ခရိုနီ
ခရိုနီဆိုတဲ့ဝေါဟာရကို ၂၀၀၀ ပြည့်နှစ်လောက်ကမှ ကျွန်တော်တို့ စတင်သိကျွမ်းလာတယ်။ ဂဃနဏ တော့ နားမလည်သေးပါဘူး။ ကျွန်တော်တို့က စီးပွားရေးဘက်မှာ ကျွမ်းကျင်မှု မရှိလှတာလည်း ပါမှာပါ။
နောက်ပိုင်း ဂျာနယ်အတော်များများမှာ ခရိုနီတွေအကြောင်း ဖတ်လာရပါတယ်။ ကျွန်တော်ကလည်း တော်တော်တုံးတဲ့လူပါ။ တော်တော်များများ ရှင်းပြမှ နည်းနည်းပါးပါး သိလာရပါတယ်။
ခရိုနီဆိုတာ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူနဲ့နီးစပ်သူ၊ ချစ်မိတ်ဆွေ၊ ဆွေမျိုးတော်စပ်သူတွေ သေချာပေါက် အမြတ်အစွန်းရဖို့ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ခွင့်ရထားသူတွေ ဖြစ်ပါတယ်။ လုပ်ခွင့်ရထားတာဟာ အရည်အချင်းကြောင့်၊ ကြိုးစားအားထုတ်မှုကြောင့်၊ တိုင်းပြည်ကောင်းစားရေးကြောင့် ပြည်သူလူထု ကောင်းစားရေးကြောင့်နဲ့ မသက်ဆိုင်ဘဲ ပုဂ္ဂိုလ်ရေးတစ်ခုတည်းကိုကြည့်ပြီး အာဏာရှိသူက ဆုံးဖြတ်ပေးခံရသူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခရိုနီဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်က လူနည်းစု လက်တစ်ဆုပ်သာသာရှိပါတယ်။ ဒါပေမဲ့ အဲဒီလူနည်းစု ခရိုနီတွေက တစ်နိုင်ငံလုံးမှာ ရှိရှိသမျှစီးပွားရေး လုပ်ငန်းတွေကို သူတို့ရဲ့လောင်းရိပ်အောက် အာဏာရှိသူတွေရဲ့အကူအညီတွေနဲ့ ဆွဲသွင်းထားကြပါတယ်။
ပညာအရည်အချင်းနဲ့ ရင်းနှီးငွေနည်းနည်းသာရှိတဲ့ အသေးစား/ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ကွက်လပ် (နေရာ) မကျန်သလောက်ဖြစ်နေပါတယ်။ သူတို့ခမျာ ခရိုနီလည်းကြောက်ရ၊ အာဏာရှိသူကိုလည်း ကြောက်ရ။ လိုသလိုဆွဲထားတဲ့ ဥပဒေတွေလည်းကြောက်ရ။ လေပြည်လေညင်းဆိုတာ မုန်တိုင်းလောက် အားမရှိဘူးလေ။
အာဏာကြီးသူ၊ အင်အားကြီးသူ၊ ချမ်းသာကြွယ်ဝသူရဲ့ ပေါင်းစည်းလက်ဝါးကြီးအုပ်မှုက ယနေ့အထိ မပြီးဆုံးသေးပါဘူး။
ကြီးမားသောကုမ္ပဏီကြီးတစ်ခုက သူ့ထက် အဆပမာဏ သေးငယ်တဲ့ကုမ္ပဏီတွေကိုပေးရမယ့် အကြွေး သိန်းတစ်ထောင်ကျော်ကို ပေးရမယ့်နေရာမှာ မပေးသေးပဲ ဗြောင်နေရဲတာဟာ စဉ်းစားကြည့်ရင် သိနိုင်တဲ့ နောက်ကွယ်က ပံ့ပိုးမှုတွေကို မြင်လာမှာပါ။ ဘယ်သူမှ ကြောက်စရာမလိုတဲ့ပုံပဲ။ ဂရုမစိုက်ဘူးဆိုတဲ့ သဘော။
လေဖိအားနည်းရပ်ဝန်း
