်ကိုရတယ်။ ကျွန်တော် စိတ်ဝင်စားလေ့လာချင်တဲ့ အဘိဓမ္မာပညာဖြစ်လို့ ဆရာတော်ကို လျှောက်ခဲ့မိတယ်။ တပည့်တော်အတွက် ဒီနေ့ကတော့ ကုသိုလ်ရော၊ ပညာပါ ရတယ်။ တိုးပွားတယ်။ ကိုဗစ်ကြောင့် ကျောင်းကိုရောက်၊ ရတနာသုံးပါး ဆည်းကပ်၊ အလှူဒါနလုပ်၊ ကုသိုလ်ရ၊ ပညာရ၊ အကျိုးရတယ်။ ဒါကြောင့် ကိုဗစ်က အစွမ်းထက်တယ်လို့တောင် ပြောခဲ့မိတယ်။ ဒီလိုဆိုတာက ကျွန်တော့်အတွက် ပုဂ္ဂလအဆို၊ အမြင်တစ်ခုသာဖြစ်ပါတယ်။
ကိုဗစ်မလာခင်တုန်းက ကားစီးရင် ဖတ်မိတယ်။ တီဗွီကြော်ငြာတွေမှာလည်း တွေ့ရတယ်။ ကြားရတယ်။ အသိပညာ ဖြန့်ဝေပေးထားတယ်။ ကျန်းမာရေးအတွက် လက်ဆေးပါ။ လက်ဆိုတာ အရာဝတ္ထုများစွာကို မကြာခဏ ကိုင်တွယ်တဲ့အကျင့်၊ အလုပ်လုပ်တာမို့ လက်ကနေ ဝမ်းရောဂါပိုးလို ကူးစက်တတ်တယ်။ လက်ဟာရောဂါ ပိုးသယ်ဆောင်သလိုမို့ မကြာခဏ လက်ဆေးပါ။ သတိရတိုင်း လက်ဆေးပါလို့ အသိပညာ ဖြန့်ဝေပေမဲ့ ကျွန်တော်အပါအဝင် လူအများက စိတ်ဝင်တစား၊ ဂရုတစိုက်၊ လိုက်နာလုပ်ဆောင်တာ မရှိသလောက်ပါပဲ။ အခုလို ကိုဗစ်ရောက်လာ၊ ပေါ်လာတဲ့အခါတော့ ကျွန်တော်အပါ လူများက လက်တွေဆေးကြတယ်။ ဆေးတာတောင် ရိုးရိုးမဟုတ်ဘူး။ ဆပ်ပြာ၊ ဟန်းဂျယ်၊ အရက်ပျံတွေနဲ့ကို ထပ်ခါဆေးကြတယ်။ တစ်ခုခုကိုင်ပြီးရင်၊ အပြင်ကပြန်လာရင် လက်တင်မဟုတ်ဘူး တစ်ကိုယ်လုံးတောင် ဆေးပစ်ချင်စိတ်ပေါ်တယ်။ ကျန်းမာရေးအသိက အခုမှရင်ထဲမှာ လေးလေးနက်နက်စွဲနေတယ်။ အပ္ပမာဒေနဆိုတာက အခုမှတကယ့်ကို အသက်ဝင်ရှိနေတာဟာ ကိုဗစ်အစွမ်းသတ္တိကြောင့်ပဲ။ ဒါကြောင့် သူဟာ ဥပဒေ၊ စည်းမျဉ်း၊ ခေါင်းဆောင်၊ ပညာပေးအစီအစဉ်တွေထက် ပိုပြီးစွမ်းအားကြီး၊ သြဇာညောင်းတယ်ဆိုရင် မပိုလောက်ပါဘူး။
ကိုဗစ်အစွမ်းက အများကြီး ရှိပါသေးတယ်။ အရင်နှစ်တွေတုန်းက လူအများ စုဝေးတောင်းဆိုခဲ့ကြ၊ သရုပ်ဖော်ထုတ်ခဲ့ကြ၊ ဆန္ဒရှိကြတဲ့ အဖြစ်အပျက်တွေဟာ အကောင်အထည်မပေါ်ခဲ့၊ မရခဲ့ကြပေမဲ့ ကိုဗစ်ကြောင့်၊ သူ့အစွမ်းကြောင့် ဖြစ်လာ၊ ရလာတာလည်းရှိတယ်။ ဥပမာတစ်ခုပြရရင် လျှပ်စစ်မီတာခ။ လူအများက မီတာခ နှစ်ဆတိုးတာကို ဆန့်ကျင်ကန့်ကွက် ဖော်ထုတ်ကြပေမဲ့ ဘာမှတုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ဘူး။ အကြောင်းထူးမလာဘူး။ အခုတော့ လျှပ်စစ်မီတာခကို အကန့်အသတ်နဲ့ လျှော့ချသတ်မှတ်တာမျိုး ပေါ်လာတယ်၊ ရလာတယ်။ ဒါဟာ ကိုဗစ်အစွမ်းပဲ။ လူတွေမစွမ်းတာကို သူက စွမ်းတယ်။ လူမစွမ်း ကိုဗစ် စွမ်းဆိုတာလို တွေ့ရတယ်။ သူက လူတစ်ကိုယ်ချင်းစီမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး၊ တီထွင်စမ်းသပ်မှု၊ အစွမ်းအစတွေကိုလည်း ဖော်ထုတ်ပေးသေးတယ်။ ခြေနင်းလက်ဆေးကန်တို့၊ အရေးပေါ်သူနာပြုယာဉ်တို့၊ ပိုးသတ်ဆေးဖြန်းကိရိယာတို့ကို တီထွင်သူ ပေါ်လာစေတယ်။ Mask တွေ ချုပ်တတ်လာစေတယ်။ တကယ်လို့ ကိုဗစ်သာ ရောက်မလာရင် အခုလို အစွမ်းအစတွေ ပေါ်ထွက်၊ ဖော်ထုတ်နိုင်မှာ မဟုတ်လောက်ဘူး။ ဒါကလည်း ဘာကိုပြသလိုဆိုရင် မြန်မာတွေ မညံ့ဘူး။ အထင်မသေးနဲ့ဆိုတဲ့ အမြင်။ ဒါကြောင့် ကိုဗစ်က စွမ်းတယ်။ မြန်မာတွေ မညံ့ဘူးဆိုတာကို ပြသနိုင်သလို ညံ့တာတွေကိုလည်း ဖော်ထုတ်ပေးသေးတယ်။
ကိုဗစ်အစွမ်းနဲ့ နောက်ဆက်တွဲတွေက ဒီလောက်နဲ့ မရပ်လောက်သေးဘူး။ မကုန်နိုင်၊ မပြီးနိုင်သေးဘူး။ လာဦး၊ ရှိဦးမယ်။ တချို့က ကိုဗစ်ကြောင့် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ အဖွဲ့ရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဝရေး၊ အောင်မြင်ရေးမှာ နည်းနည်းထိခိုက်တာ များများထိခိုက်တာ၊ တိုက်ရိုက်ထိတာ၊ သွယ်ဝိုက်ထိတာရှိသလို အကျိုးရှိ၊ အသုံးချ၊ အမြတ်ထုတ်နိုင်သူတွေလည်း ရှိတယ်။ လူအားလုံးကို သူကပေးတဲ့ သက်ရောက်မှုအကျိုး အပြစ်၊ အဆိုးအကောင်းဟာ တစ်ပြေးညီ၊ မညီမျှနိုင်ပေမဲ့ တူညီတဲ့ မက်ဆေ့ချ်တစ်ခုရှိတယ်။ ပေးတယ်။ အဲဒါက လောဘ၊ ဒေါသ၊ မောဟ စတဲ့အကုသိုလ်တရားတွေ၊ ဒုစရိုက် တရားတွေ လျှော့ချ၊ ပြုပြင်ကြဖို့၊ အပ္ပမာဒေနသမ္ပာဒေထ ရှိကြဖို့၊ နေကြဖို့။ သဒ္ဓါစရိုက်အပြင် ဗုဒ္ဓိစရိုက် (အမှားအမှန် ဝေဖန်ခွဲခြားနိုင်တဲ့အကျင့်) ကိုလည်း လေ့ကျင့်ပျိုးထောင်ကြဖို့။ ပညာဦးစီးပြီး ဘဝကို တည်ဆောက်နေထိုင်ကြဖို့ ဆိုတာတွေ။










