အလုပ်ပိတ်ရန် ညွှန်ကြားချက် အချိန်ကပ်၍ ထုတ်ပြန်ခဲ့မှုအပေါ် တောင်းပန်ကြောင်း အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတာဝန်ရှိသူများနှင့် သုံးပွင့်ဆိုင် အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အလုပ်ပိတ်ရန် ညွှန်ကြားချက် အချိန်ကပ်၍ ထုတ်ပြန်ခဲ့မှုအပေါ် တောင်းပန်ကြောင်း အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရတာဝန်ရှိသူများနှင့် သုံးပွင့်ဆိုင် အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 22 April 2020
ရှိုင်းလင်းအောင်

ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း အလုပ်ပိတ်ရန် ထုတ်ပြန်သော ညွှန်ကြားချက် အချိန်ကပ်၍ ထုတ်ပြန်ခဲ့မှုအပေါ် တောင်းပန်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ရက် နံနက်ပိုင်းတွင် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ တာဝန်ရှိသူများ သုံးပွင့်ဆိုင် အွန်လိုင်းဆွေးနွေးပွဲတွင် ပြောကြားသည်။

COVID-19 ကာလတွင် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်သမားများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး၊ UMFCCI တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့နှင့် လူမှုကွန်ရက် ဖေ့စ်ဘွတ်မှတဆင့် အပြန်အလှန် ဆွေးနွေးကြသည်။

အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်ခိုင်ခိုင်နွယ်က ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ အလုပ်ပိတ်ရန် ညွှန်ကြားချက်အား ဧပြီ ၁၉ ရက် ညပိုင်းမှ ကြေညာသည့်အတွက် လိုက်နာပြင်ဆင်ရန် အခက်အခဲများစွာ ရှိခဲ့ကြောင်း၊ ပြင်ဆင်ချိန် နည်းပါးခဲ့သည့်အတွက် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း၊ ညွှန်ကြားချက် မရှင်းလင်းသည့်အတွက် စားသောက်ကုန်လုပ်ငန်းနှင့် ရေသန့်လုပ်ငန်းအချို့ ပိတ်ခဲ့ရကြောင်း ပြောကြားသည်။

ထိုသို့ တင်ပြဆွေးနွေးမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားချက် ထုတ်ပြန်မှု အချိန်ကပ်သွားသည့်ကို လက်ခံကြောင်းနှင့် တောင်းပန်ပါကြောင်း အခြေအနေအရ အမြန်ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ညွှန်ကြားချက်တွေ ထုတ်တာ သိပ်ပြီး ကပ်သွားတယ်ဆိုတာ ဒါလည်း လက်ခံပါတယ်။ တောင်းပန်ပါတယ်။ အခြေအနေအရပေါ့။ မြန်မြန်ထုတ်ဖို့ လိုတယ်ဆိုလို့ ထုတ်လိုက်တာ။  တကယ်တော့လည်း စောစောစီးစီးထဲက စဉ်းစားပြီး ထုတ်သင့်တယ်ဆိုတာ သဘောပေါက်ပါတယ်။ နောက်ဆို အချိန်မီဖြစ်အောင်လို့ ကြိုတင်ထုတ်ဖို့ စီစဉ်ပါ့မယ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

မရှင်းလင်းသော ညွှန်ကြားချက်များကို ပြန်လည်ကြည့်ရှု၍ ပိုမိုရှင်းလင်း တိကျအောင် အမြန်ဆုံး လုပ်ဆောင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က မှော်ဘီမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် လက်ရှိအချိန်ထိ စက်ရုံပိတ်ခြင်း မရှိသေးဘဲ လုပ်ငန်း လည်ပတ်နေသော စက်ရုံများအား တင်ပြခဲ့သည်။ ယင်းအပြင် နယ်ပြန်သွားသော စက်ရုံဝန်ထမ်းများကို လှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ပြန်လည်လက်ခံခြင်း မရှိမှု အခြေအနေများ၊ အလုပ်သမားများ အဆောင်၌ နေထိုင်ရာတွင် ခြောက်ပေအကွာ နေထိုင်နိုင်ခြင်း မရှိသော အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်  စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက် အတွင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် အသိပေးပေးချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်သော ညွှန်ကြားစာတွင် ဧပြီ ၂၀ ရက်တွင် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်များ၊ စက်ရုံများသို့ သွားရောက်၍ အလုပ်လုပ်ရမည် သို့မဟုတ် မလုပ်ရဟူ၍ ရှင်းရှင်းလင်းလင်း ရေးသားထားခြင်း မရှိပေ။ အစိုးရညွှန်ကြားချက် ထုတ်ပြန်မှု နောက်ကျခြင်းကြောင့် ဧပြီ ၂၀ ရက်တွင် စက်ရုံ၊ အလုပ်ရုံအချို့ လုပ်ငန်းခွင်ပြန်လည် လည်ပတ်မှုများ ရှိခဲ့သည်။

 

 

Most Read

Most Recent