မိုးလေဝသက ကြေညာရာမှာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပြီဆိုရင် မကြာမီ မုန်တိုင်းဖြစ်လာနိုင်ခြေရှိတယ်လို့ သိထားကြပါတယ်။ မုန်တိုင်းဆိုတာ လေဖိအားနည်းရပ်ဝန်းက တစ်နေရာမှာ ကြီးမားလာသလို သူ့ပတ်ဝန်းကျင်မှာ လေဖိအားများတဲ့လေတွေ ဝန်းရံလာနေတာ ဖြစ်ပါတယ်။
လေဖိအားနည်းရပ်ဝန်းက လေနည်းပါးမှု ပိုနက်ရှိုင်းလာပြီး ဝန်းရံလေက ပိုသိပ်သည်းလာတဲ့အခါ လေ မရှိတဲ့ လေဟာနယ်ထဲကို ပြင်ပဝန်းရံလေက တစ်ဟုန်ထိုး တိုးဝင်လာတဲ့အခါ မုန်တိုင်းဆိုတာ ဖြစ်လာပါတယ်။ မုန်တိုင်းမတိုက်မီ လေပြည်လေညင်းဟာ အမှတ်တမဲ့နေသူအတွက်ဆို သာမောဖွယ်ရာလေပါ။ အေးမြမြနဲ့ ခံစားရကောင်းတဲ့ လေပြည်ပါ။
ခရိုနီလူတစ်စုဟာ လေဖိအား နည်းရပ်ဝန်းတစ်ခုကို စတင်ဖွဲ့စည်းနေတာနဲ့တူပါတယ်။ ဖွဲ့စည်းမိမှန်း မသိ ဖွဲ့စည်းဖြစ်နေကြတာပါ။
ငွေရှိတယ်။ အာဏာရှိသူနဲ့ ပေါင်းစားရင် အောင်မြင်မယ်။ ဘယ်သူ အာဏာရှိသလဲ။ ငွေရှိသူက လိုက်ရှာတယ်။ တွေ့ရင် ပေါင်းတယ်။ လာဘ်ပေးတယ်ပြောမလား၊ ကန်တော့တယ် ပြောမလား။ လုပ်ပိုင်ခွင့် လက်မှတ်တစ်ခုအတွက် သိန်းရာ၊ ထောင် တောင်းသလောက်၊ တန်သလောက်ပေးကြတယ်။ တစ်ဖက်ကလည်း လက်မှတ်ထိုးပေးရတာ အလုပ်တစ်ခု၊ တန်ရာတန်ကြေး ပေးရမယ်ဆိုတဲ့ အလိုအလျောက်တုံ့ပြန် သီအိုရီအရ နားလည်မှုတွေ ပေးနေကြပါတယ်။
အဲဒါဟာ လေထုနည်းဖိအား ရပ်ဝန်းလေကို နားလည်မှုပေးသူတွေ အချင်းချင်းတည်ဆောက်နေကြတာပါ။
အာဏာရှိသူတစ်ယောက်ရဲ့ အရေး (သာရေး၊ နာရေး၊ လူမှုရေး) မှန်သမျှကို ခရိုနီတွေက အစစအရာရာ ပံ့ပိုးကြ၊ ကူညီကြတယ်။ ဒါဟာ သိတတ်တာ၊ ဂါရဝရှိတာ၊ လူမှုရေး နားလည်တာဆိုတာတွေနဲ့ ပဝါပါးနဲ့ လာဘ်စားမှုကို ကာကွယ်ကြတယ်။ ကန်တော့တာလည်းရှိသေးတယ်။
ပံ့ပိုးခံရသူတွေကလည်း ဒါဟာ သူ့ရဲ့ ဘုန်း၊ သြဇာ၊ အရှိန်အဝါကြောင့်လို့ သူ့ကိုယ်သူ အထင်ရောက်လာစေတယ်။ ခရိုနီတစ်ယောက်က အာဏာရှိသူကို ပံ့ပိုးပေးနေပါလျက် နောက်ခရိုနီတစ်ယောက်က အာဏာရှိသူကို မပံ့ပိုးရင် အာဏာရှိသူက ငြိုငြင်လာပါတယ်။ ဒီလိုနဲ့ ဒီအာဏာရှင်ကိုပံ့ပိုး၊ ဟိုအာဏာရှင်ကို ပံ့ပိုးလုမိရာက အာဏာရှင်နဲ့ ခရိုနီဟာ ပေါင်းမိသွားကြတယ်။

အခွင့်ထူးခံ
အာဏာကို ရေရှည်သုံးစွဲခွင့် ရလာတဲ့လူဟာ (သို့) လူတစ်စုဟာ (သို့) အဖွဲ့အစည်းတစ်ခုဟာ သူ့ကိုယ်သူ အခွင့်ထူးခံလူသားအဖြစ် ထင်မှတ်လာပါတယ်။ သူ့ကို ပံ့ပိုးမှ ကြိုက်တယ်။ ဦးစားပေးမှ ကြိုက်တယ်။ သူများထက် အခွင့်အရေး ပိုရမှ ကြိုက်တယ်။
