COVID-19စစ်ဆေးမှု
ယခုကာလတွင် Polymerase Chain Reaction (PCR) နှင့် Antibody Testing တို့သည် ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်များက နိုင်ငံသားများကို COVID-19 စစ်ဆေးရန်အတွက် အသုံးပြုသည့်နည်းလမ်းများ ဖြစ်ကြသည်။ ယင်းနည်းစနစ် နှစ်ရပ်စလုံးတွင် စဉ်းစားစရာ အချက်များရှိနေပြီး သုတေသနပြုသူများက အခြားနည်းလမ်းများကိုလည်း စဉ်းစားနေကြသည်။
ယခု COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကာလအတွင်း ရောဂါ ရှိ မရှိ စိစစ်ဖော်ထုတ်ရန်အတွက် ယုံကြည်စိတ်ချရသော ကောင်းစွာ အသုံးပြုနိုင်သော ရောဂါစစ်ဆေးမှု နည်းလမ်း၏ အရေးကြီးပုံက ပို၍ ပို၍ ထင်ရှားလာသည်။ ရောဂါ စတင်ဖြစ်ပွားကတည်းက ရောဂါစစ်ဆေးမှုကို အလျင်အမြန် အဆင်သင့် ပြုလုပ်နိုင်သည့် တောင်ကိုရီးယားနိုင်ငံသည် တုံ့ပြန်မှု နှေးကွေးသော အခြားနိုင်ငံများထက် သေဆုံးသည့်နှုန်း သိသိသာသာ နိမ့်ပါးသည်ကို တွေ့ရှိရသည်။
Wall Street Journal ၏ ဖော်ပြချက်အရ တောင်ကိုရီးယားသည် နိုင်ငံတစ်ဝန်းတွင် ရောဂါစစ်ဆေးသည့် နေရာပေါင်း ၆၃၃ ခု ထားရှိပြီး တစ်နေ့လျှင် လူပေါင်း ၂၀,၀၀၀ ကို စစ်ဆေးကြောင်း သိရသည်။ ရောဂါစစ်ဆေးသည့် နေရာအများစုသည် ကားဖြင့် ဖြတ်သန်းသွားရာ နေရာများတွင် ရှိပြီး အခမဲ့ စစ်ဆေးပေးကာ အဖြေများကိုလည်း ၂၄ နာရီအတွင်း ထုတ်ပြန်ပေးသည်။
COVID-19 အတွက် စစ်ဆေးမှုအများစုသည် Polymerase Chain Reaction (PCR) နှင့် Serologic Tests (သွေးရည်ကြည် စစ်ဆေးမှုများ) ဖြစ်ကြသည်။ ယင်း စစ်ဆေးရေးနည်းလမ်းနှစ်ရပ်စလုံးသည် SARS-CoV2 (COVID-19 ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်အမည်) ၏ ကွဲပြားခြားနားသော အမှတ်အသားများကို ရှာဖွေရန် ကွဲပြားခြားနားသော နမူနာယူမှုများကို အသုံးပြုပြီး နှစ်ခုစလုံး လုံးဝ ယုံကြည် စိတ်ချရသည်ဟုကား မဆိုနိုင်ပေ။
PCR ဆိုသည်မှာ
“ ခုအချိန်မှာ အစီရင်ခံတဲ့ လက်ရှိ COVID-19 စစ်ဆေးမှုအများစုဟာ PCR ကို အသုံးပြုမှုကနေ လာပါတယ်” ဟု Sussex တက္ကသိုလ် အဏုဇီဝဗေဒဌာန အကြီးတန်းကထိက ဒေါက်တာ အက်ဒဝပ်ရိုက်က ပြောကြားခဲ့သည်။ သူတို့က ဗိုင်းရပ်စ်ရဲ့ ဗီဇအချက်အလက်ဖြစ်တဲ့ RNA ကို စုံစမ်းထောက်လှမ်းတာပါ။ ဗိုင်းရပ်စ်က နမူနာထဲမှာ ရှိနေပြီး တစ်စုံတစ်ယောက်ဟာ ထိထိရောက်ရောက် ရောဂါကူးစက်ခံထားရတဲ့ အချိန်မှာသာ ဖြစ်နိုင်တာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
PCR စစ်ဆေးမှုများကို ခန္ဓာကိုယ်၏ ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှု သို့မဟုတ် ပဋိပစ္စည်းများ ရှိနေခြင်းထက် ပဋိလှုံ့ပစ္စည်းများကို တိုက်ရိုက်စုံစမ်းစစ်ဆေးရန်အတွက် အသုံးပြုသည်။ ပဋိပစ္စည်းများ ဖွဲ့စည်းဖြစ်ပေါ်ခြင်းမရှိမီ သို့မဟုတ် ရောဂါလက္ခဏာရပ်များ မပြမီ ခန္ဓာကိုယ်ထဲတွင် ရှိနေမည့် ဗိုင်းရပ်စ်၏ RNA များကို စုံစမ်းထောက်လှမ်းခြင်းဖြင့် ယင်းစစ်ဆေးမှုများက တစ်စုံတစ်ဦးတွင် ရောဂါပိုး ရှိ မရှိ စောစီးစွာ ပြောနိုင်သည်။
“PCR က ကျွန်တော်တို့ကို ရောဂါပိုးကူးစက်ခံထားရသူကို ကောင်းကောင်းညွှန်ပြနိုင်ပါတယ်။ အဲဒီတော့ သူတို့ကို သီးသန့်ခွဲထားပြီး သူတို့နဲ့ ထိတွေ့ခဲ့တဲ့လူတွေကိုလည်း Quarantine ချထားနိုင်ပါတယ်။ ဒါဟာ လက်ရှိ အဓိကစစ်ဆေးနည်းတွေရဲ့ အမှန်တကယ် အားသာချက်ပါ။ ခင်ဗျားအနေနဲ့ ရောဂါကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ပစ်နိုင်ပြီး ဖြစ်ပျက်နေတဲ့ ရောဂါကူးစက်ပုံကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်သာလာစေပါတယ်” ဟု အက်ဒဝပ်ရိုက်က ပြောကြားခဲ့သည်။
လူဦးရေတစ်ရပ်အတွင်းမှနေ၍ နှာခေါင်းတို့ဖတ်များ ကျယ်ပြောသော အတိုင်းအတာဖြင့် ရယူကာ PCR စစ်ဆေးမှု အကြီးအကျယ်ပြုလုပ်ခြင်းဖြင့် ပြည်သူ့ကျန်းမာရေး အာဏာပိုင်များအတွက် လူဦးရေ တစ်ရပ်အတွင်း COVID-19 ကဲ့သို့သော ရောဂါတစ်ရပ် ပျံ့နှံ့ပုံကို ပိုမိုထင်ရှားစွာ ပုံပေါ်လာစေနိုင်သည်။
သို့သော် PCR စစ်ဆေးမှုများသည် အလွန်လက်ဝင်သော အလုပ်ဖြစ်နိုင်ပြီး နမူနာရယူခြင်းနှင့် သုံးသပ်ခြင်းတို့အကြား အဆင့်ပေါင်းများစွာ၌ အမှားအယွင်းများ ဖြစ်နိုင်သည်ကို သတိပြုရန် လိုသည်။ PCR စစ်ဆေးမှုပုံစံအမျိုးမျိုး၌ မှားယွင်းစွာ နဂ္ဂနတစ်ဖြစ်မှုသည် အကြိမ်ရေအရ ရာခိုင်နှုန်း ၃၀ တွင် ဖြစ်ပေါ်နိုင်ရာ PCR စစ်ဆေးမှုများက လူနာကို ရောဂါပိုး လုံးဝကင်းစင်ကြောင်း သတ်မှတ်နိုင်ခြင်းထက် ရောဂါပိုးရှိကြောင်း အတည်ပြုပေးခြင်းကိုသာ ပို၍တတ်နိုင်သည့်သဘော ဖြစ်သည်။
Warwick Medical School မှ ဂုဏ်ထူးဆောင်ကထိက ဒေါက်တာ ဂျိမ်းဂေးလ်က “ ရောဂါကူးစက် ပျံ့နှံ့မှုကာလအတွင်းမှာ PCR စစ်ဆေးမှုကို အစောပိုင်းစစ်ဆေးမှု လုပ်ငန်းစဉ်တွေကနေ ပြန်စိစစ် အထူးပြုထားခဲ့ပြီး အမှားအယွင်းတွေ လျှော့ချနိုင်ဖို့ လူအစား စက်ကိရိယာတွေ အစားထိုး အသုံးပြုမှုကို ပိုပြီး လုပ်ထားပါတယ်။ အဲဒီလို လုပ်ထားတဲ့အတွက် အခုအခါမှာတော့ ကျွန်တော်တို့အနေနဲ့ ရာခိုင်နှုန်း ၈၀ ကနေ ၈၅ အကြား သေချာမှုရှိလာပါပြီ” ဟု ပြောကြားခဲ့သည်။
“အနားမှာ တခြားပိုးတွေလည်း ပတ်ချာဝဲနေတဲ့ လူတွေဆီကနေ ရယူထားတဲ့ နှာခေါင်းတို့ဖတ်တွေကို ကျွန်တော်တို့ စစ်ဆေးတဲ့အခါ ကျွန်တော်တို့ တွေ့ရှိတဲ့ ရလဒ်က ဘယ်လောက်မှန်သလဲဆိုတဲ့ မေးခွန်းနဲ့ မဖြစ်မနေ ရင်ဆိုင်ရတာပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

သွေးရည်ကြည်စစ်ဆေးမှုဆိုသည်မှာ
“ ပဋိပစ္စည်း (Antibody) စစ်ဆေးမှုတစ်ရပ်က လူဦးရေအချိုးအစား ဘယ်လောက်ဟာ ရောဂါကူးစက်ခံရပြီးပြီလဲဆိိုတာ ကျွန်တော်တို့ကို ပြောနိုင်ပါတယ်။ ဘယ်သူဟာ ရောဂါပိုး ကူးစက်ခံထားရသလဲဆိုတာတော့ ချက်ချင်း မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပစ္စည်းဆိုတာ သီတင်းတစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်ကြာမှ ထွက်လာတာမို့ အဲဒီအချိန်လောက်ဆိုရင် ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်ထဲကနေ ရှင်းလင်းပြီးကောင်းဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ ဘယ်သူဟာ ရောဂါကူးစက်ခံခဲ့ရပြီး ဘယ်သူဟာ ဗိုင်းရပ်စ်ကို ကိုယ်ခံအား ရထားနိုင်သလဲ ဆိုတာကိုတော့ ပြောပြနိုင်ပါတယ်” ဟု ဒေါက်တာရိုက်က ပြောကြားခဲ့သည်။
COVID-19 ရောဂါပိုး ကူးစက်ခံရပြီးနောက် ကိုယ်ခံအား ရရှိသည့် အချိန်ကာလ မည်မျှကြာသည်ကို ယခုအထိ သဲသဲကွဲကွဲ သိရှိရခြင်း မရှိသေးပေ။ ၂၀၀၃ ခုနှစ်တွင် SARS ရောဂါ ဖြစ်ပွားစဉ်က အသက်ရှင် ကျန်ရစ်သူများအား လေ့လာမှုပြုလုပ်ခဲ့စဉ် ၎င်းတို့သည် နာလန်ထပြီးနောက် နှစ်အတန်ကြာသည်အထိ ၎င်းတို့၏ သွေးထဲ၌ Antibody များ ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရသည်။
COVID-19 နှင့် SARS ရောဂါနှစ်ရပ်စလုံးသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သော်လည်း COVID-19 တွင် အလားတူ ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှုမျိုး ထုတ်လုပ်ခြင်း ရှိ မရှိကို ပြောရန် အချိန် စောလွန်းနေသေးသည်။ အစီရင်ခံမှုများကလည်း အချို့သောလူများသည် ယခုဗိုင်းရပ်စ်ကို နှစ်ခါပြန် ကူးစက်ခြင်းခံရကြောင်း ပြသနေသောကြောင့် လူအချို့သည် ရောဂါပြီးသည့် ကိုယ်ခံအားစနစ်လုံးလုံး ဖွံ့ဖြိုးလာမှုမရှိသည့် သဘောဆောင်နေသည်။