အခွင့်ထူးခံနဲ့ပေါင်းစပ်ပြီး ရာထူး၊ နေရာ၊ အခွင့်အရေးရထားသူတွေကလည်း အခွင့်ထူးခံကို လိုလေသေးမရှိ အရိပ်တကြည့်ကြည့် ပံ့ပိုးတယ်။ အခွင့်ထူးခံရဲ့ ကားတံခါးကို ဆွဲဖွင့်ပေးကြ၊ ထီးမိုးပေးကြပါတယ်။ ကုလားထိုင် ထိုးပေးကြပါတယ်။ ယပ်ခတ်ပေးကြပါတယ်။ အအေးကပ်ကြပါတယ်။
တစ်ခါက မိတ်ဆွေတစ်ယောက် ပြောဖူးတယ်။ သူ့ဦးလေးတစ်ယောက် ဆုံးပါးသွားတာ နာရေးကူညီမှုအသင်းရဲ့ ကျေးဇူးနဲ့ ရေဝေးကို ချောချောမောမော ရောက်သွားပါတယ်။သင်္ဂြိုဟ်မယ့်နေ့ကျတော့ ဦးလေးရဲ့ တူမက နယ်ကနေ ပိုက်ဆံနည်းနည်း ပါးပါးပို့ပေးတာနဲ့ ခန်းမငှားလိုက်ပါတယ်။
ခန်းမကိုပြင်ဆင်နေတုန်း စည်ပင်သာယာဝန်ထမ်းနဲ့ လူတစ်ဦး ရောက်လာပြီး ဒီခန်းမကို သူတို့ဆရာရဲ့အမေ အသုဘအတွက် ပြင်ဆင်ရမှာမို့ ဟိုဘက်ကနေရာ (ထောင့်ကျကျ) ကို ပြောင်းပေးသတဲ့။
ဒီလိုနဲ့ သူ့ဦးလေးခမျာ နှစ်ခါ အသုဘခန်းမပြင်ခဲ့ရတယ်။ အယူမသီးတတ်ကြလို့ တော်သေးတာပေါ့။ ဒါလေးတွေက မုန်တိုင်းငယ်လေးတွေပဲ။
ကိုယ့်ဘဝက လေပြည်လေညင်းလို သာသာယာယာ နေချင်ပေမဲ့ အင်အားကောင်းတဲ့ လေဖိအားဟာ လေဖိအားနည်းရပ်ဝန်းတွေကို မကြာခဏ ရိုက်ခတ်တတ်ကြတယ်။ ပန်းပွင့်တွေကြွေ၊ အညွန့်တွေကျိုး၊ ဓာတ်တိုင်ပြိုလဲ၊အမိုးတွေလန် အကာတွေပြုတ်။ မိုးရေစက်အောက်မှာ ခိုက်ခိုက်တုန်အအေးဒဏ်ခံစားရင်း အသက်ဆုံးရှုံးသွားရသူတွေ ရှိခဲ့တယ်။ ဒါက လက်တွေ့မုန်တိုင်းတိုက်ခံရသူတို့ရဲ့ဘဝ။
ခရိုနီနဲ့အာဏာရှင်တို့ ပူးပေါင်း တိုက်ခတ်တဲ့ ဘဝထဲမှလူတွေမှာတော့ နာလန်မထူနိုင်တော့ဘူး။
လူတန်းစားသစ်
လူတန်းစားသစ်တစ်ရပ် မွေးဖွားလာတိုင်း အခွင့်ထူးခံလူတန်းစားတွေက ပါလာပြီးသားပဲ။ ပွဲလန့်တုန်း ဖျာခင်းတတ်တဲ့လူတွေ၊ မီးစင်ကြည့် ကတတ်တဲ့သူတွေ၊ ခုနစ်ထွေမင်းသားလို ကျရာဇာတ်ရုပ်မှာ ကရင်း ဘုရားအထူးခံနေကြသူတွေ၊ အနည်းဆုံး ဂေါပကနေရာမှ ယူချင်သူတွေဟာလည်း အသေအချာရှိနေကြတယ်။
မညီပေမဲ့ ညှိရမယ်
ဆူကြုံနိမ့်မြင့် ဖွံ့ထွားကြီးမား လောကရှိ သတ္တဝါတိုင်းဟာ မညီကြဘူး။ မညီတာကို အကြောင်းပြ၊ အခွင့်အရေးတစ်ရပ်လို အသုံးချနေသူတွေ လူရည်လည်သူတွေလည်း လောကမှာ အလျိုလျိုပေါ်လာတယ်။ လူတန်းစားတစ်ခုတည်းမှာပင် မကူနိုင်ဘူး။ မညီနိုင်ဘူး။
စိတ်ကောင်းစေတနာရှိသူတွေဟာ လူလူချင်းတူနိုင်ဖို့ နည်းလမ်းရှာကြ၊ ကြိုးစားကြတယ်။ ညှိနိုင်သရွေ့ ညှိတယ်။ ဒါပေမဲ့ လူတန်းစား ညီမှာကို စိုးရိမ်နေတဲ့ ကိုယ်ကျိုးကြည့်သူတွေက မညီအောင်လုပ်နေတယ်။ မညီလေကြိုက်လေပဲ။ အသာစီးရထားသူတွေက သာသာယာယာပေါ့။