ပြည်သူ့ကျန်းမာရေး အာဏာပိုင်များအနေဖြင့် လူဦးရေ၏ မည်သည့်အချိုးအစားသည် သဘောတရားအရ ယခုဗိုင်းရပ်စ်နှင့် ပတ်သက်၍ ကိုယ်ခံအား ရရှိပြီးဖြစ်သနည်းဟူသည့်အချက်အပေါ် ကိုင်တွယ်နိုင်လျှင် ယင်းအချက်အလက်က Social Distancing ကို ရုပ်သိမ်းရန် ပြင်ဆင်ရာ၌ အထောက်အကူ ပြုနိုင်လိမ့်မည်ဖြစ်သည်။
“ လူဦးရေထဲမှာ ကိုယ်ခံအား ရရှိထားပြီး အချိုးအစားက အလုံအလောက်မြင့်မားလို့ရှိရင် အဲဒီလူတွေက လူထုအတွင်း ဗိုင်းရပ်စ်ပိုး သံသရာလည်နေမှုကို ရပ်တန့်နိုင်ပါလိမ့်မယ်။ ဒါကို Herd Immunity လို့ ခေါ်တာပါ” ဟု ရိုက်က ပြောကြားခဲ့သည်။ “လူတစ်ယောက် ရောဂါကူးစက်ခံရတဲ့အခါ သူ့အနားတစ်ဝိုက်က လူတွေ ဗိုင်းရပ်စ်အပေါ်ကိုယ်ခံအား ရှိနေသမျှကာလပတ်လုံး အဲဒီဗိုင်းရပ်စ်က မပျံ့နှံ့နိုင်တော့ဘူးလေ” ဟု ရိုက်က ဆိုသည်။
သို့သော် COVID-19 ကို စုံ စမ်းထောက်လှမ်းရန် နှာခေါင်းတို့ ဖတ်နမူနာ အသုံးပြုလေ့ရှိသည့် PCR နှင့် မတူဘဲ Antibody Test များ၌ သွေးနမူနာများကို အသုံးပြုလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက သွေးလှည့်အဖွဲ့စနစ်ထဲ ရှိနေသည့် ကိုရိုနာဗိုင်းရပ်စ် ပမာဏသည် နည်းပါးလွန်းသောကြောင့် ဖြစ်သည်။ သို့သော် တိုင်းတာ၍ရနိုင်လောက်အောင် အရေးပါသည့် Antibody များက သွေးထဲတွင် ရှိနေသည်။
PCR သဘောတရား
၁၉၇၄ ခုနှစ်၌ ‘ဗီဇပွားများခြင်း’ (Gene Cloning) ပေါ်ပေါက်လာသောကြောင့် ဗီဇများနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို လေ့လာရန် ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် ယင်း၌ တွေ့ရှိရသည့် အခက်အခဲတစ်ရပ်မှာ ရရှိလာသော ဒီအင်အေပမာဏ နည်းပါးခြင်းနှင့် အလိုရှိသောဗီဇကို သင့်တော်ရာ ‘ကြားခံဒီအင်အေ’ (Vector) တစ်ခုတွင် တပ်ဆင်၍ အဆင်ပြေညီညွတ်မှုရှိသော ဆဲလ်တစ်ခုခုအတွင်းသို့ ထည့်၍ ပွားများစေရာ၌ လုပ်ငန်းအဆင့်ဆင့်မှာ ရှုပ်ထွေးခက်ခဲပြီး အချိန်ကြာမြင့်ခြင်းပင်ဖြစ်သည်။ ၎င်းအခက်အခဲကို ကျော်လွှားရန် PCR ဟု အတိုကောက်ခေါ်သော Polymerase Chain Reaction သည် ၁၉၈၅ ခု နှစ်တွင် စတင်ပေါ်ပေါက်လာသည်။ ယင်း နည်းစနစ်ကို စတင်ဖော်ထုတ်နိုင်ခဲ့သူမှာ Kary Mullis ဆိုသူ ဖြစ်သည်။ ယင်းမှာ အလွန်တရာ ထိရောက်သော နည်းစနစ်ဖြစ်သည်။ ယင်းနည်းစနစ်အရ အလိုရှိရာ ‘ဒီအင်အေ’ သို့မဟုတ် ‘အာအင်အေ’ ကို နာရီအနည်းငယ်အတွင်း အရေအတွက် ကုဋေနှင့်ချီ၍ ပွားများနိုင်သည်။ ၎င်းအပြင် ယင်းသို့ပွားများနိုင်ရန်အတွက် မူရင်း ဒီအင်အေ တစ်ခုတည်းသာ ရှိရုံနှင့် လုံလောက်၏။
PCR ကို ဖန်ပြွန်အတွင်း၌ပင် ပြုလုပ်၍ရသည်။ လိုအပ်သော အရာများမှာ (၁) အလိုရှိသော ‘ဒီအင်အေ အစိတ်အပိုင်း’ (ဗီဇ) များ ပါဝင်သော အပြင်အဆင်တစ်ခု၊ (၂) အလိုရှိရာဗီဇ၏ နယ်နိမိတ် အစွန်းနေရာနှစ်ခုနှင့် အပြိုင်ဖြစ်သော ‘ဒီအင်အေ အစတိုလေး’ နှစ်မျိုး (ယင်းကို ‘ပရိုင်မာ’ Primer ဟု ခေါ်သည်)၊ (၃) အက်ဒီနင်း၊ သိုင်မီဒင်း၊ ဆိုင်တိုဆင်း၊ ဂွါနင်းဟူသော ‘နျူ ကလီယိုတိုဒ်ထွိုင် ဖော့စဖိတ်’ (Nucleotide Triphosphate လေးမျိုး)၊ (၄) မြင့်မားသော အပူချိန်ကို ခံနိုင်သည့် ‘ပွားများရေးအင်ဇိုင်း’ (Polymerase Enzyme) တစ်မျိုး (ဥပမာ- သားမက်စ်အက် ကွားတီးကပ်စ် (Thermus acquaticus) ဟုခေါ်သော ‘ဘတ်တီးရီးယား’ မှ ရရှိသည့် Taq Polymerase အင်ဇိုင်း) တို့ဖြစ်ကြသည်။
PCR လုပ်ငန်းစဉ် အကျဉ်းချုပ်
PCR ကို ဒီအင်အေမော်လီ ကျူးကြီးတစ်ခုအတွင်းရှိ အလိုရှိရာ အပိုင်းကို ရွေးချယ်ပွားများရန် အသုံးပြုနိုင်သည်။ မည်သည့်အပိုင်းကိုမဆို ရွေးချယ်နိုင်သည်။ သို့သော် မိမိရွေးချယ်ထားသော အပိုင်း၏ နယ်နိမိတ်အစွန်းနှစ်ဖက်ရှိ ‘နျူကလီယိုတိုဒ် အက္ခရာစဉ်’ (Nucleotide Sequence) ကို အနည်းငယ် သိထားရန်လိုသည်။ အဘယ်ကြောင့်ဆိုသော် ဒီအင်အေ မော်လီကျူး၌ အမျှင်နှစ်မျှင်ရာ အမျှင်အသီးသီး၏ တစ်ဖက်တစ်ချက် အဖျားများကို ‘ပရိုင်မာ’ ဟု ခေါ်သော ‘အပြိုင်ဒီအင်အေ’ အစတိုလေးတစ်ခုစီက သွားရောက်တွယ်ကပ်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်း ‘ပရိုင်မာ’ နှစ်ခုကသာ ‘ဒီအင်အေ’ အမျှင်သစ်ဖြစ်ပေါ်စေရန်အတွက် အစပျိုးပေးပြီး ‘ဒီအင်အေ’ မော်လီကျူးကြီးအတွင်း ပွားများရမည့် အပိုင်းကို ကန့်သတ်ပေးသည်။
ပွားများခြင်းလုပ်ငန်းစဉ်ကို ‘ပွားများရေးအင်ဇိုင်း’ တစ်မျိုးဖြစ်သော ‘တက်ပိုလီမားရေ့စ် Taq Polymerase) ဖြင့် ဆောင်ရွက်လေ့ရှိသည်။ ယင်းကို ‘သားမက်စ်အကွာ တီးကပ်စ်’ ဟုခေါ်သော ဘက်တီးရီးယားမှရရှိပြီး ယင်းအကောင်များသည် ရေပူစမ်းများတွင် နေလေ့ရှိသည်။ ယင်းအကောင်မှ ထုတ်လုပ်သော အင်ဇိုင်းများမှာ အပူဒဏ်ခံနိုင်သောကြောင့် မြင့်မားသော အပူချိန်တွင် ပြုလုပ်ရသော PCR လုပ်ငန်းစဉ်အတွက် အသုံးဝင်ခြင်း ဖြစ်သည်။
PCR ပွားများခြင်းလုပ်ငန်းစဉ်ကို စတင်ရန် ‘ပရိုင်မာ’ တပ်ဆင်ပြီးသား မူရင်းဒီအင်အေထဲသို့အင်ဇိုင်းကို ထည့်သွင်းပြီး ဒီအင်အေအမျှင်သစ်များ ထုတ်လုပ်နိုင်ရန်အတွက် အပူချိန်ထိန်းကိရိယာထဲတွင် ထားရသည်။ ဓာတ်ပြုရန် အရောအနှောကြီးကို ၉၅ စင်တီဂရိတ်သို့ အပူပေးလိုက်သည့်အခါ ဒီအင်အေအမျှင် နှစ်မျှင်သည် တစ်မျှင်ချင်းအဖြစ်သို့ ကွာထွက်သွား၏။ တစ်ဖန် ၅၅ စင်တီဂရိတ်ပတ်ဝန်းကျင်သို့ ပြန်၍ အအေးခံလိုက်သောအခါ တစ်မျှင်စီရှိနေသော ဒီအင်အေ၏ သက်ဆိုင်ရာနေရာများဆီသို့ ‘ပရိုင်မာ’ များ သွားရောက်ကပ်တွယ်ကြသည်။ ထို့နောက် ၇၂ စင်တီဂရိတ်သို့ ပြန်တင်လိုက်လျှင် ‘ပရိုင်မာ’ များမှနေ၍ ဆန့်ကျင်ဘက်လားရာအတိုင်း ‘အင်ဇိုင်း’ ၏ အကူအညီဖြင့် အမျှင်သစ်ကို ဖွဲ့စည်းတော့သည်။ ဤသို့ ၉၅ စင်တီဂရိတ်၊ ၅၅ စင်တီဂရိတ်၊ ၇၂ စင်တီဂရိတ်တည်း ဟူသော အပူချိန်သုံးခုကို လှည့်ပြောင်းပေးခြင်းအား အကြိမ်ကြိမ် ပြုလုပ်ခြင်းဖြင့် အလိုရှိရာ ဒီအင်အေ အဆပေါင်း ကုဋေနှင့်ချီ၍ ရရှိနိုင်သည်။ (‘တက် ပိုလီမားရေ့စ်အင်ဇိုင်း’ သည် အပူဒဏ်ခံနိုင်သောကြောင့် ရေဆူမှတ် နီးပါး ၉၅ စင်တီဂရိတ်သို့ တင်လိုက်သော်လည်း ပျက်စီးသွားခြင်းမရှိပေ။ ထို့ကြောင့် PCR ကို အကြိမ်ကြိမ် ပြုလုပ်နိုင်ခြင်းဖြစ်သည်။)
PCR ပြုလုပ်ပြီးနောက် ရရှိလာသော ဓာတ်ပြုချက် အရောအနှောကြီးကို ‘အေဂါရို့စ်ဂျယ်’ (Agarose Gel) ထဲသို့ ထည့်လျက် ‘အီလက်ထရို ဖိုရပ်စစ်’ (Electrophoresis) လုပ်ကာ ‘အက်သီဒီယမ်ဘရိုမိုဒ်’ (Ethdium bromide) ဆိုးဆေးဖြင့်ဆိုးကာ ကြည့်ရှုလေ့လာနိုင်သည်။
PCR ၏ အသုံးဝင်ပုံများ
PCR ၌ စိတ်ဝင်စားဖွယ်ရာ အသုံးဝင်မှုပေါင်း မြောက်မြားစွာရှိသည့်အနက် အချို့ကို အောက်တွင် အကျဉ်းချုပ် ဖော်ပြအပ်ပါသည်။
(၁) မျိုးစိတ်အသီးသီးတွင် ရှိသော သတ္တဝါအသီးသီးမှ အလိုရှိရာဗီဇကို ထုတ်နုတ်ပွားများနိုင်သည်။ ထို့နောက် ၎င်းဗီဇ၏ ‘နျူကလီယိုတိုဒ်အက္ခရာစဉ်’ ကို တွက်ချက်ဖော်ထုတ်ပြီး ‘အက္ခရာစဉ် အပြောင်းအလဲ’ (Mutation) ရှိ၊ မရှိ စစ်ဆေးနိုင်သည်။ ထို့ကြောင့် PCR သည် ရောဂါရှာဖွေရေးအတွက် အကြီးအကျယ် ထိရောက်မှုရှိသည်။
(၂) PCR အပေါ် အခြေခံသော ကြုံသလို ပွားများလိုက်သည့် ဒီအင်အေများ အမျိုးမျိုးအထွေထွေဖြစ်မှု (Random Amplified Polymorphic DNA) ခေါ် RAPD ကို အပင်နှင့် သတ္တဝါတို့၏ ဗီဇများအား နှိုင်းယှဉ်ရန်အတွက် အသုံးပြုသည်။ RAPD ကို အသုံးပြုကာ အပင်နှင့် သတ္တဝါအသီးသီးတို့၏ ဗီဇများကို အသေးစိတ် အမျိုးအစားခွဲနိုင်သည်။ (ဥပမာ- တီဘီရောဂါသည်တစ်ဦးသည် ပျောက်ကင်းသွားပြီးမှ ရောဂါပြန်ဖြစ်လာလျှင် နဂိုရောဂါပိုးအဟောင်းက မြုံသွားပြီးပြန်ဖြစ်ခြင်းလော၊ သို့တည်းမဟုတ် ရောဂါပိုးအသစ် ထပ်မံဝင်ရောက်ခြင်းလော ဆိုသည်ကို RAPD ပုံစံချင်း နှိုင်းယှဉ်၍ ဆုံးဖြတ်နိုင်သည်)