ဒိုင်ပွဲမရပ်ဘဲ လောကကို လျစ်လျူရှု ဥပေက္ခာပြု အသာစီးရသူထားသူ၊ အနိုင်ရထားသူဘက်က လိုက်ပါ ရပ်တည်ပေးနေတာပဲ။ တစ်နည်းပြောရရင် မီးလောင်ရာလေပင့်၊ ချမ်းသာသူတွေက ကျောထောက်နောက်ခံ ပြုပေးနေတာ။ ပါးစပ်ကတော့ ဆင်းရဲတွင်းက ကယ်ထုတ်ဖို့ပြောနေမယ်။ လက်တွေ့က ဆင်းရဲတွင်းနက်အောင် ခရိုနီတွေ အာဏာကို သွယ်ဝိုက်တိုင်းတာသူတွေဘက်က ရပ်တည်ပေးနေတာ။
နလပိန်းတုံး ဆင်းရဲသူတွေက အပြောမှာကြွေ။ ဆင်ခြေစကားတွေနဲ့ ကျေနပ်နေကြရတာ။ အလှူခံ မဏ္ဍပ်ထဲမှာ Discount ရထားတဲ့ အလှူခံပုဂ္ဂိုလ်ရဲ့ ရွှန်းရွှန်းဝေစကားဟာ အိတ်ကပ်ထဲက ပိုက်ဆံတွေကို ခြွေယူနေတယ်။ နိဗ္ဗာန်အကျိုးကို မျှော်ကိုးနေတာကိုး။ ကိုယ်ရောက်ချင်တဲ့နိဗ္ဗာန်ကို ကိုယ့်ဘာသာမရှာကြဘဲ အငှားရှာနေကြတဲ့ ငတုံးငအတွေက ဆင်းရဲသူဆင်းရဲသားတွေပဲ။
နောက်ဆုံးတော့ ဖမ်းမိထားတဲ့ ငါးကြင်းတစ်ကောင်ကို ကိုယ်ပိုင် ခွဲဝေမယူနိုင်တဲ့ ဖျံနှစ်ကောင်လို ဝမ်းဗိုက်သားကို အမိန့်သား ခေါင်းပုံဖြတ် စားခံလိုက်ရသလို ပြည်သူတွေက အရိုးအရင်းလောက် ကိုက်နေရုံနဲ့ပြီး သွားတာပဲ။ ပြောလိုက်သေးတယ်။ ငါ ညှိ (နှိုင်း) ပေးလိုက်တာတဲ့။
ဒီနေ့ စီးပွားရေးပညာရှင်တွေ၊ နိုင်ငံရေးပညာရှင်တွေက ခရိုနီကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သည်မသိ။ ပြည်သူတွေကတော့ နောက်လာသည့်မောင့်ပုလဲ ဒိုင်းဝန်းထက်ကဲ ဆိုသလိုပဲ။
အရင်က သူကြီးသူဌေး။ သူတို့ ရဲ့နောက်မှာ အာဏာရ မြို့ပိုင်နယ်ပိုင်တွေရဲ့ နှစ်လုံးပြူးသေနတ်ရှိတယ်။ နောက်တော့ ချစ်တီး။ သူ့ရဲ့ နောက်မှာက စစ်ပုလိပ်တွေ၊ ဥပဒေတွေရှိတယ်။ လူကိုပါသိမ်းလိုရတယ်။ ယခုနောက်ဆုံးတော့ ခရိုနီတဲ့။ သူတို့နောက်မှာတော့...။
တစ်မိုးလုံး သူတို့ချည်းပဲ။
နောက်ဆုံးသတိပေးချင်တာက ပြည်သူက လေဖိအားနည်းရပ်ဝန်းတွေအဖြစ်။ ခရိုနီမုန်တိုင်းတွေ ပေါ်မလာစေနဲ့။
တစ်နေ့နေ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းအသွင် ပြောင်းသွားရင် အားလုံးပြိုလဲသွားလိမ့်မယ်။
ဒါကြောင့် မညီပေမဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းရင်ဖြင့် မုန်တိုင်းတွေ မပေါ်ပေါက်ဘဲ လောကဟာ သာယာလာပါလိမ့်မယ်လို့။
လေဖိအားနည်းရပ်ဝန်းရှိလာရင်ဖြင့် မုန်တိုင်းကတော့ မလွဲမသွေ ဆိုက်ရောက်လာမှာကို သတိပြုကြဖို့ လိုပြီဖြစ်ပါကြောင်း။