(၃) ဗီဇပြောင်းလဲလိုက်သော အကောင်တစ်ကောင်ထဲသို့ ထည့်သွင်းလိုက်သောဗီဇ အမှန်တကယ် ရောက်ရှိခြင်း ရှိ၊ မရှိကို ၎င်းအကောင်မှ ဒီအင်အေကို ပြန်လည်ထုတ်ယူပြီး PCR ဖြင့် စစ်ဆေးနိုင်သည်။
(၄) ဗီဇတစ်ခု မည်သည့် ‘ခရိုမိုဆုမ်း’ ၏ မည်သည့်နေရာ၌ တည်ရှိကြောင်း ဖော်ထုတ်ရန်အတွက် အခြား စမ်းသပ်ချက်များနှင့် တွဲဖက်ကာ PCR ကို သုံးနိုင်သည်။
(၅) ဗိုက်ထဲရှိ သန္ဓေသားအား အထီး၊ အမ ခွဲခြားခြင်းကို ကိုယ်ဝန်ရှိစ၌ပင် PCR ဖြင့် ပြုလုပ်နိုင်သည်။ ထို့ကြောင့် ကျွဲ၊ နွားများကို ဖန်ပြွန် အတွင်း၌သားစပ်ရာ မျိုးအောင်ပြီး ဥများကို မိခင်၏ သားအိမ်အတွင်းသို့ ပြန်မထည့်မီ Y (၀ိုင်) ခရိုမိုဆုမ်းနှင့် အက္ခရာချင်းအပြိုင်ဖြစ်သော ပရိုင်မာ (Y Chromosome Specific Primer) များကိုသုံးကာ PCR လုပ်ခြင်းအားဖြင့် အထီးအမကို ကြိုတင်ခွဲခြားနိုင်သည်။
(၆) ရာဇဝတ်တစ်ခုခု၌ ပြစ်မှု ကျူးလွန်သူထံမှ (အမြစ်ပါသော) အမွေးတစ်ပင်ကျွတ်ကျခဲ့ရုံဖြင့် ယင်းမှ ထုတ်ယူရရှိသော ဒီအင်အေကို PCR ဖြင့် ပွားယူပြီး မသင်္ကာဖွယ် လူများ၏ ဒီအင်အေများနှင့် တိုက်ဆိုင်စစ်ဆေးကာ တရားခံကို ဖော်ထုတ်နိုင်သည်။
(၇) PCR သည် ‘ဒီအင်အေ’ ကိုသာမက ‘အာအင်အေ’ များကိုပါ ပွားများနိုင်သောကြောင့် ‘အာအင်အေ’ ဗီဇသာ ပါဝင်သော ဗိုင်းရပ်စ်များ (ဥပမာ- သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်) ကိုပါ လူနာထံမှ ထုတ်ယူရရှိသော နမူနာများနေ၍ ရှာဖွေ ဖော်ထုတ်နိုင်သည်။ ယခုအခါ PCR သည် ရောဂါအမျိုးမျိုးကိုရှာဖွေရာ၌ အလွန်မြန်ဆန်၊ တိကျ၊ ထိရောက်သော နည်းလမ်းတစ်ရပ် ဖြစ်ခဲ့ပြီဖြစ်သည်။
Monoclonal antibody သဘောတရား
ဘက်တီးရီးယားတစ်ကောင် (သို့မဟုတ်) ဗိုင်းရပ်စ်တစ်ကောင် ဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ်ပါကလည်း ပြင်ပမှ ပရိုတင်းတစ်မျိုးမျိုး ဖြစ်လိမ့်မည်။ ၎င်းကို လူ (သို့မဟုတ်) တိရစ္ဆာန်တစ်ကောင်၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်ပါက (သို့တည်းမဟုတ်) ရောက်ရှိသွားပါက ၎င်းတို့ကို ‘ပဋိလှုံ့ပစ္စည်း’ (Antigen) ဟုခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်၏ ‘ကိုယ်ခံအားစနစ်’ (Immune System) က ၎င်းတို့ကို တုံ့ပြန်သောအားဖြင့် ‘ပဋိပစ္စည်း’ (Antibody) များ ထုတ်ပေးသောကြောင့် ဖြစ်သည်။ ၎င်း ‘ပဋိပစ္စည်း’ များက ‘ပဋိလှုံ့ပစ္စည်း’ များကို ပူးကပ်ချည်နှောင်လိုက်သောကြောင့် အန္တရာယ်ပြုခြင်းငှာ မစွမ်းသာတော့သော အနေအထားသို့ ဆိုက်ရောက်သွား၏။ ဤသည်ကိုပင် ရောဂါပြီးသည်ဟု ခေါ်ဆိုလေသည်။
သို့ရာတွင် Antigen သည် ‘သော့တံ’ တစ်ချောင်းဖြစ်ပါက Antibody သည် ‘သော့ခလောက်’ တစ်ခု ဖြစ်ချိမ့်မည်။ ဤ ‘သော့တံ’ သည် ထို ‘သော့ခလောက်’ နှင့် (၀ါ) ဤ ‘သော့ခလောက်’ သည် ထို ‘သော့တံ’ နှင့် ဆိုလျှင်ကား မည်သို့မျှအသုံး မတည့်၊ သူစိမ်းပြင်ပြင်သာ ဖြစ်လိမ့်မည်။ Antigen တစ်ခုအတွက်ဖြစ်သော Antibody သည် အခြားသော Antigen တစ်ခုနှင့် မည်သည့်နည်းနှင့်မျှ ပူးကပ်နိုင်ခြင်းမရှိ။ ၎င်းအပြင် Antigen တစ်ခုတည်းသာ ဖြစ်သော်လည်း ယင်းတွင် ‘လက်တံ’ (Epitope) များ ပါဝင်ရာ Epitope တစ်မျိုးစီအတွက် Antibody တစ်မျိုးစီ ထုတ်သောကြောင့် တစ်မျိုးတည်းသာ Antigen ကို ထိုးသွင်းသော်လည်း ပါဝင်သော Epitope အလိုက် Antibody အမျိုးမျိုးထွက်လာပေမည်။ ယင်းကို ‘တပ်ပေါင်းစု ပဋိပစ္စည်း’ (Polyclonal Antibodies) ဟုခေါ်၏။ ယင်း Polyclonal Antibodies အရောထဲမှ ‘တစ်မျိုးတစ်စားတည်းသော ပဋိပစ္စည်း (Monoclonal Antibody) ကိုရရှိရန် သန့်စင်ယူရသည့် လုပ်ငန်းစဉ်မှာ အချိန်ကုန်၊ ခက်ခဲသည့်အပြင် အလိုရှိသော Antibody မှာ ပျက်စီးကုန်ခြင်း (သို့မဟုတ်) အာနိသင် မရှိတော့ခြင်းနှင့် ကြုံကြိုက်ရဖို့ လမ်းသာ ပို၍များလေသည်။
တစ်မျိုးတည်းသော Antibody
ထို့ကြောင့် သန့်စင်ခွဲထုတ်ယူရန်မလိုဘဲ တစ်မျိုးတစ်စားတည်းသော Antibody ကို ထုတ်လုပ်နိုင်ရန် ကြံဆခဲ့ကြသည်။ ၁၉၇၅ ခုနှစ်တွင် ‘ဂျော့ကိုလာ’နှင့် ‘ဆီဇာမဲလ် စတိန်း’တို့နှစ်ဦးသည် တစ်မျိုး တစ်စားတည်းသော Antibody (Monoclonal Antibody) ထုတ်လုပ်နိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ရာ သူတို့နှစ်ဦးစလုံး ၁၉၈၄ ခုနှစ်တွင် ‘နိုဗယ်ဆု’ ချီးမြှင့်ခံရသည်။ ယင်း Monoclonal Antibody သည် ဆေးပညာရှင်တို့အတွက် ရောဂါရှာဖွေရေးနှင့် ကုသရေးတွင် လွန်စွာအသုံးဝင်ရုံမက ‘ကိုယ်ခံအား ဗေဒပညာရှင်များ’နှင့် ‘မော်လီကျူး ဇီဝဗေဒ’ ပညာရှင်များအတွက်ပါ သုတေသနလုပ်ငန်းများအတွက် အလွန်အစွမ်းထက်မြက်သော လက်နက်ဖြစ်လေသည်။
Monoclonal Antibody ထုတ်ရန်မှာ Antigen ဖြင့် လှု့ံဆော်ပြီးသား ကြွက်၏ဘေလုံး (Spleen) မှ ‘ဘီ’ဆဲလ်ကို ထုတ်ယူကာ ဖန်ပြွန်ထဲတွင် အလိုရှိရာ ‘ဘီ’ ဆဲလ်ကို ရွေးချယ်ယူပြီး အလိုရှိရာ Antibody ထုတ်ခိုင်းဖို့သာ ဖြစ်သည်။ သို့သော် ယင်း ‘ဘီ’ ဆဲလ်များသည် ခန္ဓာကိုယ် ပြင်ပ (ဖန်ပြွန်အတွင်း) ကြာရှည် အသက်မရှင်နိုင်သောကြောင့် အခက်ကြုံရလေသည်။ ယင်းအခက်အခဲကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းမှာ ‘ဖက်စပ်နည်းပညာ’ (Hybridoma technology) ပင် ဖြစ်သည်။ ယင်းအနည်းအရ ဆဲလ်နှစ်မျိုးအား ရောလျက် အစွမ်းမရှိအောင် လုပ်ထားသော ‘ဆန်ဒိုင်းဗိုင်းရပ်စ်’ (Sendai Virus) သို့မဟုတ် ‘ပိုလီအီ သိုင်လင်းဂလိုင်ကော’ (Polyethylene glycol) ထည့်ပေးလိုက်လျှင် ဆဲလ်နှစ်မျိုး၏ ‘ပလပ်စမာမြှေး’ (Plasma membrane) ၊ ဆိုင်တို ပလာဇမ် (cytoplasm) နှင့် နျူကလီးယပ် (nucleus) တို့ ပေါင်းစပ်ကာ တစ်ခုတည်းသော ‘ဖက်စပ်ဆဲလ်’ ကို ရလေသည်။
‘မိုင်လိုမား’ (Myeloma) ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်ပြင်ပ၌ မသေနိုင်သော အရည်အချင်း ရှိကြလေသည်။ ထို့ကြောင့် ဖက်စပ်နည်းပညာဖြင့် ‘ဘီ’ ဆဲလ်နှင့် မိုင်လိုးမား’ ဆဲလ်ကို ပူးပေါင်းစေကာ ‘ဘီမိုင်လိုးမား’ ဖက်စပ်ဆဲလ်အဖြစ် ထုတ်လုပ်လိုက်ခြင်းဖြင့် ‘ဘီဆဲလ်’ များ ခန္ဓာကိုယ်ပြင်ပ၌ မသေနိုင်သော အရည်အချင်းကို ပိုင်ဆိုင်သွားကြလေသည်။ ထိုအခါမှသာ မိမိ အလိုရှိသော ‘ဘီ’ ဆဲလ်ကိုရွေးချယ်ကာ မိမိအလိုရှိရာ Monoclonal Antibody ကို ထုတ်ခိုင်းနိုင်တော့၏။
Monoclonal Antibody ၏ အသုံးဝင်မှုပေါင်း မြောက်မြားစွာအနက် အချို့ကို အောက်တွင် ဖော်ပြလိုက်ပါသည်။

(၁) အလိုရှိရာ ပရိုတင်းတစ်မျိုးကို ရွေးထုတ်ယူနိုင်ခြင်း
သက်ဆိုင်ရာ ပရိုတင်းတစ်မျိုးတည်းနှင့် အံဝင်ခွင်ကျဖြစ်သော Monoclonal Antibody ကို အသုံးပြုခြင်းဖြင့် အလိုရှိရာ ပရိုတင်းကို ရွေးချယ်ယူနိုင်သည်။ ဤလုပ်ငန်းစဉ်ကို အလွယ်တကူ သဘောပေါက်နိုင်ရန် ‘ငါးမျှားခြင်း’ နှင့် ဥပမာပေးလိုက်ပါသည်။ ဤဥပမာ၌ ‘ပရိုတင်း’ သည် ‘ငါး’ နှင့်တူပြီး Antibody သည် ‘ငါးစာ’ နှင့်တူသည်။ အခြေအနေတစ်ရပ်ကို စိတ်ကူးကြည့်ကြပါစို့။ ရေကန်တစ်ကန်ထဲတွင် ငါးပေါင်းမြောက်မြားစွာ ရှိသည့်အနက် တစ်မျိုးတည်းသော ငါးကိုသာ လိုချင်၏။ ကံအားလျော်စွာ ‘တီကောင်’ ကို စားသော ငါးမှာ အလိုရှိသော ငါးတစ်ကောင်တည်းသာဖြစ်၏။ ထို့ကြောင့် တီကောင်ကို ငါးစာအဖြစ် အသုံးပြုလိုက်ခြင်းဖြင့် အလိုရှိသောငါးကို ရရှိပေမည်။
‘ဒီအက်စ်စီချာ’ နှင့် ‘ဒီစီဘာ့က်’ တို့နှစ်ဦးသည် ကြွက်မှ ထုတ်လုပ်လိုက်သည့် မြောက်မြားလှစွာသော ပရိုတင်းအရောအနှောထဲမှ ‘အင်တာဖရွန်’ တစ်မျိုးတည်းကို ရွေးချယ်သန့်စင်ယူရာတွင် Monoclonal Antibody ကို အသုံးပြုခြင်းဖြင့် အောင်မြင်ခဲ့သည်။
(၂) အထက်ပါနည်းအတိုင်းပင် သွေးဖြူဥ ဆဲလ်အမျိုးအစားများ ပေါင်း မြောက်မြားစွာ ပါဝင်သည့် အရောအနှောထဲမှ အလိုရှိရာဆဲလ် ကို ရွေးချယ်ယူနိုင်သည်။
(၃) ရောဂါရှာဖွေရေးပစ္စည်း
Monoclonal Antibody ကို
(၁) ကိုယ်ဝန် ရှိ/မရှိ စစ်ဆေးရန်၊
(၂) ပရိုတိုဇိုးဝါး၊ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါပိုးများကို ရှာဖွေရန်၊
(၃) ဆေးဝါးများပေးရာတွင် ‘ထိရောက်မှုအတိုင်းအတာ’ (The rapeutic Durg Level) ကို တိုင်းတာထိန်းချုပ်ရန်
(၄) နှလုံး၏ ပျက်စီးမှုအတိုင်းအတာကို စုံစမ်းရန်၊
(၅) ပဋိလှုံ့ပစ္စည်း (Antigen) များကို အမျိုးအစားချင်း နှိုင်းယှဉ်ရန်၊
(၆) ဆီးချိုရောဂါ စစ်ဆေးရန်နှင့်
(၇) ကင်ဆာဆဲလ်များကို ရှာဖွေရန်တို့အတွက် သုံးနိုင်သည်။
(၄) ကင်ဆာဆဲလ်များကို စုံစမ်းထောက်လှမ်းနိုင်ခြင်း
ကင်ဆာဆဲလ်တို့၏ မျက်နှာပြင်ပေါ်တွင် သီးခြားလက္ခဏာ ကိုယ်စီရှိသော ပရိုတင်းများ ရှိကြသည်။ ယင်းပရိုတင်းတို့သည် ပုံမှန်ဆဲလ်တို့၏ မျက်နှာပြင်ပေါ်တွင် တည်ရှိလေ့မရှိပေ။ ရှိလျှင်လည်း ခြေရာခံရမလွယ်လောက်အောင် နည်းပါးလွန်းလှသည်။ ထို့ကြောင့် ယင်းပရိုတင်းတို့နှင့် အံဝင်ခွင်ကျ ဖြစ်သော Monoclonal Antibody သည် ဤနေရာ၌အလွန် အနံ့ခံကောင်းသော အမဲလိုက်ခွေးများနှင့် တူ၏။ အလိုရှိနေသော တရားခံ၏အနံ့ကို ကွဲကွဲပြားပြား မှတ်မိသော ခွေးများဖြစ်ကြသည်။
ဥပမာအားဖြင့် အူမကြီးကင်ဆာဆဲလ်များသည် ‘ဂလိုင်ကိုလစ်ပစ်’ (Glycolipid) ပရိုတင်းတစ်မျိုးကို ပဋိလှုံ့ပစ္စည်းအနေဖြင့် ခြွေချကြ၏။ ယင်း ‘ပဋိလှုံ့ပစ္စည်း’ ကို သက်ဆိုင်ရာ Monoclonal Antibody ဖြင့် စုံစမ်းထောက်လှမ်းရာ လူနာ ၃၃ ဦးအနက် ၂၃ ဦးတွင် အောင်မြင်စွာ တွေ့ရှိခဲ့လေသည်။
၎င်းအပြင် Monoclonal Antibody နှင့် ရေဒီယိုသတ္တိကြွ ပစ္စည်းတစ်ခု ချိတ်လွှတ်ပေးလိုက်ရာ ‘မူရင်းကင်ဆာ’ (Primary Tumor) ကိုသာမက ပျံ့နှံ့နေသော ကင်ဆာ (Metastatic Tumor) များကိုပါ နေရာအတိအကျ ဖော်ထုတ်နိုင်ခဲ့သည်။
ဥပမာအားဖြင့် ရင်သားကင်ဆာဆဲလ်အတွက် Antibody ကို အိုင်အိုဒင်း - ၁၃၁ ဖြင့် ချိတ်လျက် သွေးလည်ပတ်မှုထဲ ထည့်သွင်းလိုက်ရာ နေရာအလိုက်တည်ရှိသော ပြန်ရည်ကြောအကျိတ် Regional Lymph Node) များဆီသို့ ကင်ဆာပျံ့နှံ့မှု အနေအထားကို ဖော်ထုတ်နိုင်ခဲ့သည်။
(၅) ကင်ဆာဆဲလ်အား သုတ်သင်နှိမ်နင်းခြင်း
Monoclonal Antibody ကို ကင်ဆာဆဲလ်များအား သတ်ပစ်ရန်အတွက် သုံးနိုင်သည်။ ကင်ဆာဆဲလ်များအား နှိမ်နင်းရန်အတွက် Monoclonal Antibody ကို သုံးရာတွင် နည်းလမ်းနှစ်သွယ်ရှိသည်။
(က) ကိုယ်ခံအားစနစ်နှင့် တွဲဖက်၍-
ခန္ဓာကိုယ် ကိုယ်ခံအားစနစ် နှင့်တွဲဖက်၍ Monoclonal Antibody ကို ကင်ဆာဆဲလ်များအား သုတ်သင်နှိမ်နင်းရန်အတွက် အသုံးပြုနိုင်သည်။ Monoclonal Antibody ချည်းသက်သက်ကို အသုံးပြု၍ ‘ဘီဆဲလ်သွေးဖြူဥကင်ဆာ’ (B-cell Lymphoma) နှင့် ‘တီဆဲလ် သွေးဖြူဥကင်ဆာ’ (T-cell Leukemia) တို့ကို ကုသအောင်မြင်ခဲ့သည်။ ‘ရော်နယ်လီဗိုင်း’ နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့သည် ‘ဘီဆဲလ်ကင်ဆာ’ နောက်ဆုံးအဆင့်သို့ ရောက်နေသော အသက် ၆၄ နှစ် အရွယ်ရှိ လူနာတစ်ဦးအား အောင်မြင်စွာကုသနိုင်ခဲ့သည်။ ကုသချိန်၌ ကင်ဆာဆဲလ်များသည် အသည်း၊ ဘေလုံး၊ ရိုတွင်းချဉ်ဆီနှင့် အဖျားပိုင်းသွေးကြောများထဲအထိ ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။
ကင်ဆာမှာ ‘ဘီဆဲလ်’ ကင်ဆာဖြစ်သောကြောင့် ဆဲလ်မျက်နှာပြင်ပေါ် လာရောက်တွယ်ကပ်သော ပဋိပစ္စည်း (Antibody) များမှာ တစ်မျိုးတစ်စားတည်းဖြစ်ကြသည်။ ‘ရော်နယ်လီဗိုင်း’တို့၏ သုတေသနအဖွဲ့သည် ကင်ဆာဖြစ်နေသော ဘီဆဲလ်ကို လူ၏ ‘မိုင်လိုးမား’ ကင်ဆာဆဲလ်များနှင့် ပူးပေါင်းစေကာ ‘ဖက်စပ်ဆဲလ်’ (Hybridoma) များ ရရှိအောင် ပြုလုပ်သည်။ အဆိုပါ ‘ဖက်စပ်ဆဲလ်’ များက ‘ဘီကင်ဆာဆဲလ်’ များ၏ Antibody ကို ထုတ်ပေးသည်။ ယင်း Antibody များကို Antigen (ပဋိလှု့ံပစ္စည်း) များအဖြစ် အသုံးပြုကာ ကြွက်၏ ကိုယ်ထဲသို့ ထိုးသွင်းသည်။ ထို့နောက် ကြွက်၏ဘေလုံး (Spleen) ဆဲလ်ကိုထုတ်ယူပြီး ကြွက်၏ ‘မိုင်လိုးမား’ ကင်ဆာဆဲလ်နှင့် ပူးပေါင်းစေကာ ‘ဖက်စပ်ဆဲလ်’ ရရှိအောင် ပြုလုပ်သည်။ အဆိုပါ ဖက်စပ်ဆဲလ်များမှ Monoclonal Antibody ကို လူနာ၏ကိုယ်တွင်းသို့ ထိုးသွင်းပေးလိုက်သည်။ ထိုအခါ Antibody များက ကင်ဆာဖြစ်နေသော ဘီဆဲလ်များဆီသို့သာ သွားရောက်တွယ်ကပ်ကြသည်။ ထို့ကြောင့် လူ၏ ကိုယ်ခံအားစနစ်သည် မူမှန်ဆဲလ်များအား ထိခိုက်မှုမရှိစေဘဲ Monoclonal Antibody တွယ်ကပ်နေသော ဆဲလ်များကိုသာ ဖျက်ဆီးပစ်လိုက်ကြတော့၏။
(ခ) အဆိပ်မော်လီကျူးနှင့်တွဲဖက်၍
အဆိပ်မော်လီကျူး တစ်ခုခုနှင့်တွဲဖက်၍လည်း Monoclonal Antibody ကို ကင်ဆာဆဲလ်များအား သုတ်သင်နှိမ်နင်းရန်အတွက် အသုံးပြုနိုင်သည်။ Monoclonal Antibody ကို ရေဒီယိုအိုင်ဆိုတုပ် (Radioisotope) သို့မဟုတ် သေစေနိုင်သော အဆိပ်တစ်မျိုးမျိုးနှင့် ချိတ်ဆက်လိုက်သည်။ ထိုအခါ ကင်ဆာဆဲလ်ကို သတ်နိုင်သော ကိုယ်ခံအားအဆိပ်’ (Immunotoxin) ကို ရရှိသည်။ ဝမ်းလျှောရောဂါပိုး (Shigella) မှ ရရှိသော အဆိပ်နှင့် ဆုံဆို့နာပိုး (Diphtheria) မှရရှိသော အဆိပ်တို့အပါအဝင် အဆိပ်ပေါင်းမြောက်မြားစွာကို အသုံးပြုနိုင်သည်။ ယင်းအဆိပ်များကို Monoclonal Antibody နှင့် ချိတ်ဆက်ထားသောကြောင့် မူမှန်ဆဲလ်များကို တွယ်ကပ်ခြင်းမရှိဘဲ ယင်းတို့နှင့် အံဝင်ခွင်ကျဖြစ်နေသော ကင်ဆာဆဲလ်များကိုသာ သွားရောက်တွယ်ကပ်လျက် ဆဲလ်၏ ‘ပရိုတင်းထုတ်လုပ်မှု’ (Protein Synthesis) ကို ဟန့်တားလိုက်ခြင်းဖြင့် ယင်းဆဲလ်များကို သေဆုံးသွားစေသည်။ သို့သော် ‘ကိုယ်ခံအား အဆိပ်’ (Immunotoxin) မော်လီကျူးအနည်းငယ်သာ ကင်ဆာဆဲလ်ထုကြီးအား အမှန်တကယ်သွားရောက် တွယ်ကပ်နိုင်သောကြောင့် အသုံးပြုသည့်အဆိပ်မှာ လွန်စွာ ထိရောက်ပြင်းထန်မှုရှိရန် လိုအပ်ပေသည်။
COVID-19 ဗိုင်းရပ်စ်ပဟေဠိ
SARS-CoV-2 ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုက ယခုအခါ ကမ္ဘာကပ်ရောဂါကြီး ဖြစ်လာခဲ့သော်လည်း ဗိုင်းရပ်စ်၏ ပဋိလှုံ့ပစ္စည်း (Antigen) အကြောင်းကို ယခုအထိ အနည်းအကျဉ်းမျှသာ သိနားလည်ထားသေးသည်။
ထို့ကြောင့် ယခင် နာလန်ထ SARS လူနာမှ ခွဲခြားယူထားသည့် Antibody ဖြစ်သည့် CR3022 ၏ ဖွဲ့စည်းပုံကို SARS-CoV-2 ၏လက်တံ S ပရိုတင်း၏ ချိတ်တွယ်ရာနေရာ Receptor-binding Domain (RBD) နှင့် ပေါင်းစပ်လေ့လာလျက် ရှိသည်။
CR3022 သည် RBD ၏ အဖျားပိုင်းတွင်ရှိသော အကြီးအကျယ် ထိန်းသိမ်းထားသည့် လက်တံ (Epitiope) ကို ပစ်မှတ်ထားရာ ယင်းသည် SARS-CoV ဗိုင်းရပ်စ်နှင့် SARS-CoV-2 ဗိုင်းရပ်စ်တို့အကြား အပြန်အလှန် ဆက်နွှယ်မှု ရှိသည့် ချိတ်တွယ်ရာနေရာတစ်ခု ဖြစ်နိုင်သည်။
နောက်ထပ် ဖွဲ့စည်းပုံကို ဖော်ပြသော ပုံစံပြုများက အပေါ်ဘက် ဖွဲ့စည်းမှုနှင့် အနည်းငယ် လည်သွားသည့် ပုံသဏ္ဌာန်၌ S ပရိုတင်းပေါ်၌ အနည်းဆုံး RBD နှစ်ခုရှိသည့်အခါ ချိတ်တွယ်ရန် Epitope များကို CR3022 က သွားရောက် ချိတ်တွယ်နိုင်ကြောင်း ဖော်ပြနေသည်။
ထို့ကြောင့် SARS-CoV-2 ကို မှတ်မိသိရှိနိုင်သည့် Antibody ကို သိမြင်နိုင်ရန် မော်လီကျူးတစ်ခုကို လေ့လာလျက်ရှိကြောင်း သိရသည်။










